သောကြာ, ၀၃ စက်တင်ဘာ ၂၀၁၀

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > KNLA တပ်မဟာ ၇ နယ်မြေ လေးပုံတပုံ လက်လွှတ်ဆုံးရှုံး

KNLA တပ်မဟာ ၇ နယ်မြေ လေးပုံတပုံ လက်လွှတ်ဆုံးရှုံး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်



ချင်းမိုင် ။ ။ KNU ၏ လက်နက်ကိုင်တပ် KNLA မှ တပ်မဟာ ၇ ထိန်းချုပ်သည့် ဘားအံခရိုင်ရှိ နယ်မြေ ၂၅ ရာခိုင်နှုန်းခန့်ကို နအဖ နှင့် ဒီကေဘီအေ ပူးတွဲတပ်များက ထိန်းချုပ်ထားပြီဖြစ်ကြောင်း သိရသည်။

ယခုအခါ KNLA - ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ တပ်မဟာ ၇ မှ ပြောက်ကျားတပ်များသည် ကျန်ရှိသည့် နယ်မြေ ၇၅ ရာခိုင်နှုန်းခန့်အနက် ၂၀ ရာခိုင်နှုန်းကျော်၌သာ ဝင်ထွက်လှုပ်ရှားနေကြောင်း KNU - ကရင်အမျိုးသား အစည်းအရုံးက ပြောဆိုခြင်း ဖြစ်သည်။

“နယ်မြေတခွင်လုံးရဲ့ ၂၅ ရာခိုင်နူန်းကို သူတို့ယူထားတယ်။ အလွန်ဆုံးပေါ့ဗျာ။ ၄ဝ ရာခိုင်နူန်းကတော့ သူလည်း မဝင်ရဲ၊ ကိုယ်လည်းမဝင်ရဲ နေရာမျိုးတွေ ဖြစ်တယ်” ဟု KNU အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး ‘’ဘာဖြစ်လို့လဲဆိုတော့ သူ့နယ်မြေ သူစည်းခတ်ပြီး လုံခြုံရေးအရ နင်းမိုင်းလည်း ရှိရင်ရှိမယ်၊ ထောင်ချောက်တွေလည်း ရှိရင်ရှိမယ်။ ဆိုတော့ ကျန်တဲ့ ၂၀ ရာခိုင်နူန်းသာသာပဲ ကျနော်တို့ဘက်က ပြောက်ကျားတွေ နေ့နေ့ ညည ဝင်ထွက်လှုပ်ရှားတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် လဆန်းပိုင်းမှစ၍ နအဖ၊ ဒီကေဘီအေနှင့် KNU အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြီးများသည်လည်း ယခုအခါ အရှိန်လျော့သွားကာ၊ တိုက်ပွဲငယ်များသာ ကြိုကြား ဖြစ်ပွားနေကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲကာလတလျှောက် ဒီကေဘီအေ ဘက်မှ ၈၄ ဦး ကျဆုံး၍ ၁၇၅ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ နအဖ တပ်ဖွဲ့များဘက်၌ ၁၀ ဦး သေဆုံး၍ ၂ ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် KNU ဘက်မှ တဦးသာ ကျဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရခဲ့ကြောင်း ဗိုလ်မှူးစောလှငွေက ပြောသည်။

နယ်မြေအတွင်း၌ မိုင်းနှင့် ထောင်ချောက်များ ရှိနေသဖြင့် နှစ်ဖက်တပ်ဖွဲ့ဝင်များ လှုပ်ရှားသွားလာရေး သတိထားနေရကြောင်း သိရသည်။

ထို့အပြင် KNLA တပ်ဖွဲ့ဝင်များသည် နအဖနှင့် ဒီကေဘီအေတပ်များ၏ နောက်ကျောဘက် ဒေသများသို့ ထိုးဖောက်စည်းရုံးရေးဆင်းနေပြီး ယခင်က လှုပ်ရှားမှုနည်းခဲ့သည့် မြို့ပြနှင့် နီးစပ်သော နေရာများသို့ ပြန်လည်လှုပ်ရှားရန် ပြင်ဆင်နေသည်။

ယခုကဲ့သို့ KNLA တပ်များ၏ နယ်မြေများကို ထိုးစစ်ဆင်ခြင်းသည် နအဖ အနေဖြင့် အမျိုးသား စည်းလုံးညီညွတ်ရေးကို နိုင်ငံရေးအရ ဖြေရှင်းလိုသည့် သဘောထား မရှိဘဲ အကြမ်းဖက် ဖိနှိပ်၍ အင်အားသုံး ခြိမ်းခြောက်ရေး ဝါဒကိုသာ ဆက်လက်ကျင့်သုံးလိုသည်ကို ပြသရာရောက်ကြောင်း ဗိုလ်မှူးစောလှငွေက ပြောသည်။

တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ အတွင်းသို့ ကရင်စစ်ပြေး ဒုက္ခသည် ၃၀၀၀ ကျော် ခိုလှုံရောက်ရှိနေသည်။