တောင်ကုတ် လွှတ်တော်ကိုယ်စားလှယ် ထောင်ဒဏ် ၂ နှစ်
ဖနိဒါ
|
တနင်္လာနေ့၊ ဂျူလိုင်လ ၁၃ ရက် ၂၀၀၉ ခုနှစ် ၂၂ နာရီ ၁၉ မိနစ်
ချင်းမိုင် မဇ္ဈိမ ။ ။ တောင်ကုတ်မြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးကျော်ခိုင်အား တောင်ကုတ်မြို့နယ် တရားရုံးမှ အသားရေဖျက်မှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း ရခိုင်ပြည်နယ်စည်း တွဲဘက်အတွင်းရေးမှူး ဦးသိန်းလှိုင်က ပြောသည်။
တောင်ကုတ်မြို့နယ် အန်အယ်ဒီ စည်းရုံးရေး ကော်မတီ ဥက္ကဌနှင့် ပြည်နယ် စည်းရုံးရေးကော်မတီ ဒု ဥက္ကဌလည်း ဖြစ်သူ ဦးကျော်ခိုင်အား (၈၇ နှစ်) အား ဂုဏ်သိက္ခာ ညိုးနွမ်းအောင် လုပ်ဆောင်မှု ပုဒ်မ ၅၀၀ ဖြင့် ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။
“၂၀၀၈ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့မှာ ဦးကျော်ခိုင်က တောင်ကုတ်မြို့နယ်စည်း ဦးသန်းဖေနဲ့ ကိုမျိုးမြင့် ခေါ် ဘန်ထီးတို့ကို အကြောင်းကြားတဲ့ စာပေါ် အမှုစွဲလိုက်တာ။ ဒီအမှုကို တရားရုံးက ဒီကနေ့ ထောင် ၂ နှစ်ချလိုက်တယ်”ဟု ရခိုင်ပြည်နယ် စည်းရုံးရေး ကော်မတီ တွဲဘက် အတွင်းရေးမှူး ဦးသိန်းလှိုင်က မဇ္ဈိမသို့ ပြောသည်။
အန်အယ်ဒီ တောင်ကုတ်မြို့နယ်ကော်မတီ၏ သဘောတူညီချက်မပါပဲ တောင်ကုတ်မြို့နယ် စည်းရုံးရေးကော်မတီ ဒု-ဥက္ကဌ ဦးသန်းဖေနှင့် ကိုမျိုးမြင့် ခေါ် ဘန်ထီးတို့က လူမှုအဖွဲ့ဟုဆို၍ မြို့ပေါ်ရပ်ကွက်များတွင် အလှူငွေ ကောက်ခံသည်ကို လာရောက် ရှင်းလင်းရန် ၎င်းတို့ (၂) ယောက်ထံ ဦးကျော်ခိုင်က စာပို့ခဲ့ခြင်းဖြစ်သည်။
အဆိုပါစာနှင့် ပတ်သက်ပြီး ဦးသန်းဖေနှင့် ကိုမျိုးမြင့် ခေါ် ကိုဘန်ထီးတို့က ၎င်းတို့၏ ဂုဏ်သိက္ခာ ကို ညိုးနွမ်းအောင်လုပ်သည်ဟု ဆိုကာ ယခုနှစ် မေလ ပထမပတ်က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အန်အယ်ဒီအဖွဲ့ဝင်များအား တရားစွဲခြင်းကို အာဏာပိုင်များက အမြန်လက်ခံ၍ စီရင်ချက်များ ချမှတ်နေကြောင်း ယခု တရားစွဲထောင်ချမှုအပေါ် အခြေခံ၍ နိုင်ငံရေးအမှုများကို လိုက်ပါ ဆောင်ရွက်ပေးနေသော ရှေ့နေကြီးက မှတ်ချက်ချပြောဆိုသည်။
“အခုတော့ အန်အယ်ဒီ ဖြစ်နေတဲ့အတွက် အဖွဲ့ဝင် ဖြစ်ရုံနဲ့ ပြသနာပေါ်ရင် ရဲစခန်းတွေ၊ တရားရုံး တွေကတော့ အမြန်လက်ခံတယ်။ ထောင်ချဖို့ မြန်မြန်ဆောင်ရွက်တယ်။ ဒီလို လွတ်တော် ကိုယ်စားလှယ်ကို ဒီလို တရားစွဲဆိုလာတဲ့ အတွက်ကြောင့် သူတို့အတွက် အခွင့်ကောင်းယူ။ စီမံချက်နဲ့ minimum (အနည်းဆုံး) တောင်မဟုတ်ဘူ။ maximum (အမြင့်ဆုံး)ထိ ထောင်ချတယ်” ဟု ရှေ့နေကြီး ဦးအောင်သိန်း မဇ္ဈိမသို့ ပြောသည်။
ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးကျော်ခိုင်သည် လတ်တလော ဝမ်းရောဂါဖြစ်နေပြီး အားနည်းနေသော်လည်း သံတွဲထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
သူသည် ၂၀၀၇ ခုနှစ် စက်တင်ဘာ ဆန္ဒပြမှုနှင့် ပတ်သက်၍ ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်ခံခဲ့ရ သော်လည်း သံတွဲထောင်၌ တလသာ နေခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်သည်။
အန်အယ်ဒီ တောင်ကုတ်မြို့နယ် စည်းရုံးရေးကော်မတီ ဒုဥက္ကဌ ဦးသန်းဖေအား အဖွဲ့ချုပ်၏ ဥပဒေ စည်းကမ်းများအား ချိုးဖောက်သဖြင့်ဟုဆိုကာ ယခုနှစ် မတ်လ ၅ ရက်နေ့၌ တာဝန် ရပ်စဲလိုက်ပြီး ဖြစ်သည်။