နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် တိုင်းတရားက ငြင်းပယ်ခဲ့သဖြင့် ဗဟိုတရားရုံးသို့ ပြင်ဆင်ခွင့် လျှောက်ထားခဲ့ရာ ယခုတရားရုံးကလည်း ယနေ့တွင် ထပ်မံ၍ ပယ်ချလိုက်ပြန်ပြီ ဖြစ်သည်။
နေအိမ်အကျယ်ချုပ် ဥပဒေဖောက်ဖျက်မှုဖြင့် တရားစွဲဆိုခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တရားဆိုင်သက်သေများအဖြစ် တင်သွင်းထားသည့် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်တို့အား အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် တရားရုံးနှင့် ရန်ကုန်တိုင်း တရားရုံးတို့က ငြင်းပယ်ခဲ့သဖြင့် ဗဟိုတရားရုံးသို့ ဆက်လက်၍ ပြင်ဆင်ခွင့် အယူခံတင်ခဲ့ရာမှ ယခုတဖန် ပယ်ချခံရပြန်ခြင်း ဖြစ်သည်။
''ဗဟိုတရားရုံးက ဒီကနေ့ ၁ဝ နာရီမှာ ပယ်ချတဲ့အကြောင်း ကြေညာပါတယ်'' ဟု ဒေါ်စုအမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများအဖွဲ့မှ ရှေ့နေ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
သို့သော်လည်း မည်သည့်အတွက်ကြောင့် ယခုလို ပယ်ချလိုက်သည့်အကြောင်းကိုမူ ယခုထိ မသိရသေးကြောင်း သူက ဆက်ပြောသည်။
လွန်ခဲ့သည့် ၁၉ နှစ်အတွင်း အကျယ်ချုပ်ဖြင့် ၁၃ နှစ်ကျော်ကြာ နေထိုင်ခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်တော ဆိုသူသည် မေလဆန်းက အင်းလျားကန်မှ ရေကူးကာ တိတ်တဆိတ် ဝင်ရောက်၍ နှစ်ညတာ နေထိုင်ခဲ့သဖြင့် သူမကို စစ်အစိုးရက အင်းစိန်ထောင်တွင်း ချုပ်နှောင်ပြီး တရားစွဲဆိုထားသည်။
သူမ၏ ရှေ့နေများက တရားဆိုင်သက်သေများအဖြစ် ပုဂ္ဂိုလ် ၄ ဦးကို အမည်စာရင်း တင်သွင်းခဲ့သော်လည်း ဦးကြည်ဝင်း တဦးထဲကိုသာ ယခုလ ၃ ရက်နေ့တွင် ခရိုင်တရားရုံးက စတင်လက်ခံခဲ့သည်။
ထို့ကြောင့် ရှေ့နေများက ကျန်ရှိသည့် သက်သေခံမည့် ၃ ဦးအတွက် ရန်ကုန်တိုင်း တရားရုံးသို့ ပြင်ဆင်ခွင့် လျှောက်ထားရာ ဒေါ်ခင်မို့မို့ကို ပြန်လည်လက်ခံခဲ့ပြီး၊ ကျန်ပုဂ္ဂိုလ် နှစ်ဦးကို ဆက်လက်၍ ပယ်ချခဲ့သည်။
ကျန်ရှိသည့် အငြင်းပယ်ခံ သက်သေနှစ်ဦးအတွက် ယခုလ ၂၄ ရက်နေ့က ဗဟိုတရားရုံး၌ ပြင်ဆင်ခွင့် လျှောက်လဲချက် ပေးခဲ့ရာ တရားရုံးက လက်ခံကြားနာခဲ့သည်။
ဗဟိုတရားရုံးက ကျန်ရှိသည့် သက်သေနှစ်ဦးအား ဆက်လက်၍ ပယ်ချလိုက်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် ခုခံလျှောက်လဲရာ၌ အားနည်းချက်နှင့် ဆုံးရှုံးနစ်နာမှု အများအပြား ဖြစ်ပေါ်စေရကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းက ပြောဆိုသည်။
''အများကြီး အားနည်းပါတယ်။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်အတွက် ပြန်ခုခံဖို့ သက်သေတွေ တင်တာ ပယ်ချခံရတော့ မိမိ ခုခံခွင့်ကို အပြည့်အဝ မရဘူးပေါ့။ အများကြီး နစ်နာတယ်လို့ မြင်ပါတယ်'' ဟု သူက ပြောသည်။
ဒေါ်စုအမှုအတွက် သက်သေတဦးဖြစ်သည့် ဒေါ်ခင်မို့မို့၏ ထွက်ဆိုချက်ကို ကြားနာရန်အတွက် လာမည့်လ ၃ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း မြောက်ပိုင်းခရိုင် တရားရုံးဖြစ်သည့် ထောင်တွင်း အထူးခုံရုံးက ယခုလ ၂၆ ရက်နေ့တွင် ရက်ချိန်းပေးခဲ့သည်။







