သတင်း ပြည်တွင်းသတင်း ILO တိုင်ကြားသူ ၄ ဦးအပေါ် စစ်တပ်က စွဲဆိုချက်ပြောင်း
ILO တိုင်ကြားသူ ၄ ဦးအပေါ် စစ်တပ်က စွဲဆိုချက်ပြောင်း Print E-mail
မြင့်မောင်   
သောကြာနေ့၊ နိုဝင်ဘာလ 21 2008 12:11 - မြန်မာစံတော်ချိန်


နယူးဒေလီ။     ။ စစ်တပ်က လယ်ယာမြေသိမ်းသည်ကို ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်ထံ တိုင်ကြားခဲ့ဖူးသူ နတ်မောက်မြို့နယ်မှ တောင်သူ ၃ ဦးကို အီလက်ထရောနစ် အက်ဥပဒေဖြင့် စစ်တပ်က ပြန်လည် တရားစွဲဆိုလိုက်သည်။

မကွေးတိုင်း နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာငါးခုမှ ရွာသားများက သူတို့၏ လယ်ယာမြေများကို ဒေသရှိ ပင်မ စစ်လက်နက်တပ်က သိမ်းယူခဲ့သည်ဆိုပြီး အိုင်အယ်လ်အိုခေါ် ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်သို့ တိုင်ကြားမှုဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ နတ်မောက်မြို့နယ် ငရဲကန် ကျေးရွာသားသုံးဦးကို ပင်မလက်နက်တပ်မှ ဗိုလ်ကြီး ဖြိုးဝေလင်းက တရားလိုလုပ်ကာ အီလက်ထရောနစ် အက်ဥပဒေကို ချိုးဖောက်သည်ဟု မြို့နယ်တရားရုံးတွင် စွဲချက်တင်လိုက်သည်။

"အခုတော့ ဒုက္ခတွေ ရောက်တော့တာပေါ့ဗျာ။ အခုတော့ ခြေဦးတည့်ရာ ပြေးနေရတယ်" ဟု အိုင်အယ်လ်အိုသို့ တိုင်ကြားမှုတွင် ပါဝင်ခဲ့သော တောင်သူ ဦးတင့်က မဇ္ဈိမကို ပြောသည်။  

နတ်မောက်-မကွေး ရထားလမ်းအနီးရှိ ပင်မ စစ်လက်နက်တပ်က လယ်ဧက ၅ ထောင်ခန့်အား သိမ်းယူခဲ့သည်ဆိုကာ ငရဲကန်၊ ရွာသစ်၊ ညောင်ပေါက်အပါအ၀င် ကျေးရွာ ၅ ရွာမှ ရွာသား ၄၉ ဦးက အိုင်အယ်လ်အို ခေါ် အလုပ်သမား အဖွဲ့ချုပ်ထံသို့ သြဂုတ်လ ၃ ရက်နေ့က တိုင်ကြားခဲ့သည်။

"အီလက်ထရောနစ် အက်ဥပဒေကိုလည်း ကျနော်တို့ နားမလည်ဘူး။ သူတို့ပြောတဲ့ ဗီဒီယိုအက်ဆိုတာက ကျနော်တို့ ကျေးလက်ဒေသမှာ ရုပ်ရှင်မင်းသမီး၊ မင်းသားတွေရဲ့ ဇာတ်လမ်းကို နပ်မှန်အောင် ကြည့်ရတာမှ မဟုတ်တာ။" ဟု ဦးတင့်က ပြောသည်။

အီလက်ထရောနစ်အက်ဥပဒေသည် စစ်အစိုးရက သဘောကွဲလွဲသူ အချို့ကို စွဲဆိုလေ့ရှိသော လက်နက်တခုဖြစ်ပြီး အင်တာနက်ကို အသုံးပြု၍ အာဏာပိုင်များကို ထိခိုက်နစ်နာစေရန် သတင်းအချက်အလက်များ ဖြန့်ဝေသည်ဟု ဆိုသည်။

တရားဆိုင်များသည် သတင်းအချက်အလက်များကို ပြည်ပသတင်းဌာနများသို့ အင်တာနက် အသုံးပြု ပေးပို့ခဲ့သည်ဟုလည်း တရားလိုဖြစ်သူ ဗိုလ်ကြီးဖြိုးဝေလင်းက စွပ်စွဲထားသည်။

ထင်ရှားသော ပြစ်ဒဏ်ချမှုတခုတွင် နိုဝင်ဘာ ၁၀ ရက်နေ့က ဘလော့ဂါတဦးဖြစ်သူ ကိုနေဘုန်းလတ်ကို ထောင်ဒဏ်အနှစ် ၂၀ ပြစ်ဒဏ် ချမှတ်ရာတွင် အီလက်ထရောနစ် အက်ဥပဒေ ချိုးဖောက်သည်ဟုလည်း ပါဝင်ခဲ့သည်။

အောက်တိုဘာ ၂၀ ရက်နေ့တွင် ငရဲကန် ကျေးရွာသားများဖြစ်သည့် ကိုလှစိုး၊ ကိုနေလင်းနှင့် ကိုစိန်စတင်းတို့ကို နတ်မောက်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး နောက်ကိုးရက်အကြာတွင် ကိုဇော်ဌေးဆိုသူအား ထပ်မံ ဖမ်းဆီးလိုက်သည်။

ပင်မလက်နက်တပ်မှ ဗိုလ်ကြီး ဖြိုးဝေလင်းက နိုင်ငံတော် လျှို့ဝှက်ချက်ကို ဖော်ထုတ်မှု - ပုဒ်မ ၃၁ (က)၊ စစ်တပ် အဆောက်အဦအား မှတ်တမ်းတင်သည့်အမှု - ပုဒ်မ ၅၁ (က) နှင့် တရားစွဲဆိုခဲ့သော်လည်း နောက်ပိုင်းတွင် အီလက်ထရောနစ် အက်ဥပဒေ ချိုးဖောက်မှုဖြင့် ပြောင်းလဲ စွဲဆိုခဲ့သည်။

၂၀၀၅ ခုနှစ်မှစ၍ ပင်မစစ်လက်နက်တပ်မှ ကြက်ဆူပင်စိုက်ပျိုးရန် လယ်မြေဧက ၅ ထောင်နီးပါးကို သိမ်းယူသွားခဲ့သည်ဟု တောင်သူများ၏ တိုင်တန်းမှုတွင် ပါရှိသည်။


 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved