သတင်း ပြည်တွင်းသတင်း ရန်ကုန် ရွှေဈေး ၂၀ ရာခိုင်နှုန်း ကျဆင်း
ရန်ကုန် ရွှေဈေး ၂၀ ရာခိုင်နှုန်း ကျဆင်း Print E-mail
သဲသဲ   
သောကြာနေ့၊ နိုဝင်ဘာလ 21 2008 18:28 - မြန်မာစံတော်ချိန်


နယူးဒေလီ။     ။ ရန်ကုန်ရွှေဈေးနှုန်းမှာ ၃ လအတွင်းကျဆင်းလာရာ ယခုအခါ ၂၀ ရာခိုင်နှုန်း အထိပင် ထိုးကျနေသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက တကျပ်သားလျှင် ကျပ်ငွေ ၆ သိန်း ၅ ထောင်မှ ယခုအခါ ၄ သိန်း ၈ ထောင်သာ ရှိတော့ရာ ရွှေဝယ်ယူ စုဆောင်းသူ များပြားလာပြီး လက်လီဈေးကွက်တွင် အ၀ယ်လိုက်သဖြင့် ရောင်းအားကောင်းကြောင်း ရန်ကုန်မြို့ရှိ ရွှေဆိုင်များက ပြောဆိုခြင်းဖြစ်သည်။

"ရွှေဈေးက အရမ်းကျနေတယ် ၀ယ်မယ်ဆို ၀ယ်လို့ ကောင်းတယ်။ အခုရက်ပိုင်းဆို ဘဏ်တွေကနေ ငွေထုတ်ပြီး လာဝယ်နေကြတာ" ဟု ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် လှည်းတန်းလမ်းမပေါ်ရှိ တာလီရွှေဆိုင်မှ အရောင်းတာဝန်ခံက မဇ္ဈိမကို ပြောသည်။

ဝယ်ယူသူများအများစုမှာ ရွှေအရောင်းအ၀ယ် လုပ်သူများမဟုတ်ဘဲ လက်ဝတ်ရတနာအဖြစ် ၀ယ်ယူ စုဆောင်းလိုသူများ ဖြစ်သည်ဟု သူက ဆိုသည်။

ရန်ကုန်မြို့၏ အဓိက ရွှေဈေးကွက်ဟု လူသိများသော လသာမြို့နယ် မဟာဗန္ဓုလလမ်းမကြီးပေါ်ရှိ နာမည်ကြီး ရွှေဆိုင်တခုမှ မန်နေဂျာကလည်း လွန်ခဲ့သော တပတ်ခန့်မှ စတင်ကာ လက်လီဈေးကွက်တွင် အ၀ယ်လိုက်လာပြီး ကျဈေးဖြင့်သာ ဆက်လက် ရောင်းချနေရကြောင်း ပြောသည်။

သူက "ပေါက်ဈေးက သိသိသာသာကျတော့ ဒီရက်ပိုင်းအတွင်း ပိုရောင်းရပါတယ်။ လက်လီ အရောင်းအ၀ယ် ပိုဖြစ်တာပေါ့" ဟု ပြောသည်။

ယခုလို ရွှေဈေးနှုန်းမှာ သိသာစွာ ကျဆင်းရခြင်းမှာ ကမ္ဘာ့ရေနံဈေးနှုန်းများ ကျသဖြင့် ကမ္ဘာ့ရွှေဈေးကွက်လည်း လိုက်လံ ကျဆင်းလာသောကြောင့် ဖြစ်သည်ဟု ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် နဂါးညီနောင် ရွှေပန်းတိမ် လုပ်ငန်းရှင်က ပြောသည်။

"ရွှေဈေး ကျတာက ကမ္ဘာ့ရွှေဈေးကွက် ကျလာတာကြောင့်မို့ပါ။ ရေနံဈေးကျရင် ကမ္ဘာ့ရွှေဈေးလည်း ကျတယ်" ဟု သူက ပြောသည်။

မြန်မာနိုင်ငံ၏ ရွှေဈေးနှုန်းသည် ကမ္ဘာ့ရွှေဈေးကွက် အတတ်အကျနှင့် သက်ဆိုင်သည့်အပြင် အမေရိကန် ဒေါ်လာနှင့် မြန်မာကျပ် ငွေလဲလှယ်နှုန်း အပေါ်တွင်လည်း မူတည်သည့်အတွက် ရွှေဈေးများ ဆက်လက် ကျဆင်းဖွယ် ရှိ၊ မရှိကိုမူ မပြောနိုင်သေးကြောင်း အဆိုပါ လုပ်ငန်းရှင်ကပင် ပြောသည်။

ဤသို့ ရွှေဈေး ကျဆင်းလာခြင်းမှာ ကမ္ဘာ့ငွေကြေး အကျပ်အတည်းနှင့် ပတ်သတ်မှု ရှိသည်ဟုလည်း ရွှေဆိုင် အသိုင်းအ၀ိုင်းတွင်မူ ပြောဆိုနေကြကြောင်းလည်း သိရသည်။


 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved