မန္တလေး ပရိသတ် ထောင်ချီ၍ MNL ဗိုလ်လုပွဲသို့ သွားရောက် အားပေးမည်
မဇ္ဈိမသတင်းဌာန
|
စနေနေ့၊ ဂျူလိုင်လ ၀၄ ရက် ၂၀၀၉ ခုနှစ် ၀၀ နာရီ ၃၁ မိနစ်
ပြည်တွင်းသတင်း
နယူဒေလီ။ ။ မြန်မာလိဂ် MNL ဘောလုံးဗိုလ်လုပွဲတွင် ရန်ကုန် ယူနိုက်တက်နှင့် မန္တလေးတိုင်း ကိုယ်စားပြု ရတနာပုံ FC အသင်းတို့ ယခုလ ၅ ရက်နေ့တွင် ရန်ကုန်ကွင်း၌ ယှဉ်ပြိုင်ကစားမည် ဖြစ်သဖြင့် မန္တလေး ပရိသတ် အနည်းဆုံး ၂၀၀၀ ခန့် သွားရောက်အားပေးမည် ဖြစ်သည်။
ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပသည့် ဗိုလ်လုပွဲသို့ မန္တလေးတိုင်းမှ ပရိသတ် ၂ဝဝဝ ထက်မနည်း အားပေးနိုင်ရန်အတွက် ရတနာပုံ FC အသင်းပိုင်ရှင် Alpine သောက်ရေသန့် ကုမ္ပဏီက ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ ငှားရမ်းပေးသော ရထားတွဲ ၁၇ တွဲ ပါရှိသည့် အမြန်ရထားဖြင့် အသွားအပြန် အခမဲ့ ပို့ဆောင်ပေးရန် စီစဉ်ထားခြင်း ဖြစ်သည်။
‘‘အကိုတို့ ရထားစင်းလုံး ငှားထားတယ်ဗျ။ ၁၇ တွဲ၊ အသွားအပြန် ပို့ပေးမှာ။ လူ ၂၀၀၀ အတွက် လျာထားတယ်။ လက်မှတ်တွေလည်း စီစဉ်ထားတယ်’’ ဟု ရတနာပုံ FC အသင်းပိုင်ရှင် Alpine ကုမ္ပဏီမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောပြသည်။
ဘောလုံးပွဲ လက်မှတ်များကိုလည်း အခမဲ့ ပေးသွားမည်ဖြစ်ကာ မန္တလေး ပရိသတ်များကို ယခုကဲ့သို့ ရထားဖြင့် ပို့ဆောင်ပေးရန်အတွက် ကျပ်ငွေ သိန်း ၁၀၀ ကျော် အကုန်အကျခံကာ Alpine သောက်ရေသန့် ကုမ္ပဏီက စီစဉ်ထားသည်။
“အထက်တန်းတွဲဆိုရင် လူတယောက်ကို ၈၀၀၀ (ကျပ်)၊ အသွားအပြန် ၁ သောင်း ၆ ထောင် ကျပါတယ်။ ရိုးရိုးတန်းဆိုရင် တယောက်ကို ၄၀၀၀ ၊ အသွားအပြန် ၈၀၀၀ ကျပါတယ်။ လူ ၂၀၀၀ ဆိုတော့ သိန်း ၁၀၀ ကျော်လောက် ကုန်ပါတယ်” ဟု ကုမ္ပဏီ တာဝန်ရှိသူက ပြောသည်။
မန္တလေးပရိသတ်များ တင်ဆောင်မည့် ရထားမှာ မန္တလေးဘူတာကြီးမှ မနက်ဖြန် ညတွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်ဘူတာကြီးသို့ ရောက်ရှိပြီးနောက် မှန်လုံ အမြန်ယာဉ် ကားများဖြင့် ပွဲစချိန် ၄ နာရီ မတိုင်မီ သုဝဏ္ဏကွင်းသို့ အရောက် ပို့ဆောင်သွားမည် ဖြစ်သည်။
ပွဲကြည့်ပရိသတ် ၄ သောင်း ဝင်ဆန့်သည့် သုဝဏ္ဏကွင်း တာဝန်ရှိသူများက Alpine ကုမ္ပဏီကို ပရိသတ် ၂၀၀၀ ခေါ်ဆောင်လာနိုင်ကြောင်း ခွဲတန်း ချထားပေးသည်။
(မန္တလေး) ရတနာပုံ FC အသင်းသည် အုပ်စုပွဲစဉ် ၇ ပွဲ၌ ၅ ပွဲ အနိုင်ရကာ ၂ ပွဲ သရေဖြင့် ရှုံးပွဲမရှိဘဲ ရမှတ် ၁၇ မှတ်ဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်လာခဲ့သည့် အသင်းဖြစ်သည်။ ရန်ကုန် ယူနိုက်တက် အသင်းမှာမူ မကွေး FC တသင်းထဲကိုသာ ရှုံးနိမ့်ခဲ့ပြီး ၅ ပွဲနိုင်ကာ တပွဲသရေဖြင့် ၁ ပွဲရှုံးပြီး ၁၆ မှတ်ဖြင့် ဗိုလ်လုပွဲသို့ တက်လာသည်။
ဗိုလ်လုပွဲစဉ်အတွက် သတ်မှတ်ဆုကြေးမှာ ပထမဆု ကျပ်သိန်း ၅၀၀၊ ဒုတိယဆု သိန်း ၃၀၀ နှင့် တတိယဆု သိန်း ၂၀၀ သတ်မှတ်ထားသည်။
ကွင်းဝင်ကြေးများသည် ရိုးရိုးတန်းအတွက် ယခင်ဈေးနှုန်း ကျပ် ၅၀၀ မှ ၁၀၀၀ ကျပ်သို့၎င်း၊ အထူးတန်းကိုမူ ကျပ် ၁၀၀၀ မှ ၃၀၀၀ သို့ တိုးမြှင့်ထားသည်။
ယခုလို မန္တလေး ဘောလုံးဝါသနာအိုးများအတွက် စားစရိတ်ကို မိမိဘာသာ ကုန်ကျခံစေပြီး၊ ခရီးစရိတ်နှင့် ကွင်းဝင်ကြေးများကို အခမဲ့ ဝန်ဆောင်မှုပေးသည့်အတွက် မန္တလေးမြို့ခံ အများအပြားက အလုအယက် စာရင်းပေးသွင်းခဲ့သည်။
“ရတနာပုံ FC ဆိုတာက ကလပ်အသင်း တခုပါပဲ။ လောလောဆယ် မန္တလေးကိုယ်စားပြုတယ်လို့တော့ ခံယူမယ်ဆို ခံယူနိုင်ပါတယ်။ အဲဒီတော့ ရန်ကုန်ထက်စာရင် ကိုယ့် မန္တလေးကိုတော့ နိုင်စေချင်ပါတယ်” ဟု မန္တလေးမြို့ခံ ဘောလုံးဝါသနာရှင်တဦးက မဇ္ဈိမကို ပြောသည်။
ရန်ကုန် ဘောလုံးဝါသနာရှင် တဦးကမူ “ကျနော်က ၃-၁ နဲ့ ရန်ကုန်ယူနိုက်တက်က နိုင်မယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ရန်ကုန်က အိမ်ရှင်လေ။ ပရိသတ်အားလည်း ရှိတယ်။ ကစားအားလည်း ကောင်းတယ်” ဟု ပြောသည်။
သို့သော် ရတနာပုံ FC အသင်းပိုင်ရှင် Alpine ရေသန့်ကုမ္ပဏီမှ တာဝန်ရှိသူကမူ ဘောလုံးပွဲစဉ်များအတွက် လတ်တလောတွင် အကျိုးအမြတ် မျှော်လင့်မထားသော်လည်း ရန်ကုန်အသင်းကို အနိုင်ကန်ရမည်ဟု ပြောဆိုထားသည်ဟု ဆိုသည်။
“ကျနော်တို့ ဘောလုံးသမားတွေကို မနိုင်နိုင်အောင် ကန်ဖို့ ပြောထားပါတယ်။ ဒါ ပထမဆုံးအကြိမ် ဖြစ်တယ်။ ရှုံးပွဲမရှိဘဲ တက်လာခဲ့တဲ့အတွက် ကျနော်တို့က ချယ်ပီယံဖြစ်ဖို့ပဲ ရှိတယ်” ဟု သူက ပြောသည်။
မြန်မာနေရှင်နယ်လိဂ် MNL ဘောလုံးကလပ် အသင်းများကို လွန်ခဲ့သည့် ၂ လခန့်မှ စတင်ကာ တိုင်း ၇ တိုင်း ကိုယ်စားပြု အသင်း ၇ သင်းနှင့် ပုဂ္ဂလိက အသင်း တသင်းဖြင့် စုစုပေါင်း ၈ သင်း ဖွဲ့စည်းခဲ့သည်။
အာဖရိက ကစားသမား ၃ ဦး ငှားရမ်းထားသည့် ရန်ကုန် ယူနိုက်တက် အသင်းသည် ထူး ထရေးဒင်း ကုမ္ပဏီပိုင်ရှင် ဦးတေဇ ပိုင်ဆိုင်သည့် ကလပ်အသင်းဖြစ်ပြီး နည်းပြချုပ်မှာ ယခင် မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ဦးမျိုးလှိုင်ဝင်း ဖြစ်သည်။
ရတနာပုံ FC အသင်းသည် လွယ်ဟိန်း ကုမ္ပဏီပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်း၏ အသင်းဖြစ်ပြီး နည်းပြချုပ်မှာ ပြင်သစ်နိုင်ငံမှ Mr. Yoan Girard ဖြစ်သည်။ ယခင် အဆင့်မြင့်တန်း အသင်းတခုဖြစ်သည့် ဘဏ္ဍာအခွန် ဘောလုံးအသင်းမှ ကစားသမား ၈ ဦးနှင့် အာဖရိကတိုက်မှ ကစားသမား ၅ ဦး ခေါ်ယူထားသည်။