စနေ, ၁၃ မတ် ၂၀၁၀

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ပထမဆုံး A (H1N1) တုပ်ကွေး တွေ့ရှိရသူ ဆေးရုံမှ ဆင်းပြီ

ပထမဆုံး A (H1N1) တုပ်ကွေး တွေ့ရှိရသူ ဆေးရုံမှ ဆင်းပြီ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်



ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် A (H1N1) တုပ်ကွေးရောဂါ ပထမဆုံး တွေ့ရှိရသူ ၁၃ နှစ်အရွယ် အမျိုးသမီးငယ်သည် ကျန်းမာရေး အခြေအနေ ကောင်းမွန်သဖြင့် ယမန်နေ့က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြသည်။

လူနာနှင့် ဆက်စပ်ပတ်သက်မှု ရှိနေသူများသည်လည်း ရောဂါကူးစက်ခြင်း မရှိသဖြင့် ၎င်းတို့အား “ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများ” ရုတ်သိမ်းခဲ့ကြောင်းလည်း သတင်းစာ၌ ဖော်ပြထားသည်။

ရောဂါတွေ့ရှိသည့် မိန်းကလေးငယ်သည် ၎င်း၏မိသားစုနှင့်အတူ ဇွန်လ ၂၁ ရက်နေ့တွင် စင်္ကာပူနိုင်ငံသို့ အလည်အပတ် သွားရောက်ခဲ့ပြီး ဇွန်လ ၂၆ ရက်နေ့တွင် ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ရန်ကုန်လေဆိပ်၌ ကျန်းမာရေးစစ်ဆေးခဲ့စဉ်က အဖျားမရှိသော်လည်း သူငယ်ချင်းများနှင့်အတူ စာဖတ်ဝိုင်းသို့သွားရောက်စဉ် ချောင်းဆိုးနေသည်ကို သတိထားမိသော ဆရာမက မိဘများနှင့်တိုင်ပင်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်စစ်ဆေးခိုင်းရာမှ ဇွန်လ ၂၇ ရက်နေ့တွင် A (H1N1) ရောဂါရှိကြောင်း အတည်ပြုတွေ့ရှိခဲ့သည်။

ရန်ကုန်ဆေးရုံကြီး သီးသန့်အခန်းတွင်ထား၍ အထူးကုသမားတော်ကြီးများဖြင့် ကုသခဲ့ရာမှ ယခုအခါ ကျန်းမာရေး အခြေအနေ ကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

မိန်းကလေးငယ်၏ မိသားစုဝင်များ၊ စာဖတ်ဝိုင်းမှ သူငယ်ချင်းများ၊ ဆရာမ စုစုပေါင်း ၁၃ ဦး၊ စင်္ကာပူမှ သူမ လိုက်ပါလာသည့် လေယာဉ်မှ ဝန်ထမ်းများနှင့် ခရီးသည် စုစုပေါင်း ၉၁ ဦး၊ ရန်ကုန်လေဆိပ်မှ တာဝန်ကျဝန်ထမ်း ၁၅၉ ဦး တို့အား ရောဂါရှိမရှိ စောင့်ကြပ်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ယခုအခါ ရောဂါကူးစက်နိုင်ခြေရှိသောကာလ ၁ဝ ရက်ကျော်လွန်ပြီဖြစ်၍ ယခုလ ၆ ရက်မှစ၍ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ရုတ်သိမ်းခဲ့ပြီဖြစ်ကြောင်း သတင်းစာထဲတွင် ဖော်ပြထားသည်။

သို့သော် ရောဂါတွေ့ရှိရသည့် မိန်းကလေးငယ်အား ဓာတ်ပုံသွားရောက်ရိုက်ယူခဲ့သူ Weekly Eleven ပြည်တွင်းဂျာနယ်မှ သတင်းထောက် ကိုဝင်းမြင့်ကျော်အား ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း ရုတ်သိမ်းမှု ရှိမရှိကိုမူ ရှင်းလင်းစွာ ဖော်ပြခြင်း မတွေ့ရပေ။

A (H1N1) ရောဂါပိုး ပြည်ပမှ ဝင်လာနိုင်ခြင်းမရှိစေရန် ကာကွယ်သည့်အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၊ ဆိပ်ကမ်းများနှင့် နယ်စပ်ဝင်ပေါက်များတွင် စောင့်ကြပ်စစ်ဆေးခဲ့ရာ ယခုလ ၆ ရက်နေ့အထိ လူပေါင်း ၁ သန်း ၇ သိန်းကျော်ရှိသည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဆိုထားသည်။

ကမ္ဘာတဝန်း နိုင်ငံပေါင်း ၁ဝဝ ကျော်တွင် A (H1N1) ဖြစ်ပွားသူ ၉ သောင်း ၄ ထောင်ကျော်ရှိပြီး သေဆုံးသူ ၄၂၉ ဦး ရှိသွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဖော်ပြသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံတွင်မူ ဖြစ်ပွားသူ ၂၇၂၅ ဦး ရှိသွားပြီဖြစ်ကာ၊ သေဆုံးသူ ၁၃ ဦးရှိကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာ၌ ယနေ့ ရေးသားဖော်ပြထားသည်။


 

Editor's choice

အမွန်းကျပ်ဆုံး အချိန်

ယခင်အာဏာရှင် ဦးနေဝင်းအစိုးရလက်ထက် ဖျက်သိမ်းခံလိုက်ရသော ဟံသာဝတီ သတင်းစာ၏ အယ်ဒီတာ၊ အမျိုးသားဒီမိုကရေစီ ...

မြန်မာရွေးကောက်ပွဲ ဥပဒေကို စိတ်ပျက်လှကြောင်း အမေရိကန်ပြော

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၁၀၀ ကျော်သော နိုင်ငံရေး ...

ရွေးကောက်ပွဲ ဥပဒေက ပြည်ပနေ မြန်မာများအတွက် ပီပြင်မှု မရှိ

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက စီးပွားရေးနှင့် နိုင်ငံရေးကြောင့် ပြည်ပတွင် ပြန့်နှံ့ရောက်ရှိနေသော မြန်မာသန်းပေါင်းများစွာ၏ ...

ဘန်ကောက်ကို လေဖြတ်အောင် လုပ်ရန် ရှပ်နီများကြံ

ယခုသီတင်းပတ်ကုန်များတွင် အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများ ပေါ်ပေါက်နိုင်သဖြင့် ထိုင်းနေပြည်တော်မှာ အရေးပေါ် ...