သတင်း ပြည်တွင်းသတင်း ဦးဂမ္ဘီရ ထောင်ဒဏ် ၆၈ နှစ် ကျခံရမည်
ဦးဂမ္ဘီရ ထောင်ဒဏ် ၆၈ နှစ် ကျခံရမည် Print E-mail
သန်းထိုက်ဦး   
သောကြာနေ့၊ နိုဝင်ဘာလ 21 2008 17:26 - မြန်မာစံတော်ချိန်


ချင်းမိုင်။     ။ ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင် ဆရာတော်တပါးဖြစ်သူ ဦးဂမ္ဘီရအား အင်းစိန်ထောင်တွင်းရှိ အထူးတရားရုံးတခုက ယနေ့တွင် ထပ်တိုးထောင်ဒဏ် ၅၆ နှစ် ချမှတ်လိုက်သဖြင့် စုစုပေါင်း ကျခံရမည့် ထောင်ဒဏ်မှာ ၆၈ နှစ် ကျခံရတော့မည် ဖြစ်သည်။

ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်မှ စွဲဆိုထားသည့် အမှု ပုဒ်မ ၉ ခု၊ အလုံမြို့နယ်မှ စွဲဆိုထားသော ပုဒ်မ ၄ ခု စုစုပေါင်း ပုဒ်မ ၁၃ ခုဖြင့် ယခုလို ထောင်ချခံရခြင်း ဖြစ်ကြောင်း ဆရာတော်၏ မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။   

ယခုလ ၁၉ ရက်နေ့ကလည်း အရှင် ဦးဂမ္ဘီရအား အင်းစိန်ထောင်းတွင်းရှိ ကြည့်မြင်တိုင်မြို့နယ် တရားရုံးက သာသနာညှိုးနွမ်းစေသည့် ပြစ်မှု - ပုဒ်မ ၂၉၅ (က) နှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို နှောင့်ယှက်မှု - ပုဒ်မ ၅၀၅ (ခ) အပါအ၀င် အမှုတွဲ ၃ မှုဖြင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ပြီး ဖြစ်သည်။  

အသက် ၂၉ နှစ်အရွယ်၌ ဓမ္မာစရိယတန်း စာဝါလိုက်နေရင်း နိုင်ငံရေးတွင် စိတ်ပါဝင်စားခဲ့သူ ဦးဂမ္ဘီရသည်  ၂၀၀၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးဟု အမည်တွင်ခဲ့သော သံဃာ-လူထုလှုပ်ရှားမှုကြီးတွင် ဦးဆောင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင် ဆရာတော်တပါး ဖြစ်ခဲ့သည်။  

သူသည် ရွှေဝါရောင်အပြီး အာဏာပိုင်များ၏ ဖမ်းဆီးမှုများမှ တိမ်းရှောင်နေရင်း မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်တွင် ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က အာဏာပိုင်တို့၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။  

အလားတူ အင်းစိန်ထောင်တွင်း၌ပင် မန္တလေးတိုင်း သံဃတပ်ပေါင်းစုမှ အဖမ်းဆီးခံ အရှင် ဦးကေလာသကိုလည်း  မတရားအသင်းပြစ်မှု ပုဒ်မများဖြင့် ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခံရပြီးနောက် ယနေ့တွင် ပုဒ်မ ၂ ခုဖြင့် ထပ်တိုးထောင်ဒဏ် ၄ နှစ် ထပ်မံ အမိန့်ချလိုက်သည့်အတွက် စုစုပေါင်းထောင်ဒဏ် ၃၉ နှစ် ဖြစ်သွားသည်။    

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၅ ရက်နေ့က မကွေးတိုင်း ပခုက္ကူမြို့တွင် လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် စစ်အစိုးရမှ အာရုံစိုက် လုပ်ဆောင်ပေးရန် စီတန်း လမ်းလျှောက်ကာ မေတ္တာသုတ် ရွတ်ဆိုကာ ဆန္ဒဖေါ်ထုတ်ပြသကြသော ရဟန်းတော်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဓာတ်တိုင်တွင် ကြိုးတုတ်ချည်နှောင်ကာ ရိုက်နှက်ခဲ့ပြီးနောက် သံဃတပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင်မှုဖြင့် ဆန္ဒပြပွဲများသည် တနိုင်ငံလုံးသို့ ပြန့်ပွားခဲ့သည်။   

ယခုကဲ့သို့ နိုင်ငံရေး လှုပ်ရှားသူများအား နေ့စဉ်ရက်ဆက် နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးမှုများ ပြုလုပ်နေခြင်းနှင့် ပတ်သက်ပြီး စစ်အစိုးရအား တရားဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ပြန်လည် ညိုနိုင်းဆောင်ရွက်ပေးပါရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယမန်နေ့က ကြေညာချက်ထုတ်၍ တိုက်တွန်းတောင်းဆိုခဲ့သည်။


 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved