သောကြာ, ၀၃ စက်တင်ဘာ ၂၀၁၀

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အဖွဲ့ ဆိုင်ကလုံးဒဏ်ခံ ဒေသသို့ သွားရောက်မည်

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အဖွဲ့ ဆိုင်ကလုံးဒဏ်ခံ ဒေသသို့ သွားရောက်မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒီဇင်ဘာလကုန် အားလပ်ရက် ခရီးစဉ်အဖြစ် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်း လည်ပတ်မည့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်အဖွဲ့ကို ကြိုဆိုရေးအတွက် ပြင်ဆင်မှု လုပ်ငန်းများ လုပ်ကိုင်ရန် ဝန်ကြီးများနှင့် စီးပွားရေးသမား အများအပြား ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံ ဧရာဝတီ မြစ်ဝကျွန်းပေါ်သို့ အပြေးအလွှား သွားရောက်နေသည်။

ဗိုလ်ချုပ်မှူးကြီးသည် သူရရွှေမန်း၊ ဝန်ကြီးချုပ်သိန်းစိန်၊ အတွင်းရေးမှူး (၁) သီဟသူရ တင်အောင်မြင့်ဦးနှင့်အတူ ရန်ကုန်မြို့သို့ တနင်္လာနေ့က ရောက်ရှိနေပြီး၊ ရန်ကုန်တိုင်းအတွင်းရှိ မုန်တိုင်းဒဏ်ခံ မြို့နယ်များသို့ ဗုဒ္ဓဟူးနေ့တွင် သွားရောက်ကြည့်ရှုမည်ဟု မြန်မာပြည်၏ တောတွင်းမြို့တော်သစ် နေပြည်တော်သတင်းရပ်ကွက်က ပြောကြားခြင်းဖြစ်သည်။

တပ်မတော်အကြီးအကဲနှင့် သူ၏အဖွဲ့သည် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်တိုင်း ဒေးဒရဲ၊ ကွမ်းခြံကုန်းနှင့် ကျိုက်လတ်မြို့နယ်များသို့ သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို သွားရောက်စစ်ဆေးကြည့်ရှုမည်။ သူ့မိသားစုနှင့်အတူ ဧရာဝတီတိုင်း ငွေဆောင်ကမ်းခြေသို့ အားလပ်ရက်ခရီး ထွက်ရန်လည်း စီစဉ်ထားသည်ဟု အဆိုပါသတင်းရပ်ကွက်က ပြောသည်။

သို့သော် ဗိုလ်ချုပ်မှူးကြီးသည် ဒီဇင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် ဒုတိယအကြိမ် ခရီးစဉ်အဖြစ် ဧရာဝတီတိုင်းရှိ ဖျာပုံ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ငပုတောနှင့် လပွတ္တာမြို့များသို့လည်း သွားရောက်မည်။

စီစဉ်ထားသောခရီးစဉ်ကြောင့် ရန်ကုန်နှင့် ဧရာဝတီတိုင်းအတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် တာဝန်ပေးခြင်းခံရသော ဝန်ကြီး အများအပြားနှင့် သက်ဆိုင်ရာ ကုမ္ပဏီများအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေသည်ဟု သိရသည်။

မီးရထား၊ သစ်တော၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ အားကစားဝန်ကြီးဌာနများကို တာဝန်ယူထားသော ဝန်ကြီးများ အပါအဝင် ဝန်ကြီးအများအပြားနှင့် စစ်အစိုးရ၏ စီးပွားဖက် ကုမ္ပဏီများဖြစ်သော ထူးထရေဒင်း၊ မက်စ်မြန်မာ (Max Myanmar) ၊ အေရှားဝေါလ်ဒ် (Asia World) ၊ အီဒင်မြန်မာ (Eden Myanmar) ၊ ယုဇန နှင့် ဒဂုံတို့သည် ဗိုလ်ချုပ်မှူးကြီး လာရောက်ကြည့်ရှုမည့် နေရာများတွင် "ကြိုတင်ပြင်ဆင်မှုများ" လုပ်ရန် အပြေးအလွှား သွားရောက်နေသည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

"အဲဒီနေရာတွေမှာ နောက်ဆုံးမိနစ် အချောသတ်လုပ်ငန်းတွေ လုပ်ဖို့ ခိုင်းထားတယ်။ ခြံစည်းရိုး ဆေးသုပ်တာတို့၊ မြေကြီးပေါ် လှဲကျင်းထားတာတို့၊ အိမ်တွေငှားထားတာတို့ လုပ်နေကြတယ်။ အစိုးရချပေးတဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကြောင့် ဆိုင်ကလုံးဒုက္ခသည်တွေ အကျိုးခံစားနေကြရပါပြီဆိုတာ ပြဖို့ပေါ့" ဟု ထိုသတင်းရပ်ကွက်က ပြောသည်။

ဆိုင်ကလုံးဒဏ်ခံ ဒေသများတွင် အလုပ်များ ဆက်လက်လုပ်ဆောင်နေဆဲရှိကြောင်း ပြသရန်အတွက် အဆိုပါ ကုမ္ပဏီများသည် ယင်းတို့၏ ထွန်စက်များ၊ ဘူဒိုဇာများ၊ လမ်းကြိတ်စက်များနှင့် ထရပ်ကား အများအပြားကို လုပ်ငန်း လုပ်ဆောင်ရာ နေရာများသို့ ပြန်လည်ယူဆောင်လာနေသည်။ သို့သော် အဆိုပါ သတင်းရပ်ကွက်၏ အဆိုအရ ကုမ္ပဏီများသည် ဤဒေသများမှ သူတို့ဘာသာ ပြန်လည်ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး၊ ဆိုင်ကလုံး ဒုက္ခသည်များအတွက် ဆောက်လုပ်ထားသော အိမ်များကို ပြန်လည်ရောင်းစားသွားသည်ဟု ဆိုသည်။

"ဝန်ကြီးတွေကတော့ သူတို့လုပ်ထားတာတွေ ဘယ်လောက် အောင်မြင်ထိရောက်နေတယ် ဆိုတာပြဖို့ အကောင်းဆုံး လုပ်နေကြတာပဲ။ တချို့က မုန်တိုင်းဒုက္ခသည်တွေအတွက် ဆောက်ထားတဲ့ အိမ်တွေကို ပြန်ရောင်းစားကြတယ်။ တချို့က ငှားစားကြတယ်။ ပြန်ဆောက်ထားတဲ့ ရွာတွေကလည်း ရွာပျက်တွေလိုပါပဲ။ ဒါကြောင့် အခု ဆေးပြန်သုပ်နေရတာ" ဟု ထို သတင်းရပ်ကွက်က ပြောသည်။

"အခုတော့ မနက်ဖန် (ဒီဇင်ဘာလ ၂၄ ရက်) သွားမဲ့ဒေသဖြစ်တဲ့ ကွမ်းခြံကုန်းလမ်းကို သူတို့ (ဝန်ကြီးတွေနဲ့ ကုမ္ပဏီတွေ) ပြန်ပြင်နေကြတယ်" ဟု ထိုသတင်းရပ်ကွက်က ဆက်ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် သူ့အဖွဲ့သည် ပြန်လည်ထူထောင်ရေးနှင့် အရေးပေါ် စီမံကိန်းများဖြစ်သည့် မုန်တိုင်းခို အဆောက်အဦများ ဆောက်လုပ်ထားခြင်းကို ကြည့်ရှုလိုသော်လည်း၊ အဆိုပါ အဆောက်အဦများမှာ မဆောက်လုပ်ရသေးသည့်အတွက် ကွန်ပြူတာပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခြင်းသာ လုပ်နိုင်မည်ဟုလည်း ထိုသတင်းရပ်ကွက်က ပြောသည်။

မည်သို့ပင်ဖြစ်စေ ဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့သည် ရဟတ်ယာဉ်များဖြင့်သာ ပျံသန်းစစ်ဆေးကြည့်ရှုမည် ဖြစ်သည့်အတွက် ဝန်ကြီးများနှင့် စီးပွားရေးသမားများအတွက် စိတ်သက်သာရာရစေသည်ဟု ဆိုသည်။ သူတို့အနေနှင့် အမှန်တကယ် လုပ်ဆောင်ရန်မလိုဘဲ အပြသက်သက်သာ လိုသည်ဟု ထိုသတင်းရပ်ကွက်က ပြောသည်။

"နောက်တခါ မုန်တိုင်းဒီရေတက်လာခဲ့ရင် ခိုလှုံဖို့ ဆိုင်ကလုံးမုန်တိုင်းခို အဆောက်အဦတွေနဲ့ လမ်းတွေ တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ သူ ကောင်းကောင်းသိပါတယ်။ ဝန်ကြီးတွေကလည်း ကမ်းရိုးတန်းတလျှောက် ဘေးက ရွှံ့တွေ ပုံထားလိုက်ရုံပဲ။ လေယာဉ်ပေါ်ကကြည့်ရင် တာအမြင့်ကြီး ဖို့ထားတဲ့လမ်းလို ဖြစ်နေမှာပေါ့။ အဲဒါက မိုးရွာတာနဲ့ ပြိုမှာပဲ" ဟု ထိုသတင်းရပ်ကွက်က ပြောသည်။

ဤသို့ အပြလုပ်ငန်းများ ရှိနေသော်လည်း ဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့သည် သေချာစွာ စစ်ဆေးကြည့်ရှုလျှင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပြီးစီးမှုအတိုင်းအတာကို သိရှိနိုင်သည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

"ဒါပေမဲ့ ပြဿနာက သူတို့ကလည်း ဒီနေရာတွေ လာကြည့်တယ်ဆိုတာ နာမည်ခံသက်သက်ပဲ။ အားလပ်ရက် တေဇရဲ့ ငွေဆောင်အပန်းဖြေစခန်းကို အပန်းဖြေခရီးထွက်ရင်း လမ်းကြုံဝင်ကြည့်တဲ့ သဘောလောက်ပဲ" ဟု အဆိုပါ သတင်းရပ်ကွက်က စစ်အစိုးရ၏ အကြီးဆုံး လက်ရင်းတပည့် စီးပွားရေးသမားနဲ့ ထူးထရေဒင်း ကုမ္ပဏီပိုင်ရှင် ဦးတေဇကို ရည်ညွှန်းပြောကြားသွားခဲ့သည်။

(မုံပီးရေးသားသည်)