သတင်း ပြည်တွင်းသတင်း မြန်မာဒေါ်လာဈေး ထိုးဆင်းသွား
မြန်မာဒေါ်လာဈေး ထိုးဆင်းသွား Print E-mail
ဖနိဒါ   
ကြာသပတေးနေ့၊ နိုဝင်ဘာလ 20 2008 17:54 - မြန်မာစံတော်ချိန်


ချင်းမိုင်။     ။ ရန်ကုန်တွင် အက်ဖ်အီးစီ ဈေးနှုန်းမှာ ယခင်လကထက် ကျပ်ငွေ ၄၀ ကျဆင်းသွားသည်။

ပြီးခဲ့သည့်လက နိုင်ငံခြားငွေလဲသည့် ဈေးကွက်၌ မြန်မာ့ဒေါ်လာဖြစ်သည့် အက်ဖ်အီးစီ ၁ ယူနစ်လျှင် ၁၂၃၀ ကျပ်ရှိရာမှ ယနေ့တွင် အများအားဖြင့် အရောင်းအ၀ယ်လုပ်သည်မှာ ၁၁၉၀ ကျပ်ဈေးသာ ဖြစ်သည်။

အက်ဖ်အီးစီအနေဖြင့် မဖြစ်မနေ သုံးစွဲရမည့်နေရာ နည်းပါးသလို ပြည်တွင်း၌သာ သုံးစွဲနိုင်သည့် ငွေကြေးထက် နိုင်ငံတကာသုံး ငွေမာဖြစ်သည့် ဒေါ်လာကိုသာ ၀ယ်ယူ ကိုင်ဆောင်လိုသဖြင့် အက်အီးစီ အ၀ယ်ကျဆင်းရခြင်းဖြစ်ကြောင်း စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က ပြောသည်။

"လောလောဆယ် အက်အီးစီ အသုံးက ဘာမှမရှိဘူးလေ။ အစိုးရက ရောင်းဝယ်တဲ့ဟာမျိုး ထူးထူးခြားခြား မရှိဘူး။ အက်အီးစီကို ဓာတ်ဆီတို့လိုမျိုး ထူးထူးခြားခြား ၀ယ်တဲ့အခါမှာ သုံးတယ်လေ။ ဒေါ်လာကတော့ ငွေမာဆိုတဲ့ သဘောမျိုးရှိတော့ နိုင်ငံခြားမှာ ဈေးကျရင်လည်း ဒီမှာက ကိုင်ထားပုံရပါတယ်လေ" ဟု ဦးခင်မောင်ညိုက ပြောသည်။

အက်ဖ်အီးစီတယူနစ်လျှင် အမေရိကန် တဒေါ်လာနှင့် တူညီသည်ဟု စစ်အစိုးရက တရားဝင် သတ်မှတ်ထားသော်လည်း အရောင်းအ၀ယ် လက်တွေ့ဖြစ်သည့် မှောင်ခိုဈေးကွက်တွင် အက်ဖ်အီးစီဈေးမှာ ဒေါ်လာထက် လျော့နည်းလေ့ ရှိသော်လည်း ယခု ကွာဟမှုမှာ များပြား ထူးကဲနေသည်။

နိုင်ငံခြားငွေ ရောင်းဝယ်သူတဦးကမူ ရန်ကုန်ရှိ ငွေကြေးရောင်းဝယ်သူများမှာ အက်ဖ်အီးစီဈေး ပိုမိုကျဆင်းမည်ကို စိုးရိမ်သဖြင့် ၀ယ်ယူမှု ရပ်ထားကြောင်း ပြောသည်။

သူက "ဒေါ်လာတက်ပြီး အက်အီးစီ ပြန်ကျသွားတာ။ အရင်လက ဒေါ်လာနဲ့ အက်အီးစီဈေးက ၅၊ ၁၀ ကျပ်လောက်ပဲ ကွာတာ။ အခုတော့ ၅၀ လောက် ကွာသွားတယ်လေ။ ကျနော်တို့က လောလောဆယ် ဆက်ကျမှာစိုးလို့ အက်အီးစီကို မ၀ယ်သေးဘူး။ နောက်လဆို ပိုတက်လာမယ်လို့ ပြောတယ်" ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်နေ့မှ စတင်ကာ စစ်အစိုးရက စက်သုံးဆီ တဂါလံလျှင် အက်ဖ်အီးစီ ၄ ဒေါ်လာနှုန်း သတ်မှတ် ရောင်းချပေးသော်လည်း လောင်စာဆီမှာ မှောင်ခိုဈေးများ ကျဆင်းနေသဖြင့် အက်ဖ်အီးစီဖြင့် ၀ယ်ယူမှု နည်းပါးလွန်းနေသည်ဟု အစိုးရစက်သုံးဆီ အရောင်းဆိုင်များက ပြောသည်။

စက်သုံးဆီ  ဒီဇယ် တဂါလံလျှင် ယခင်လက ၄၀၀၀ ကျပ်မှ ယခုအခါ ၃၃၀၀ ကျပ်နှုန်းရှိပြီး ဓာတ်ဆီဈေးမှာ ၃၇၀၀ ကျပ်မှ ၃၁၀၀ ကျပ်ထိ ကျဆင်းသွားသည်။


 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved