သောကြာ, ၁၂ မတ် ၂၀၁၀

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ကျောက်စိမ်းဒေသ ဖားကန့်တွင် မြေပြိုသဖြင့် လူသေဆုံးမှု ဖြစ်ပွား

ကျောက်စိမ်းဒေသ ဖားကန့်တွင် မြေပြိုသဖြင့် လူသေဆုံးမှု ဖြစ်ပွား

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်



ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာပြည်မြောက်ပိုင်း ကမ္ဘာကျော် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသတွင် ယခုလ ၄ ရက်နေ့က မြေပြိုမှု ဖြစ်ပွားခဲ့သဖြင့် အနည်းဆုံး လူ ၃၀ ခန့် သေဆုံးခဲ့ကြောင်း ဒေသခံများ အပြောအရ သိရသည်။

ကချင်ပြည်နယ်အတွင်း တည်ရှိသည့် ဖားကန့်တွင် ပြီးခဲ့သည့်တပတ်မှ စတင်၍ အဆက်မပြတ် မိုးရွာသွန်းခဲ့သဖြင့် ကျောက်စိမ်းတူးရာ ဥရုချောင်းတလျှောက်ရှိ ကျောက်စိမ်းတွင်းများမှ စွန့်ပစ်မြေစာပုံများ ပြိုကျသောကြောင့် ယခုလို လူသေဆုံးမှု ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။

“ဥရုချောင်းတလျှောက်မှာ ရှိတဲ့လူတွေရော၊ အိမ်တချို့ရော ချောင်းထဲမျောသွားတယ်။ တပတ်လောက်ရှိပြီ။ ကလပ်ကုန်းတို့ မြေစာပြိုပြီးတော့ အိမ်တွေ၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းတွေ၊ လူတွေလည်း တော်တော်များများ ပါသွားတယ်။ လမ်းတွေလည်း သွားမရ ဖြစ်နေတယ်။ ဆိုင်းတောင်မြို့၊ လုံးခင်းမြို့တွေဆို ရေတွေ ဖုံးနေတုန်းပဲ” ဟု ဖားကန့်မြို့မှ ဒေသခံတဦးက ပြောသည်။

ချောင်းဘေးရှိ လူနေအိမ်များ ရေနစ်ကုန်သဖြင့် ရေလွတ်ရာ ကုန်းပေါ်သို့ လူအများ ထွက်ပြေးခဲ့ကြရသည်။

သေဆုံးမှုတွင် မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှ လာရောက်၍ ကျောက်တူးလုပ်ငန်း လုပ်ကိုင်သူအချို့နှင့် ဒေသခံအချို့ ပါဝင်သွားခဲ့ပြီး၊ ရုပ်အလောင်းများသည် မြေအောက်တွင် နစ်မြုပ်ကုန်သဖြင့် ပြန်လည်တူးဖော်ရန် မလွယ်ကူကြောင်း ဒေသခံများက ဆိုသည်။

ကျောက်စိမ်းနှင့် ရွှေ ထွက်ရှိသည့် ဖားကန့်ဒေသတွင် မြေပြိုကျမှု ဖြစ်ပွားလေ့ရှိသော်လည်း အဆက်အသွယ် ပြတ်တောက်သည့် ဒေသဖြစ်သဖြင့် သတင်း ထွက်ပေါ်မှု နည်းပါးလေ့ရှိသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လကုန်ပိုင်းတွင်လည်း မိုးများ ဆက်တိုက်ရွာသွန်းသဖြင့် မြေစာများ ပြိုကျကာ လူဦးရေ ၂၀ ခန့် သေဆုံးခဲ့သေးသည်။


 

Editor's choice

စစ်အစိုးရက ရွေးကောက်ပွဲ ပြင်ချိန် အတိုက်အခံ သဘောကွဲ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ မှာ ရွေးကောက်ပွဲတွေ ကျင်းပလိမ့်မယ်လို့ လူတိုင်းကို လိုက်ပြောနေပေမယ့် အရာအားလုံးကိုတော့ လျှို့ဝှက်ထား ......

မြန်မာ ၂၁ ဦးပါ သင်္ဘောကို ဆိုမာလီဓါးပြများ ပြန်ပေးဆွဲ

မြန်မာနိုင်ငံသား ၂၁ ဦး ပါဝင်သည့်  နော်ဝေးနိုင်ငံသားပိုင် UTB Ocean သင်္ဘောကို ဆိုမာလီပင်လယ် ဓါးပြများက ယခင်အပတ်က...

ခြံရောင်းရန် ကြိုးစားသူကို ဒေါ်စု တရားစွဲမည်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ နေထိုင်သည့် ခြံဝင်းအတွင်းမှ မြေကွက်အချို့ကို ရောင်းချရန် ကြိုးစားနေသည့် ဆွေမျိုးတော်စပ်သူ...

ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ မဇ္ဈိမက လက်ခံရရှိ

စစ်အစိုးရက မနက်ဖြန်တွင် သတင်းစာမှတဆင့် ထုတ်ပြန်မည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ မိတ္တူကို မဇ္ဈိမက လက်ခံရရှိထားသည်။...