တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > FM လိုင်းသစ် နှစ်လိုင်း အသစ်တိုးချဲ့မည်

FM လိုင်းသစ် နှစ်လိုင်း အသစ်တိုးချဲ့မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်



နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတွင် FM ရေဒီယိုလိုင်းသစ် ၂ လိုင်းကို လာမည့် သြဂုတ်လတွင် တိုးချဲ့ ထုတ်လွှင့်သွားမည်ဟု ဂီတအစည်းအရုံးနှင့် FM လိုင်းအချို့မှ တာဝန်ရှိသူများ အပြောအရ သိရသည်။

လက်ရှိ ထုတ်လွှင့်နေသော ရန်ကုန် City FM ၊ မန္တလေး City FM ၊ ပိတောက်မြေ FM နှင့် ပဉ္စဝတီ FM တို့ ထုတ်လွှင့်နေပြီး၊ ချယ်ရီ FM နှင့် ရွှေ FM အမည်ရှိ လိုင်း ၂ လိုင်းကို လာမည့်လအတွင်း စတင်ထုတ်လွှင့်မည်ဟု ပြောဆိုကြခြင်း ဖြစ်သည်။

FM လိုင်းများသည် ပရိသတ် ကြိုက်နှစ်သက်မှု များပြားသလို၊ နိုင်ငံတကာ အဆင့်မီ ဖြစ်လာစေရန်နှင့် အခြား ပြည်နယ်နှင့် တိုင်းများပါ ဖမ်းယူနိုင်ရန်အတွက် ထပ်မံတိုးချဲ့ရခြင်းဖြစ်ကြောင်း ဂီတအစည်းအရုံးမှ အတွင်းရေးမှူး မောင်သစ်မင်းက ပြောသည်။

“FM တွေ အများကြီး ပေါ်ပေါက်လာရင် ကျနော်တို့ နိုင်ငံဟာ တိုးတက်မှုတွေ အများကြီး ရှိမယ်။ ဖျော်ဖြေရေး အပိုင်းသော်လည်းကောင်း၊ သတင်းပိုင်းသော်လည်းကောင်းပေါ့နော်၊ တိုးတက်မှု ရှိမယ်လို့ ကျနော် ခံယူတယ်။ ဘာဖြစ်လို့လဲဆိုရင် တချို့နယ်တွေမှာ သတင်းတခုကိုဆိုရင် အကြာကြီးနေမှ ကြားရတယ်။ ဒီလိုရှိတော့ အဆင်ပြေတာပေါ့” ဟု သူက ပြောသည်။

ရွှေ FM အတွက် ရွှေသံလွင် ကုမ္ပဏီနှင့် ချယ်ရီ FM အတွက် ဇေကမ္ဘာ ကုမ္ပဏီက တာဝန်ယူသွားမည်ဖြစ်ကာ၊ ဖျော်ဖြေရေးဆိုင်ရာ အစီအစဉ်များကို ဦးစားပေးပြီး အထွေထွေ ကဏ္ဍများလည်း ပါရှိမည်ဟု သိရသည်။

ယခုလိုင်းသစ် နှစ်လိုင်းအတွက် တာဝန်ယူထုတ်လွှင့်ပေးမည့် ကုမ္ပဏီများသို့ အတည်ပြုချက် ရယူရန် ဆက်သွယ်မေးမြန်းရာ တရားဝင် ပြောကြားခွင့် မရှိကြောင်းနှင့် ထုတ်လွှင့်သည့်အခါမှသာ ဆက်သွယ်ရန် ဖြေကြားခဲ့ကြသည်။

ပဉ္စဝတီ FM ကို တာဝန်ယူ ထုတ်လုပ်နေသည့် Forever Group ကုမ္ပဏီမှ တာဝန်ရှိသူ တဦးကမူ လိုင်းသစ် ၂ လိုင်း ပေါ်ထွက်လာမည်ဟု ကြားရသော်လည်း မည်သည့်ကာလအတွင်း ထုတ်လွှင့်မည်ကို မသိရှိသေးကြောင်း ပြောသည်။

ပဉ္စဝတီ FM ကို ယခုနှစ် မတ်လတွင် ရခိုင်ပြည်နယ်တွင် အခြေစိုက် ထုတ်လွှင့်ခဲ့ပြီး၊ ဧရာဝတီတိုင်း၌ပါ ထပ်မံတိုးချဲ့သွားမည်ဟု သူက ဆိုသည်။

“ကျနော်တို့ အခုလက်ရှိ ထုတ်လွှင့်ပေးနေတာကတော့ ဖျော်ဖြေရေးဆိုင်ရာက ၇၅ % ၊ ကျန်တဲ့ အပိုင်းကတော့ သတင်းပိုင်း ပါမယ်၊ ပညာပေးဆိုင်ရာ ပါမယ်” ဟု သူက မဇ္စျိမကို ပြောသည်။

ချယ်ရီ FM အခြေစိုက်မည့် ဒေသမှာ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းအတွင်း မိုင် ၅ဝ ပတ်လည်ဖြစ်ပြီး၊ ရွှေ FM က တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်း ပြည်မြို့တွင် မိုင် ၅ဝ ပတ်လည်တွင် ဖြစ်မည်။

လူစိတ်ဝင်စားမှု များပြားသဖြင့် ကြော်ငြာလုပ်ငန်းများကြောင့် ဝင်ငွေကောင်းသော မီဒီယာလုပ်ငန်းတခု ဖြစ်နေသဖြင့် FM လိုင်းများ ယခုလို တိုးပွားလာရခြင်း ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ဂီတအစည်းအရုံး အတွင်းရေးမှူးက ဆိုသည်။

“ဒီိလို FM တွေကို ဂီတအစည်းအရုံးအနေနဲ့ ကြိုဆိုတာပေါ့ဗျာ။ ကျနော်တို့ ခွေထုတ်တာလည်း လူတွေအသိပဲ။ ခိုးကူးခွေတွေ များတယ်လေ။ ခွေကို မထုတ်နိုင်ကြတော့ဘူး။ ဒီလို FM တွေက အနုပညာကြေးတွေ ရလာတော့ အသက်ရှူချောင်တယ်” ဟု သူက ပြောသည်။

ဂီတအစည်းအရုံး လက်အောက်ရှိ စုပေါင်း စီမံခန့်ခွဲမှု ကော်မတီ (Collective Management Committee – CMC) က တေးဆို၊ တေးရေး၊ ထုတ်လုပ်သူ၊ ဂီတပညာရှင်များနှင့် FM ရေဒီယိုလိုင်း ပိုင်ရှင်များအကြား မူပိုင်ခွင့်ဆိုင်ရာ အနုပညာကြေးအတွက် စေ့စပ်ညှိနှိုင်းဖြေရှင်းပေးနေသည်။

ရန်ကုန်မြို့တော် City FM ကို ၂ဝဝ၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထုတ်လွှင့်ခဲ့ပြီး တနှစ်လျှင် ငွေကျပ် သိန်းပေါင်း ၆ ထောင်ကျော် ဝင်ငွေရရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန ဌာနမှူး ဦးလှမြင့်ဆွေက တရားဝင် သတင်းထုတ်ပြန်မှုများ ရှိခဲ့သည်။

ချင်းပြည်နယ်အတွင်းနှင့် စစ်ကိုင်းတိုင်း မုံရွာမြို့ အခြေစိုက် FM လိုင်းသစ်များ တိုးချဲ့ဖွင့်လှစ်မည်ဟု ဂီတအစည်းအရုံး အသိုင်းအဝိုင်း အဆိုအရ သိရသည်။