အင်္ဂါ, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၀

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > အထည်ချုပ်စက်ရုံ ဖယ်ရီကား တိမ်းမှောက်၊ လူတဦး သေဆုံး

အထည်ချုပ်စက်ရုံ ဖယ်ရီကား တိမ်းမှောက်၊ လူတဦး သေဆုံး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ချင်းမိုင် (မဇ္ဈိမ)။ ။ ပဲခူးမြို့ရှိ မြန်စတား အထည်ချုပ်စက်ရုံမှ အလုပ်သမားများအား ကြိုပို့လုပ်သည့် ကားတစီးသည် ယမန်နေ့ညက တိမ်းမှောက်ခဲ့ရာ အမျိုးသမီးတဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် ဆေးရုံ၏ အပြောအရ သိရသည်။

ရွှေမင်းသားကားသည် ပဲခူးမြို့အနောက်ဘက် ၇ မိုင်ရှိ ဗန်ဒါကုန်းရွာအနီးမှ မြန်စတားစက်ရုံ အလုပ်သမား ၇၀ ခန့် တင်ဆောင်ပြီး ပဲခူးမြို့သို့ မောင်းဝင်လာကာ၊ ထိုမှတဆင့် ၁ဝ မိုင်ခန့်ဝေးသည့် ဘုရားကြီးမြို့သို့ ဆက်လက်ထွက်ခွာလာစဉ် လာကမို့ရွာအနီး၌ ဘီးပေါက်၍ ၁၀ ဘီးကားတစီးအား တိုက်မိရာမှ ယခုလို ထိခိုက်သေဆုံးမှု ဖြစ်ပွားရခြင်း ဖြစ်သည်။

“ပဲခူးမြို့ကနေ သွားနေတာ ပဲခူးကောလိပ်အနီးက လာကမို့ကျေးရွာနား ရောက်တော့ ဘီးပေါက်သွားပြီးတော့ ရှေ့တည့်တည့်မှာ ရပ်ထားတဲ့ ၁၀ ဘီးကားနဲ့ ဝင်ဆောင့်တာ။ မအေးအေးမာက ခေါင်းနဲ့ မျက်နှာ ထိသွားတော့ ပွဲချင်းပြီး ဆုံးသွားတယ်” ဟု ပဲခူးမြို့ ဒေသခံတဦးက ပြောသည်။

အလုပ်သမားများသည် အများအားဖြင့် ၁၈ နှစ်မှ ၂၅ နှစ်အကြား အရွယ်များဖြစ်ကြပြီး ထိခိုက်ဒဏ်ရာရရှိသူ ဦးရေ ၄၀ ခန့်အနက် မသူဇာအောင်၊ မအိအိဖြိုး၊ မဥမ္မာလွင်၊ မသူဇာဝင်း၊ မအိ အပါအဝင် ၃၀ ခန့်မှာ အတွင်းလူနာအဖြစ် ကုသနေရကာ မအေးအေးမာ (၂၅ နှစ်) သည် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း အခြား မြို့ခံတဦးက ပြောသည်။

၁၉ နှစ်အရွယ် မအိအိဖြိုးသည် ဦးခေါင်းကွဲရာ ၁၀ ချက်ချုပ်ရပြီး၊ မချမ်းမြေ့ဇောမှာ ခန္ဓာကိုယ်အောက်ပိုင်း လှုပ်ရှား၍ မရဘဲ ဖြစ်နေသည်။

ပဲခူးမြို့ ဆေးရုံသို့ ဆက်သွယ်မေးမြန်းကြည့်ရာ ကားမှောက်သဖြင့် ထိခိုက်ဒဏ်ရာရသူများ ကုသနေကြောင်း တာဝန်ရှိသူတဦးက ပြောသည်။

“ဟုတ်ပါတယ်။ ပဲခူးဆေးရုံ လူနာတွေကတော့ များတယ်။ အရေးပေါ်တင်ရမယ့် လူဆို တင်ထားတယ်။ ဘယ်နှစ်ယောက်ဆိုတာ မခန့်မှန်းတတ်ဘူး” ဟု သူက ပြောသည်။

ဒုတိယမြို့ခံက “အဲဒီကားထဲမှာ လူအယောက် ၇၀ လောက်ကို ငါးပိသိပ်၊ ငါးချဉ်သိပ်ပြီး လိုက်ပို့တာလေ။ ကားကလည်း ဟောင်းပြီး စုတ်ပြတ်သပ်နေတာပဲ” ဟု ပြောသည်။

စက်ရုံ တာဝန်ရှိသူများက အလုပ်သမားများကို ခွင့်အဖြစ် တရက်သာပေးပြီး၊ အလုပ်ဆင်းကြရန် ပြောကြားခဲ့ကြောင်း ဒေသခံများက ပြောသည်။

 

Editor's choice

အလွမ်းစကား

News image

ကျမ ထောင်ဝင်စာတွေ့ဖို့ ကလေးမြို့ကို ရောက်နေတဲ့အချိန် ဖြစ်ပါတယ်။ ရတနာပုံအိမ်ကြီးရဲ့ တီဗီရှေ့မှာ အိမ်ရှင် ...

ဘိလပ်မြေဈေး ကျပ်တထောင်ကျော် မြင့်တက်

ဈေးကွက်အတွင်း ဝယ်လိုအားများနေသဖြင့် ဘိလပ်မြေဈေးနှုန်းများ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကျပ်တထောင်ကျော်...

ဆရာ …. နှစ်ယောက် ….

ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်တို့က တဖက်နှင့် ဒုတိယကမ္ဘာစစ်မီးကြီးက လျှံလျှံညီးညီး တောက်လောင်၍ ...

အင်တာနက်သုံးသူ မှတ်တမ်းပြုစုရန် အာဏာပိုင်များညွှန်ကြား

အင်တာနက်ဆိုင်များတွင် လာရောက် အသုံးပြုသူများ၏ ကိုယ်ရေး အချက်အလက်များကို မှတ်တမ်း တင်ထားရမည်...