ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များကို ယမန်နေ့က ဆက်လက်ကျင်းပရာ ရတနာပုံ ယူနိုက်တက် အက်ဖ်စီ အသင်းက ဥဿာ ယူနိုက်တက် အသင်းကို ၂-ဝ ဖြင့် အနိုင်ရလိုက်ပြီးနောက် ရှုံးပွဲမရှိ စံချိန်ဖြင့် ဗိုလ်လုပွဲသို့ အစောဆုံး တက်ရောက်သွားပြီ ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပပုံ စည်းမျဉ်းများအရ ပြိုင်ပွဲဝင် အသင်း ၈ သင်းအနက် အမှတ်အများဆုံး ရရှိသော အသင်းနှစ်သင်းသာ ဗိုလ်လုပွဲ၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်ရာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ရေးအတွက် ရန်ကုန် ယူနိုက်တက် အက်ဖ်စီနှင့် မကွေး ယူနိုက်တက် အက်ဖ်စီ အသင်းတို့၏ ပြိုင်ဆိုင်မှုမှာ အကျိတ်အနယ် ဖြစ်နေသည်။
ပွဲစဉ်အားလုံး ကစားပြီးခဲ့ပြီး ဖြစ်သည့် ရန်ကုန် ယူနိုက်တက် အက်ဖ်စီမှာ ၇ ပွဲ ကစားခဲ့ရာ ၁၆ မှတ် ရရှိပြီး၊ မကွေး ယူနိုက်တက် အက်ဖ်စီမှာ ၆ ပွဲကစားပြီး ရမှတ် ၁၃ မှတ်ဖြင့် ရပ်တည်နေရာ မကွေးအသင်းမှာ လက်ကျန် ကမ္ဘောဇအသင်းနှင့် ပြိုင်ပွဲ၌ ၃ ဂိုးနှင့်အထက် ဂိုးပြတ်အနိုင်ရရှိမှသာ ဗိုလ်လုပွဲသို့ ရောက်ရှိမည်ဖြစ်သည်။ ၃ ဂိုးထက် လျော့နည်းခဲ့ပါက သို့မဟုတ် ၄-၂ ဂိုးထက် ပိုမိုနည်းသော ရလဒ်ဖြင့်သာ အနိုင်ရရှိခဲ့ပါက ရန်ကုန် ယူနိုက်တက်သာ ဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။
အသင်းနည်းပြအဖြစ် ပြင်သစ်လူမျိုး မစ္စတာ ရိုဟန်အား ငှားရမ်းထားသည့် ရတနာပုံ ယူနိုက်တက် အက်ဖ်စီသည် ပွဲစဉ်အားလုံး ကစားပြီးခဲ့ပြီး ဇေယျာရွှေမြေ ယူနိုက်တက်အား ဂိုးမရှိ သရေ၊ ရန်ကုန် ယူနိုက်တက် အက်ဖ်စီအား ၂ ဂိုးစီ သရေဖြင့် ကစားခဲ့သော ပွဲစဉ်များမှလွဲ၍ ပွဲစဉ်အားလုံးကို အနိုင်ရရှိခဲ့ပြီး ရမှတ် ၁၇ မှတ်ဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်သွားနိုင်ခဲ့ခြင်းဖြစ်သည်။
ဘဏ္ဍာအခွန်အသင်းမှ ရန်ပိုင်၊ ထွန်းထွန်းဝင်း၊ ပိုင်စိုး စသော လက်ရွေးစင် ကစားသမားများအပြင် အခြား ပြည်တွင်းနာမည်ကြီး ကစားသမားများအား ခေါ်ယူထားပြီး၊ နိုင်ငံခြားသား ကစားသမား ၅ ဦး ခေါ်ယူထားသည့် ရတနာပုံ အက်ဖ်စီမှာ ခံစစ်တိုက်စစ် မျှတသော အသင်းအဖြစ် သတ်မှတ်ကြပြီး အသင်းတိုင်းက သတိထားရသော အသင်းတသင်း ဖြစ်သည်။ အထူးသဖြင့် ခံစစ်အထူးကောင်းမွန်သော အသင်းဖြစ်ပြီး ရန်ကုန် ယူနိုက်တက်နှင့် ၂ ဂိုးစီ သရေကျသောပွဲ၊ မကွေး အက်ဖ်စီအား ၂ ဂိုး တဂိုးဖြင့် အနိုင်ရသော ပွဲများတွင်သာ ဂိုးပေးခဲ့ရပြီး စုစုပေါင်း ပေးဂိုး ၃ ဂိုးဖြင့် ပေးဂိုးအနည်းဆုံး အသင်းလည်း ဖြစ်သည်။
ထို့အတူ ရန်ကုန် ယူနိုက်တက် အက်ဖ်စီမှာလည်း အုပ်စုပွဲစဉ်များအားလုံး ကစားပြီးခဲ့ပြီး မကွေး ယူနိုက်တက် အက်ဖ်စီအား ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲနှင့် ရတနာပုံ ယူနိုက်တက် အက်ဖ်စီအား ၂ ဂိုးစီဖြင့် သရေကျခဲ့သော ပွဲစဉ်များမှလွဲ၍ ကျန်ပွဲစဉ်အားလုံး အနိုင်ရရှိထားကာ ရမှတ် ၁၆ မှတ် ရရှိထားသည်။ ရန်ကုန် ယူနိုက်တက် အက်ဖ်စီအသင်းသည် ဗိုလ်လုပွဲတက်ရေးအတွက် အမှတ်ပေးဇယားတွင် ယင်းအောက် တတိယနေရာ၌ ရပ်တည်နေသော မကွေး အက်ဖ်စီအသင်း၏ လက်ကျန်ပွဲ ရလဒ်ကို စောင့်မျှော်ကြည့်ရှုရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ဦးမျိုးလှိုင်ဝင်း နည်းပြတာဝန် ယူထားသော ရန်ကုန် အက်ဖ်စီ အသင်းသည် ယခင် Air Bagan အသင်းကို အခြေခံ ဖွဲ့စည်းထားပြီး လက်ရွေးစင် ဂိုးသမား အောင်အောင်ဦး၊ မျိုးမင်းထွန်း၊ ကျော်သူရ၊ စိုးလင်းထွန်းတို့အပြင် နိုင်ငံခြားသား ကစားသမား ၅ ဦး ခေါ်ယူထားကာ ပြိုင်ပွဲ၏ တိုက်စစ်အား အကောင်းဆုံး အသင်းဖြစ်သည်။ စုစုပေါင်း သွင်းဂိုး ၁၃ ဂိုးဖြင့် ပြိုင်ပွဲ၏ ဂိုးသွင်းအများဆုံး အသင်းအဖြစ် ရပ်တည်နေသည်။
တိုက်စစ်မှူး စည်သူဝင်း၏ သွင်းဂိုးများဖြင့် လေးပွဲနိုင်၊ တပွဲသရေ ရမှတ် ၁၃ မှတ်ဖြင့် ပွဲစဉ် ၅ အထိ အမှတ်ပေး ဇယား၌ ထိပ်ဆုံးမှ ရပ်တည်နေခဲ့သော မကွေး အက်ဖ်စီမှာ ရတနာပုံ အက်ဖ်စီ အား ၂ ဂိုး တဂိုးဖြင့် ရှုံးနိမ့်သော ပွဲအပြီး အမှတ်ပေးဇယား တတိယနေရာသို့ ဆင်းပေးခဲ့ရသည်။ ယင်းအနေဖြင့် လက်ကျန် ကမ္ဘောဇ အက်ဖ်စီ အသင်းနှင့် ပွဲစဉ်၌ အနည်းဆုံး ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိမှသာ (သို့တည်းမဟုတ်) ၃ ဂိုးနှင့် အထက် ပြတ်သားစွာ အနိုင်ရရှိမှသာ ဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရမည် ဖြစ်သည်။
ထို့ကြောင့် မကွေး အက်ဖ်စီအသင်းနှင့် ကမ္ဘောဇ အက်ဖ်စီအသင်းတို့၏ ပွဲစဉ်မှာ ကမ္ဘောဇ အသင်းအတွက် မျှော်လင့်ချက် မရှိတော့သော်လည်း မကွေး အက်ဖ်စီအသင်းအတွက် ဗိုလ်လုပွဲ တက်ရေးအတွက် အဆုံးအဖြတ်ပွဲစဉ် ဖြစ်နေသည်။
ကမ္ဘောဇအသင်းအနေဖြင့် နိုင်ငံတကာပွဲမှ ပြန်လာပြီး ပွဲစဉ်များ ဆက်တိုက်ကစားရသဖြင့် ပွဲပန်းနေမည် ဖြစ်သော်လည်း မကွေး အက်ဖ်စီအသင်းအနေဖြင့် အားထားရသော တိုက်စစ်မှူး စည်သူဝင်း ရတနာပုံနှင့်ပွဲ၌ ခြေသလုံးရိုး ကျိုးခဲ့ခြင်းက အဓိကထိုးနှက်ချက်ဖြစ်နေကြောင်း တွေ့ရသည်။
ပွဲစဉ်ကျင်းပပုံ ဇယားအရလည်း မကွေး အက်ဖ်စီအသင်းနှင့် ကမ္ဘောဇ အက်ဖ်စီအသင်းတို့၏ ပွဲစဉ်ကို နောက်ဆုံး အုပ်စုပွဲစဉ်အဖြစ် လာမည့်လ ၁ ရက်နေ့တွင်မှ ကျင်းပမည်ဖြစ်ရာ မြန်မာနေရှင်နယ်လိဂ် - MNL Cup ပြိုင်ပွဲများ၏ အနေအထားမှာ နောက်ဆုံးပွဲစဉ်များအထိ ဆွဲဆောင်မှု အားကောင်းလျက် ရှိနေသည်ကို တွေ့ရသည်။







