ဆရာတော်တပါး ကျောင်းသူလေးများအား အဓမ္မပြုကျင့်ဟု စွပ်စွဲခံရ
ဖနိဒါ
|
ကြာသပတေးနေ့၊ ဂျူလိုင်လ ၁၆ ရက် ၂၀၀၉ ခုနှစ် ၁၈ နာရီ ၂၃ မိနစ်
ချင်းမိုင်(မဇ္ဈိမ) ။ ။ မူလတန်း ကျောင်းသူလေးများကို အဓမ္မ ပြုကျင့်သည်ဟူ၍ စွပ်စွဲကာ မိတ္ထီလာမြို့နယ်တွင် တည်ရှိသည့် ကျေးရွာတရွာမှ ကျောင်းထိုင် ဆရာတော်တပါးကို မြို့နယ်ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားကြောင်း ကလေးများ၏ ဆွေမျိုးများက ပြောသည်။
မိတ္ထီလာမြို့နယ် ဂဠုန်ကုန်းကျေးရွာအုပ်စု ဂဠုန်ကျေးရွာမှ ‘ရွာဦးကျောင်း’ ကျောင်းထိုင်ဆရာတော် (သက်တော် ၄၁ နှစ်) သည် အမှတ် ၆၉ မူလတန်းကျောင်း ကျောင်းသူ အသက် ၈ နှစ်နှင့် ၁ဝ နှစ်ရှိ ကလေးငယ် နှစ်ဦးအား အဓမ္မ ပြုကျင့်ခဲ့သည်ဟု စွပ်စွဲကာ ရဲစခန်းတွင် အမှုဖွင့်ထားခြင်း ဖြစ်သည်။
“အင်္ဂလိပ် ၆ လ (ဇွန်လ) ၂၂ ရက်နေ့က သမီးကို အဲဒီလို လုပ်ခံရတာပါ။ ၃ နာရီလောက်မှာ ကျမ တောထဲကနေ ပြန်လာတော့ သမီးမျက်နှာ မသာမယာ ဖြစ်နေလို့ ဘာလို့ ငိုထားရတာလဲလို့ မေးတော့ သမီးကို ဘုန်းကြီးက အဓမ္မ လုပ်တယ်ဆိုတာ ပြောပြတယ်” ဟု ကလေးမတဦး၏ မိခင်က မဇ္ဈိမကို ပြောသည်။
ယခု ဖြစ်ပွားမှုအား ယခင်လ ၂၃၊ ၂၄ ရက်နေ့များတွင် ဂဠုန်ကျေးရွာရှိ ဆယ်အိမ်မှူး ဦးချစ်ထွေး၊ ဦးမြင့်လှိုင်နှင့် ရဝတ ဦးစံဝင်းတို့ကို တိုင်ပင်ကာ ဇွန်လ ၂၅ ရက်နေ့တွင် မိတ္ထီလာ အမှတ် (၁) ရဲစခန်းသို့ ကလေးငယ် နှစ်ဦးနှင့်အတူ မိဘများက သွားရောက်တိုင်ကြားခဲ့သည်။ သို့သော်လည်း အရေးယူဆောင်ရွက်ခြင်း မရှိသောကြောင့် ဇွန်လ ၃ဝ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံ တိုင်ကြားခဲ့သည်။
ဇူလိုင်လ ၁ ရက်နေ့တွင်မူ ယင်းရဲစခန်းမှ ရဲတပ်ကြပ်ကြီး ကျော်စွာဝင်းက ဂဠုန်ကျေးရွာသို့ သွားရောက်၍ အဓမ္မကျင့်ခံရသည့် ကလေးငယ်များ၏ မိဘများအား စစ်ဆေးခဲ့သော်လည်း ယနေ့ထိ ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံရသည့် ဆရာတော်အား ခေါ်ယူစစ်ဆေးခြင်း မရှိသေးပါ။
“ဒီနေ့ ၁၆ ရက်တောင် ရောက်သွားပြီ။ လူမှုရေးလည်း လက်တွေ့ ခံထားရတယ်။ ကလေးက ကျောင်းလည်း မသွားချင်။ အများကြီး နစ်နာနေတယ်လေ။ နိုင်ငံတော်ရဲ့ တည်ဆဲ ဥပဒေအရ တင်ပြလိုက်တာလေ။ ဒီအမှု အမှန်ကိုလည်း အမြန်ဆုံး ဆောင်ရွက်ပေးစေချင်တယ်” ဟု ကလေးငယ်တဦး၏ ဦးလေးဖြစ်သူက မဇ္ဈိမကို ပြောသည်။
ရဲစခန်းသို့ အမှုအခြေအနေသိရှိနိုင်ရန် သွားရောက်စုံစမ်းသော်လည်း စခန်းမှူးက အမှုအား စစ်ဆေးနေဆဲဖြစ်ပြီး အမြန်ဆုံးဆောင်ရွက်ပေးမည်ဟုသာ ဖြေကြားခဲ့သည်ဟု သူက ပြောသည်။
မိတ္ထီလာမြို့နယ် အမှတ် (၁) ရဲစခန်းသို့ မဇ္ဈိမက မေးမြန်းရာ တာဝန်မှူး ဒုရဲအုပ်ဆိုသူက “ဘုန်းကြီးတွေနဲ့ ကလေးတွေ ကိစ္စလား။ အမှုဖွင့်ထားတယ်လို့ သိရပါတယ်ခင်ဗျာ။ ကျန်တာတော့ မသိဘူးခင်ဗျာ” ဟု ပြန်လည်ဖြေကြားသည်။
ဇွန်လ ၂၂ ရက်နေ့တွင် ကလေးမနှစ်ဦးအား ဆရာတော်က စာသင်နေချိန်တွင် တီဗီ အခန်းတွင်းသို့ ခေါ်ယူကာ အဓမ္မ ပြုကျင့်ခဲ့သည်ဟု ကာယကံရှင် ကလေးမတဦးက ပြောသည်။
“သမီးကို လုပ်တာ ၁ဝ ကြိမ်ကျော်ပါတယ်။ ဦးဇင်းက အမေကို တိုင်ရင် ရိုက်မယ်၊ သတ်မယ်လို့ ပြောတယ်။ ဒါကြောင့် အမေကို မပြောရဲတာ။ သမီး သူငယ်ချင်း ၄ ယောက်ကိုလည်း လုပ်တယ်” ဟု သူက မဇ္ဈိမကို ပြောသည်။
ကျောင်းအုပ် မရှိသည့် ယင်းကျောင်းတွင် ကျောင်းသူ-သား ၆ဝ ကျော်ရှိပြီး ဆရာ ၂ ဦးသာ ရှိသောကြောင့် ဆရာတော်က ကလေးငယ်အချို့ကို စာသင်ကျောင်းနှင့် ကိုက် ၁ဝဝ ကျော်ခန့်အကွာရှိ ဘုန်းကြီးကျောင်းတွင် စာသင်ကြားပေးနေခြင်း ဖြစ်သည်။
ကလေးမ နှစ်ဦးအား ယခုလ ၂ ရက်နေ့က မိတ္ထီလာ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ပြုလုပ်ရာ တာဝန်ရှိ ဆရာဝန်က ကလေးနှစ်ဦးအား ကျန်းမာရေး ဂရုစိုက်ပေးရန်သာ မှာကြားခဲ့သည်ဟု မိခင်တဦးက ပြောသည်။
“ပြည်သူ့ဆေးရုံကြီး ပါရဂူကြီးကို ကလေးတွေကို ဘယ်လို ဂရုစိုက်ရမှာလဲလို့ မမေးမိလိုက်ဘူး။ ဘာဖြစ်တယ်ဆိုတဲ့ ဆေးစစ်ချက်ကို အခုထိ ဘာမှ မသိရသေးဘူး” ဟု သူက ပြောသည်။
မိဘများက ကလေးငယ် နှစ်ဦးအား ယနေ့ထိ ကျောင်းသို့ ပြန်မပို့ရဲသေးကြောင်း သိရသည်။