သတင်း ပြည်တွင်းသတင်း ဟစ်ဟော့ပ် အဆိုတော် ဇေယျာသော်ကို ထောင်ဒဏ် ၆ နှစ်ချမှတ်
ဟစ်ဟော့ပ် အဆိုတော် ဇေယျာသော်ကို ထောင်ဒဏ် ၆ နှစ်ချမှတ် Print E-mail
နန်းဒေ၀ီ   
ကြာသပတေးနေ့၊ နိုဝင်ဘာလ 20 2008 16:51 - မြန်မာစံတော်ချိန်


နယူးဒေလီ။     ။ ACID တေးဂီတအဖွဲ့မှ ဟစ်ဟော့အဆိုတော် ဇေယျာသော် အား ယနေ့တွင် ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် တရားရုံးမှ ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်သည်။

မြန်မာလူငယ်ထုအကြား ရေပန်းစားခဲ့သော  ကိုဇေယျာသော် ခေါ် ကိုကျော်ကျော်အား နိုင်ငံခြားငွေ ကိုင်ဆောင်မှုနှင့် တရားမ၀င်အသင်း ဖွဲ့စည်းမှုတို့ဖြင့် စစ်အစိုးရက တရားလိုပြုလုပ်ကာ ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

"စရဖ (စက်ဘက်ရေးရာ လုံခြုံရေး) က ထွက်ဆိုတဲ့အတိုင်းပဲ။ ဒီနေ့ တရားရုံးက တရားသူကြီးတွေက အမိန့်ချလိုက်တာပါ။ နိုင်ငံခြားငွေ ကိုင်ဆောင်မှုက ၁ နှစ်နဲ့ တရားမ၀င်အသင်းအဖွဲ့ ဖွဲ့စည်းမှုက ၅ နှစ် ချလိုက်တာပါ။ ကျမတို့ဘက်က ဘာမှ ခုခံပိုင်ခွင့်တောင် မရှိပါဘူး" ဟု ကိုဇေယျာသော်၏ အဒေါ်ဖြစ်သူ ရှေ့နေ ဒေါ်ခင်သန်းဌေးက မဇ္ဈိမကို ပြောသည်။

"အနုပညာရှင် တယောက်ဖြစ်တော့ နိုင်ငံခြားမှာ ဖျော်ဖြေရေး အစီစဉ်တွေ သွားနေရတယ်။ နိုင်ငံခြားငွေတွေကို နဲနဲစုထားတာတွေ ပါတယ်လေ။ ထိုင်းဘတ် ၁၀၀ တန်တရွက်၊ မလေးရှား ရင်းဂစ် အကြွေတချို့နဲ့ စင်္ကာပူ ဒေါ်လာငွေ တွေ့တာ။ မြန်မာငွေ တသောင်းတောင် မကျော်ပါဘူး" ဟု သူမက ဆက်ပြောသည်။

ယခုနှစ် မတ်လ ၁၂ ရက်နေ့က ကိုဇေယျာသော်အား ရန်ကုန်တိုင်း ဆရာစံလမ်းနှင့် ၆၆ လမ်းကြားရှိ  စားသောက်ဆိုင်တဆိုင်တွင် စရဖ  က ဖမ်းဆီးခဲ့သည်။

အနုပညာရှင်တဦးအနေဖြင့် ယခုလို ထောင်ချခံရခြင်းအပေါ် ဂုဏ်ယူမိကြောင်း ဒေါ်ခင်သန်းဌေးက ယခုလို ဆက်ပြောသည်။

"ကျမအနေနဲ့ ဂုဏ်ယူတယ်။ သူက ခိုးဆိုးလုယက်လို့ ထောင်ဒဏ်ချမှတ်ခံရတာ မဟုတ်ဘူး။ အနုပညာတယောက်အနေနဲ့ အခုလို လုပ်တာ ကျမတို့ ဂုဏ်ယူပါတယ်" ဟု သူက ပြောသည်။

ကိုဇေယျာသော်သည် မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave - GW) မှ အဖွဲ့ဝင်တဦးဟုဖြစ်သည်ဟု အဖွဲ့က ကြေညာထားသည်။

GW သည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးနှင့်အတူ ပေါ်ပေါက်ခဲ့ပြီး လူငယ်များနှင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။

မြန်မာနိုင်ငံတွင် အတိုက်အခံလှုပ်ရှားမှုကို အရေးယူနိုင်သော ဥပဒေများ ပြဌာန်းထားရာ အဖွဲ့အစည်းဖွဲ့လျှင် အစိုးရထံ မှတ်ပုံတင်ခွင့်ပြုချက်တောင်းယူရသည်။ သို့သော် အာဏာပိုင်များကိုယ်တိုင်ဦးစီးလုပ်ဆောင်သော အဖွဲ့အစည်းများကလွဲလျှင် ပုဂ္ဂလိကနှင့် လူထုအခြေခံအဖွဲ့အစည်း ဖွဲ့စည်းခွင့်ကို ပိတ်ပင်တားမြစ်ထားသည်။

စစ်အစိုးရဆန်ဆန့်ကျင်သည့် တေးသီချင်းများ GW က သီဆိုဖြန့်ဝေခဲ့ရာတွင် လျှို့ဝှက်အဖွဲ့အမည် Freedomfighter နှင့် တွဲဖက်လုပ်ဆောင်ခဲ့သည့် ''နိုးထကြလော့ အိုမြန်မာ"၊  မေလက ဆန္ဒခံယူပွဲအား ကန့်ကွက်ဆန္ဒမဲ ပေးရန် မြန်မာလူထုအား လှုံ့ဆော်သည့် ''NO NO NO'' သီချင်းတို့ ပါဝင်သည်။

GW အဖွဲ့ဝင် အနည်းဆုံး ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်။


 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved