ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ့တေးဂီတ လောကတွင် နာမည်ရ အက်စစ်အဖွဲ့မှ Hip Hop အဆိုတော် ရန်ရန်ချမ်းကို အာဏာပိုင်များက ယမန်နေ့က အင်းစိန်ထောင်မှ ပြန်လွှတ်ပေးလိုက်သည်။
ယမန်နေ့က ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်းရှိ အနောက်ပိုင်းခရိုင် တရားရုံးတွင် သူ့ကို ရုံးထုတ်ခဲ့ရာ တရားသူကြီး အမိန့်ဖြင့် ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
"မနေ့က အဲဒီ အင်းစိန်ကနေပြီးတော့ အနောက်ပိုင်းခရိုင် တရားရုံး တခုကနေပြီးတော့ တရားသူကြီးအမိန့်နဲ့ ပြန်လွှတ်လာခဲ့တယ်" ဟု မိသားစုနှင့်နီးစပ်သူ အမည်မဖော်လိုသူ ရှေ့နေတဦးက မဇ္ဈိမကို ပြောသည်။
''သူကတော့ မူးယစ်မှုပဲလေ။ ဘာအမှုနဲ့ တပ်ထားလဲတော့ မသိဘူး။ သူ လွတ်လာတာကို ပြောတယ်။ သူနဲ့တော့ စကား ပြန်မပြောဖြစ်သေးဘူး'' ဟု အဆိုပါ ရှေ့နေက ဆိုသည်။
ရန်ရန်ချမ်း၏ မိသားစုဝင်များထံ ဆက်သွယ်မေးမြန်းကြည့်ရာ ယမန်နေ့က ပြန်လွတ်လာသည်မှာ မှန်ကန်ကြောင်း အတည်ပြု ပြောဆိုသော်လည်း အသေးစိတ်ကိုမူ ပြောဆိုရန် ငြင်းဆိုခဲ့သည်။
ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် ဧပြီလဆန်းပိုင်းက စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ မိတ်ဆွေတဦး၏ နေအိမ်တွင် တည်းခိုနေစဉ် ဒေသခံ အာဏာပိုင်များက ရန်ရန်ချမ်းကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
သူသည် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလကုန်ပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည့် Generation Wave - GW အဖွဲ့မှ ကိုကျော်ကျော် (ခေါ်) ကိုဇေယျာသော်နှင့်အတူ အက်စစ်အဖွဲ့ကို စတင် ထူထောင်ခဲ့သူ ဖြစ်သည်။







