တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > အဲမန္တလေး မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ပြန်လည်ပျံသန်းမည်

အဲမန္တလေး မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ပြန်လည်ပျံသန်းမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်



ချင်းမိုင်(မဇ္ဈိမ)။ ။ အဲမန္တလေး လေကြောင်းလိုင်းသည် ရန်ကုန်မြို့နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့အကြား အသွားအပြန် ခရီးစဉ်ကို လာမည့် သြဂုတ်လဆန်းမှစ၍ ပြန်လည်ပျံသန်းတော့မည်ဖြစ်ကြောင်း အဲမန္တလေး လေကြောင်းလိုင်းက ပြောသည်။

စက်ချို့ယွင်းမှုကြောင့် လေယာဉ်ပြေးဆွဲမှုကို ပြီးခဲ့သည့် နှစ်လယ်ပိုင်းက ရပ်နားခဲ့ရပြီး ယခုအခါ ATR အမျိုးအစား လေယာဉ်ဖြင့် ခရီးစဉ်ကို မြို့နှစ်မြို့အကြား အပတ်စဉ် တနင်္လာနှင့် သောကြာနေ့များတွင် ပြန်လည်ပျံသန်းရန် စီစဉ်ထားကြောင်း ပြောဆိုခြင်း ဖြစ်သည်။

“သြဂုတ်လဆန်းကနေ စမယ်။ တပတ် နှစ်ရက်ပါ။ နှစ်ကြိမ်ဆွဲမယ်။ ဈေးနှုန်းကတော့ တကြောင်းကို ၁၁၃ ဒေါ်လာ၊ ရန်ကုန်ကနေ ညနေထွက်မှာပါ။ လေယာဉ်ပျံအကြီးဆိုရင် ၆၈ ယောက် ဆန့်ပါတယ်။ အသေးဆိုရင် ၄၆ ယောက် ဆန့်ပါတယ်” ဟု အဲမန္တလေး လေကြောင်းလိုင်းမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့မှ ခရီးသွား အေဂျင်စီတခုမှ တာဝန်ရှိသူ တဦးကလည်း “သူတို့ ပြောတော့ ပြောတာပဲ။ တော်ကြာ မသေချာမှာလည်း စိုးတယ်။ ဈေးကတော့ ဒေါ်လာ ၁၁၀ ကျော်မယ်။ အသွားအပြန်ဆိုရင် ၂၂၀ ကျော်မယ်” ဟု ဆိုသည်။

အဲမန္တလေး လေကြောင်းလိုင်းသည် ရန်ကုန်မှ ချင်းမိုင်းသို့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် စတင် ထွက်ခွာမည်ဖြစ်ပြီး၊ ချင်းမိုင်မှ ရန်ကုန်သို့ ၆ နာရီ ၅၅ မိနစ်တွင် ထွက်ခွာမည် ဖြစ်သည်ဟု အဲမန္တလေး လေကြောင်းလိုင်းက ဆိုသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အဲမန္တလေး လေကြောင်းလိုင်းရုံးသို့ ဆက်သွယ်မေးမြန်းရာ လာမည့်လတွင် ပြေးဆွဲမည်ဟု သိရသော်လည်း အတိအကျ မသိရသေးကြောင်း ယင်းရုံးတာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

သို့သော် အဲမန္တလေး လေကြောင်းလိုင်းသည် ရန်ကုန်မှ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်သို့ ပြေးဆွဲမည် မဟုတ်ကြောင်း သိရသည်။

ယခင်က အဲမန္တလေး လေကြောင်းလိုင်းသည် ATR-42 လေယာဉ်ဖြင့် မြန်မာပြည်တွင်းရှိ တနင်္သာရီတိုင်း ထားဝယ်၊ မြိတ်၊ ရှမ်းပြည်နယ် တာချီလိတ်၊ ဟဲဟိုး၊ ရခိုင်ပြည်နယ် စစ်တွေနှင့် သံတွဲ၊ မန္တလေး၊ ပုဂံ၊ ညောင်ဦး ခရီးစဉ်များကို ပြေးဆွဲခဲ့ခြင်း ဖြစ်သည်။