တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ပုစွန်လုပ်ငန်းမှ ဆားငန်ရေများ ဝင်ရောက်သဖြင့် လယ်မြေပျက်စီး

ပုစွန်လုပ်ငန်းမှ ဆားငန်ရေများ ဝင်ရောက်သဖြင့် လယ်မြေပျက်စီး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်



ရန်ကုန်။ ။ ရေငန်ပုစွန်ဖမ်း လုပ်ငန်းများက အဆင်အခြင်မဲ့ ရေအထုတ်အသွင်း လုပ်သဖြင့် လယ်များအတွင်း ရေငန်ဝင်သောကြောင့် ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ပြင်စလူကျွန်းပေါ်တွင် လယ်မြေအများအပြား စပါးစိုက်မရကြောင်း ဒေသခံများအဆိုအရ သိရသည်။

ယခုနှစ်တွင် လေလံပစ်၍ လုပ်ပိုင်ခွင့်ပေးထားသော လုပ်ငန်းရှင်များက ကျွန်းကို ဆားငန်ရေ ဝင်ရောက်မှုကို ဟန့်တားနိုင်ရန် ပြုလုပ်ထားသည့် ပတ်တာ (ကျွန်းကို ပတ်ပတ်လည် ကာရံထားသည့်တာ) ကို ဖွင့်၍ ရေသွင်းရေထုတ် ပြုလုပ်ကာ ပုစွန်ဖမ်းသဖြင့် လယ်များအတွင်း ဆားငန်ရေဝင်ကာ ပျက်စီးကုန်ခြင်း ဖြစ်သည်။

“ရွာက ရယက (ကျေးရွာကောင်စီ) အဖွဲ့တွေက ပတ်တာကို တနှစ် သိန်း ၃၀ နဲ့ ကန်ထရိုက်ပေးလိုက်တယ်။ ပုစွန်သမားက ဒီပတ်တာကို တောက်လျှောက် ရေသွင်းလိုက်၊ ရေထုတ်လိုက်လုပ်ပြီး ပုစွန်ထောင်တော့တာပဲ။ လယ်တွေကိုပါ ရေဝင်ပြီး ပျက်စီးကုန်တယ်” ဟု ပြင်စလူကျေးရွာမှ လယ်သမားတဦးက မဇ္ဈိမကို ပြောသည်။

၂၀၀၈ ခု နာဂစ်မုန်တိုင်းကြောင့် လယ်များအတွင်း ပင်လယ်ဆားငန်ရေများ ဝင်ရောက်ပြီး ရွာရှိ လယ်ဧကများစွာ ပျက်စီးကုန်သဖြင့် အနည်းငယ်သာ
စိုက်ပျိုးနိုင်ခဲ့သည့်အပြင် ယခုနှစ်တွင်လည်း စပါးများ ပျိုးကြဲပြီးချိန်တွင် လယ်များအတွင်း ဆားငန်ရေဝင်သဖြင့် ပျိုးပင်များသေကုန်သည်။

“မုန်တိုင်းတိုက်ပြီး ဆားငန်ရေဝင်တော့ ဧက ၁၀၀၀ ကျော်မှာ ၂၀၀ လောက်ပဲ စိုက်လို့ရတယ်။ အဲဒီဧက ၂၀၀ ကလည်း အရင် တဧကကို တင်း ၅၀ လောက် ထွက်တာကနေ ၂၀ လောက်ပဲ ထွက်တော့တယ်။ စိုက်စရိတ်တောင် မကျေဘူး။ ဒါပေမဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ထောက်ပံ့မှုတွေနဲ့ လယ်သမားတွေ အဓိက မှီခို စားသောက်နေခဲ့ရတာ။ အခုနှစ်ပါ ဆက်ပြီး လယ်တွေ ပျက်စီးတယ်ဆိုတော့ ကျနော်တို့လည်း ဘာလုပ်ရမှန်း မသိတော့ဘူး” ဟု လယ်ဧက ၅ဝ ကျော်ပိုင်ဆိုင်ပြီး ယခုနှစ်တွင် ဆားငန်ရေ ဝင်ရောက်မှုကြောင့် ပျိုးပင်များ ပျက်စီးဆုံးရှုံးခဲ့သူ လယ်သမားကြီးက ပြောသည်။

မုန်တိုင်းသင့် ဒေသ အများအပြားတွင် ပုစွန်-ငါးဖမ်းနှင့် လယ်စိုက်ပျိုးသည့် လုပ်ငန်းများကို ထက်ဝက်ခန့်စီ လုပ်ကိုင်နေကြသည်။

ရေငန်ဝင်သဖြင့် စပါးစိုက်ခင်းများ ပျက်စီးရသည့်ကိစ္စကို ဒေသအာဏာပိုင်များထံ ပြောပြခဲ့သော်လည်း နာဂစ်ဒေသ ပြန်လည်ထူထောင်ရေး ရန်ပုံငွေရရန်အတွက် ကန်ထရိုက်ပေးခွင့်ပြုခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။

“တကယ်တမ်းကျတော့ ဒီစီးပွားရေးသမားဆီက ရတဲ့သိန်း ၃၀ ဆိုတာ လယ်တွေစိုက်လို့မရတဲ့ ဆုံးရှုံးမှု ပမာဏနဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူး။
ပြင်စလူကျွန်းပေါ်မှာ လယ်ဧက ၁၀၀၀ ကျော် ရှိတယ်။ ဒီပတ်တာကြောင့် ဆားငန်ရေ ဝင်ကုန်တော့ လယ်တဝက်လောက်က စိုက်လို့ မရတော့ဘူး“ ဟု လယ်သမားက ခန့်မှန်းပြောဆိုသည်။


ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့ (UN Food and Agriculture Organization - FAO) မှ မြန်မာနိုင်ငံ တာဝန်ခံအရာရှိကလည်း အဆိုပါ ဒေသများအတွင်း တာပေါင် (ပတ်တာ) ဖို့ရန် အရေးတကြီး အကူအညီ လိုအပ်နေကြောင်း မဇ္ဈိမကို မကြာသေးခင်က ပြောဆိုခဲ့သည်။

အရာရှိ ရှင်းအီမှာအို Shin _mao က “အနည်းဆုံး ကီလိုမီတာ ၁၀၀၀ လောက် တာပေါင်ပြင်ဖို့ ဒါမှမဟုတ် ပင်လယ်ရေ မဝင်နိုင်အောင် ပိုပြီးမြင့်အောင်ဖို့ဘို့ လိုအပ်နေပါတယ်။ အခုကတော့ ကီလိုမီတာ ၁၀၀ လောက်ပဲ ကောင်းကောင်း ပြင်ရသေးတာပါ” ဟု ဆိုသည်။

လယ်မြေများအတွင်း ဆားငန်ရေ ထပ်မံ၍ မဝင်ရောက်နိုင်ရေးအတွက် ကြိုတင်လုပ်ဆောင်ထားရန် အရေးကြီးသလို၊ ကုန်ကျငွေအားဖြင့် အနည်းဆုံး ဒေါ်လာသန်း ၁၀၀ လိုအပ်နိုင်ကြောင်းနှင့် ဆားငန်ရေ ဝင်ရောက်မှုကြောင့် လယ်မြေများသာမက အရေးကြီးသည့် ရေအရင်းအမြစ်များပါ ပျက်စီးရကြောင်း သူက ဆက်ပြောသည်။

ဖျာပုံမြို့နယ်ရှိ လယ်သမားတဦးကမူ သူတို့၏ မြို့နယ်တဝိုက်တွင် ဆားငန်ရေ ဝင်ရောက်သည့် အန္တရာယ်ကို ကြိုတင် ကာကွယ်ထားသဖြင့် စပါးခင်းများ ပျက်စီးခြင်း မရှိကြောင်း ပြောသည်။

“ဒီဘက်မှာတော့ မရှိသေးပါဘူး။ တာပေါင် (ပတ်တာ) ကို လူနှစ်ရပ်သုံးရပ်စာလောက် ဖို့လိုက်တယ်လေ။ ဆားငန်ရေ ဝင်လို့ကတော့ စပါးတွေ အကုန်အစင် ဖြစ်ကုန်မှာပေါ့” ဟု သူက ပြောသည်။

ဖျာပုံနယ်ဘက်တွင် လယ်သမားများသည် ပြီးခဲ့သည့်လမှစပြီး ချေးငွေများ စတင်ရရှိရာ တဧကလျှင် ကျပ်ငွေ ၃ သောင်းနှုန်းဖြစ်ကာ အတိုးနှုန်းမှာ ၂ ကျပ်ခွဲ ဖြစ်သည်။ လပွတ္တာမြို့နယ်တဝိုက်မှ လယ်သမားများမှာမူ တဧကလျှင် ကျပ်ငွေ တသောင်းနှုန်း ချေးငွေ ရရှိကြသည်။