နယူးဒေလီ (မဇ္စျိမ)။ ။ လူကို ကူးစက်စေသည့် A (H1N1) တုပ်ကွေးရောဂါပိုး ကာကွယ်ကုသရေးအတွက် ဆေးဝါး အလုံအလောက်ရှိကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးဦးစီးဌာနမှ အကြီးတန်း အရာရှိကြီးတဦးက ယနေ့ ပြောဆိုသည်။
စင်္ကာပူနိုင်ငံမှ လေကြောင်းခရီးဖြင့် ယခုလ ၂၆ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်ရောက်လာသည့် ၁၃ နှစ်အရွယ် မိန်းကလေးတွင် A (H1N1) ပထမဦးဆုံး ကူးစက်ခံနေရသည်ကို နေပြည်တော် ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြုနိုင်ခဲ့ပြီးနောက် ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ကျနော်တို့ဆီမှာ ဆေးရှိပါတယ်။ ကာကွယ်ဖို့ဆေးနဲ့ ကုသဖို့ဆေးလည်း ရှိပါတယ်။ အခု ဒီလို အတိုင်းအတာနဲ့ဆို ဆေးက လုံလုံလောက်လောက် ရှိပါတယ်” ဟု ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး (ကုသရေး) အဆင့်ရှိသူ ဒေါက်တာကြီးမြင့်က မဇ္စျိမကို ပြောသည်။
ကျန်းမာရေး ဝန်ထမ်းများက ရန်ကုန်လေဆိပ် ကျန်းမာရေး စစ်ဆေးခဲ့စဉ်က သူမ၌ အဖျားမရှိသော်လည်း စာဖတ်ဝိုင်း၌ ချောင်းဆိုးနေသည်ကို သတိပြုမိခဲ့ရာမှ ဆရာမက မိဘများနှင့် တိုင်ပင်ကာ ယခုလ ၂၆ ရက်နေ့ ည ၉ နာရီတွင် ရန်ကုန်ဆေးရုံကြီး၌ စတင်၍ ဆေးကုသမှု ခံယူစေခဲ့ကြောင်း မြန်မာစစ်အစိုးရ မြန်မာ့ရုပ်မြင်သံကြား MRTV မှ ၂၇ ရက်နေ့တွင် သတင်းဖော်ပြခဲ့သည်။
ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲဌာန၏ စမ်းသပ်ချက်အရ ဇွန်လ ၂၇ ရက်နေ့တွင် ကမ္ဘာ့လူတုပ်ကွေးရောဂါ New Influenza A (H1N1) ဟု အတည်ပြုခဲ့ကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဆိုထားသည်။
ဒေါက်တာကြီးမြင့်က “သူ စင်္ကာပူကနေ ပြန်လာပြီး ဖြစ်တယ်ဆိုတော့ အဲဒီကနေ ရလာဖို့ များပါတယ်။ မြန်မာနိုင်ငံအတွက်တော့ ဝက်တုပ်ကွေးရောဂါ ပထမဆုံး ပျံ့နှံ့တာပါပဲ။ အခုတော့ ကလေးမလေးက အခြေအနေ ကောင်းပါတယ်” ဟု ပြောသည်။
ရောဂါကူးစက်ခံရသူနှင့်အတူ လေယာဉ်ခရီးစဉ်တွင် လိုက်ပါလာသည့် ခရီးသည်များနှင့်အတူ စာဖတ်ဝိုင်း၌ အတူရှိခဲ့သူများ၊ မိသားစုဝင်များအပြင် အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လေဆိပ် (ပြည်ပဆိုက်ရောက်) မှ ဝန်ထမ်းများအား ရောဂါစစ်ဆေးမှုများ ပြုလုပ်နေကြောင်း စစ်အစိုးရ သတင်းမီဒီယာများက ပြောဆိုခဲ့သည်။
“ကျန်းမာရေးဝန်ကြီးဌာနကလည်း ဝန်ကြီးနဲ့ ဌာနအနေနဲ့ Case ကို ကိုင်တွယ်လုပ်နေတယ်။ အထူးသဖြင့် ကူးစက်မှုကိုလည်း မပြန့်ပွားအောင်လည်း ကျနော်တို့ အရေးတယူ အကွက်စေ့စေ့ ဆောင်ရွက်နေပါတယ်” ဟု ဒေါက်တာကြီးမြင့်က ပြောသည်။
“ရန်ကုန်မှာ ကူးစက်ရောဂါတိုက်ဖျက်ရေးမှာ သီးသန့် ရုံးဖွင့်ထားပြီးတော့ ပါလာတဲ့ လေယာဉ်ခရီးသည်တွေ ဆီကနေတဆင့် ထပ်ပြီးတော့ မကူးဆက်စေရေး၊ တကယ်လို့ ကူးစက်စေမှု မပြန့်ပွားရေးအတွက်ကို ကျနော်တို့ စောင့်ကြည့်နေပါတယ်” ဟု သူက ဆက်ပြောသည်။
မြန်မာ့အိမ်နီးနားချင်း အိန္ဒိယနိုင်ငံတွင် A (H1N1) ရောဂါကူးစက်သူ ၃၅ ဦးရှိပြီး၊ ထိုင်းနိုင်ငံတွင် ၁၂၀၀ ကျော်ရှိကာ အမျိုးသားတဦးနှင့် အမျိုးသမီးတဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောဆိုချက်ကို ရိုက်တာသတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ကြီးဌာနက ဦးစီး၍ ပြီးခဲ့သည့် ဧပြီလ တတိယပတ်မှ စတင်ကာ နိုင်ငံခြားသားများ အဝင်အထွက်ရှိသည့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပုဂံ၊ ညောင်ဦး လေဆိပ်တို့အပြင် နယ်စပ်ဂိတ်ပေါက် အဝင်အထွက်များ၌ A (H1N1) တုပ်ကွေးရောဂါပိုး ရှိ၊ မရှိ ဆေးစစ်မှုများ ပြုလုပ်လာခဲ့သည်။
ယခုလို ဂရုတစိုက် လုပ်ကိုင်နေသည့်ကြားမှ A (H1N1) ရောဂါ မြန်မာနိုင်ငံတွင် ပထမဦးဆုံး တွေ့ရှိရခြင်းသည် နိုင်ငံတကာမှတဆင့် ကူးစက်ဝင်ရောက်မှု ဖြစ်ကြောင်း ဒေါက်တာကြီးမြင့်က ပြောသည်။
သူက “၂၄ နာရီ တောက်လျှောက် surveillance team တွေ ချထားပြီးတော့ ကျန်းမာရေး ဆောင်ရွက်မှုတွေ လုပ်နေခဲ့တာပါ။ ဒါကြောင့်လည်းပဲ ကျနော်တို့နိုင်ငံက ဒီလောက်အထိ ရောဂါပိုးကာကွယ်နိုင်ခဲ့တယ်။ အခုဟာက တားဆီးနေတဲ့ကြားထဲက နိုင်ငံတကာကနေ ကူးစက်မှု ဝင်လာတဲ့သဘော ဖြစ်နေပါတယ်” ဟု ပြောသည်။
ထို့အပြင် A (H1N1) ရောဂါ ကာကွယ်သွားရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူထုတရပ်လုံးအနေဖြင့် ရောဂါကို မည်သို့ သတိပြု ကာကွယ်ရမည်ဆိုသည့် အသိပညာပေါ်တွင် မူတည်နေကြောင်း သူက ဆက်ပြောသည်။
ဒေါက်တာကြီးမြင့်က “ကျနော်တို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပြည်သူလူထုကလည်း သူတို့ကိုယ်သူတို့ ကာကွယ်တာတို့၊ surgical mask အသုံးပြုတာတို့၊ လက်အမြဲဆေးတာတို့၊ လူစုလူဝေးကို ရှောင်ဖို့။ ကျနော်တို့ ဟောပြောပွဲတွေ လုပ်ပေးတယ်။ ရေဒီယို၊ တီဗီတွေကနေ ပညာပေးတွေ လုပ်နေတယ်” ဟု ပြောသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ - WHO က နိုင်ငံပေါင်း ၇၆ နိုင်ငံတွင် A (H1N1) ရောဂါ ကူးစက်ခံရသူပေါင်း ၃၅၉၂၈ ဦးရှိပြီး၊ လူပေါင်း ၁၆၃ ဦး သေဆုံးခဲ့ရာတွင် အများစုမှာ မက္ကဆီကိုနှင့် အမေရိကန်မှဖြစ်ကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။







