ဒါကာ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ် မြို့နယ်များရှိ ဘုန်းကြီးကျောင်းများ၌ ဝါတွင်း ၄ လပတ်အတွင်း သတင်းသုံးနေထိုင်မည့် သံဃာစာရင်းကို အာဏာပိုင်များက ကောက်ခံနေကြောင်း ဒေသတွင်း သတင်းများက ဆိုသည်။
ဝါဆိုမည့် သံဃာတော် အမည်စာရင်းနှင့် ကိုယ်ရေး အချက်အလက်ကို ယခုလ ၂ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ကြရန် ပြီးခဲ့သည့်လ ၂ဝ ရက်နေ့က မြို့တော်စစ်တွေတွင် အခြေစိုက်သည့် ပြည်နယ် သာသနာရေး ဦးစီးဌာနက လိုက်လံ၍ ပြောဆိုအကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
“သူတို့ တောင်းတဲ့အထဲမှာ ကိုယ်ရေးအချက်အလက် ပါတယ်၊ ဓာတ်ပုံ ပါတယ်၊ ကျောင်းထိုင်တွေက ထောက်ခံတဲ့ လက်မှတ်ပါရတယ်” ဟု စစ်တွေရှိ ပုသိမ် ဘုန်းကြီးကျောင်းမှ အမည်မဖော်လိုသူ သံဃာတော်တပါးက မဇ္ဈိမကို မိန့်သည်။
မောင်တောမြို့တွင်မူ ဝါဆို သံဃာစာရင်းသာမက ကိုရင်နှင့် ကျောင်းသားများ စာရင်းကိုပါ ကောက်ခံသည်။
“ဒီနှစ်တော့ နည်းနည်းပိုလာတယ် တကာကြီး။ ကျောင်းမှာနေတဲ့ သံဃာ၊ ကိုရင်၊ ကျောင်းသားပါမကျန် စာရင်းပေးရတာ” ဟု ကျောင်းထိုင် ဆရာတော်တပါးက မိန့်ကြားသည်။
၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃလှုပ်ရှားမှုနောက်ပိုင်း ပြည်နယ်တွင်း ဘုန်းကြီးကျောင်းများကို အာဏာပိုင်များက အနီးကပ် စောင့်ကြည့်နေရာမှ ဝါတွင်း ၄ လ ကျောင်းထိုင် သတင်းသုံးမည့် သံဃာတော်များ စာရင်းကိုပါ ကောက်ခံလာခြင်း ဖြစ်သည်။
သံဃာတော်များအပေါ် လုံခြုံရေး တင်းကျပ်စွာ ကိုင်တွယ်လာပုံကို ဘင်္ဂလား-မြန်မာနယ်စပ် တက္ကနာဒေသသို့ ရောက်ရှိလာသည့် ကျောက်တော်မြို့မှ သံဃာတော် တပါးက ယခုလို မိန့်သည်။
“ဘယ်နေရာမှာပဲဖြစ်ဖြစ် လုံခြုံရေးတွေက ဘုန်းကြီးသင်္ကန်းမြင်ရင် မျက်လုံးဒေါက်ထောက် ကြည့်သလို လိုက်ကြည့်နေတာ။ ကားပေါ်မှာ တွေ့ရင်လည်း ဘယ်ကလဲ၊ ဘယ်သွားမလဲ၊ ဘာလုပ်ဖို့လဲ၊ မေးခွန်းတွေလည်း များလိုက်တာ တကာကြီး။ ဘုန်းကြီးမှတ်ပုံတင်တို့၊ ထောက်ခံစာတို့ တောင်းတာလည်း ပါသေးတယ်” ဟု ယင်း သံဃာတော်က ဆိုသည်။
စစ်တွေနှင့် တောင်ကုတ်သည် နိုင်ငံရေးလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်လေ့ရှိသဖြင့် အာဏာပိုင်များ၏ မျက်ခြေမပြတ် စောင့်ကြည့်မှုကို အမြဲတမ်း ခံနေရကြောင်း စစ်တွေ သံဃာတပါးကလည်း မိန့်ပြန်သည်။
“ဦးဇင်းတို့ စစ်တွေဆိုရင် ကြည့်လေ၊ ရွှေဝါရောင်မှာလည်း ရှေ့တန်းက ပါခဲ့တယ်။ ကျန်တဲ့ နေ့ထူးနေ့မြတ်တွေ ဆိုရင်လည်း အခွင့်သာရင် သာသလို လုပ်ကြတယ်လေ။ သံဃာတချို့ဆိုရင် အခုအချိန်ထိ ကံဆောင်နေတုန်းပဲ။ အဲ့ဒါကြောင့် ဖြစ်တယ်” ဟု ဦးပဉ္စင်းက ဆိုသည်။
၂၀၀၇ ခု စက်တင်ဘာအတွင်း မြန်မာပြည်ဒေသတချို့တွင် သံဃာတော်များသည် လမ်းလျှောက်၍ မေတ္တာပို့ ဆုတောင်းပွဲများ ပြုလုပ်ခဲ့သည်ကို ပစ်ခတ်နှိမ်နင်းခြင်း၊ အကြမ်းဖက် ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ပြီးနောက် သံဃအဖွဲ့အစည်းများက ပတ္တနိက္ကုဇ္ဇန ကံဆောင်သည့်အနေဖြင့် အာဏာပိုင်များ၏ အလှူကို လက်မခံခြင်း၊ သာရေးနာရေးကိစ္စများတွင် မဆက်ဆံဘဲနေခြင်းတို့ ကြေညာခဲ့သည့်အတိုင်း ရခိုင်ပြည်နယ်ရှိ သံဃာတော် အများအပြားသည် ပြုလုပ်နေဆဲဖြစ်ကြောင်း သံဃာတော် အသိုင်းအဝိုင်း အဆိုအရ သိရသည်။
ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော်များသည် ယမန်နေ့က ကျရောက်သည့် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှ သီတင်းကျွတ် လပြည့်နေ့အထိ ဝါတွင်း ၄ လအတွင်း ညအိပ်ခရီး သွားလာခွင့် မရှိဘဲ၊ သက်ဆိုင်ရာ ဘုန်းတော်ကြီး ကျောင်းများ၌သာ သီတင်းသုံး နေထိုင်လေ့ရှိသည်။
ဘုရားအလောင်းတော်မြတ်မှ ၆ နှစ်တာ တရားအားထုတ်ကျင့်ကြံ၍ သဗ္ဗေညုတ္တဉာဏ်တော်ကို ရရှိကာ၊ ဂေါတမ မြတ်စွာဘုရားအဖြစ် ရောက်ရှိပြီးနောက် ပဉ္စဝဂ္ဂီ ၅ ဦးအား ဓမ္မစကြာ တရားတော်ကို စတင်ဟောကြားခဲ့သော နေ့ကို အစွဲပြုကာ ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့အဖြစ် သတ်မှတ်ခဲ့သည်။







