သတင်း ပြည်တွင်းသတင်း လွှတ်တော်အမတ် ဒေါက်တာသန်းငြိမ်း အသည်း ခွဲစိတ်ကုသ
လွှတ်တော်အမတ် ဒေါက်တာသန်းငြိမ်း အသည်း ခွဲစိတ်ကုသ Print E-mail
မြင့်မောင်   
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 19 2008 19:11 - မြန်မာစံတော်ချိန်


နယူးဒေလီ။     ။ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာသန်းငြိမ်းသည် အကျဉ်းထောင်မှ လွတ်မြောက်ပြီး တလခွဲခန့်အကြာ၊ ယခုလ ၁၃ ရက်နေ့က စင်္ကာပူနိုင်ငံတွင် အသည်းခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့က အသက် ၇၁ နှစ်အရွယ် ဒေါက်တာသန်းငြိမ်းသည် အကျဉ်းထောင်မှ ပြန်လွတ်လာပြီးနောက် ယခုလ ၉ ရက်နေ့က စင်္ကာပူသို့ သွားရောက်ပြီး Singapore General ဆေးရုံ၌ အသည်းခွဲစိတ် ကုသခဲ့ရခြင်း ဖြစ်သည်။  

"အသည်းကို အောက်ပိုင်း ဖြတ်ထုတ်လိုက်ရတာပါ။ လောလောဆယ်တော့ ကောင်းပါတယ်။ ဆရာဝန်ကလည်း အားရတယ်လို့ ပြောပါတယ်။ အခု အိမ်မှာပါ။ ဆေးရုံကတော့ ဆင်းပါပြီ" ဟု မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။  

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် နိုင်ငံတော်အကျိုးကို ထမ်းဆောင်နိုင်ရန်ဟုဆိုကာ မြန်မာစစ်အစိုးရက ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့က အကျဉ်းသား ၉၀၀၂ ဦးအား အကျဉ်းထောင်မှ ပြန်လွှတ်ပေးခဲ့ရာ ဒေါက်တာသန်းငြိမ်းလည်း လွတ်မြောက်လာခဲ့သည်။

သူနှင့်အတူ နိုင်ငံရေး အကျဉ်းသားများဖြစ်သည့် သတင်းစာဆရာကြီး ဦးဝင်းတင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်ဒီ လွှတ်တော်အမတ်များ ဖြစ်သည့် ဒေါက်တာမေ၀င်းမြင့် (မရမ်းကုန်း)၊ ဦးအောင်စိုးမြင့် (တောင်ငူ)၊ ဦးခင်မောင်ဆွေ (စမ်းချောင်း)၊ ဦးအေးသိန်း (ပါတီအဖွဲ့ဝင်၊ သပိတ်ကျင်း)နှင့် ရခိုင်ပြည်နယ် အန်အယ်ဒီ အတွင်းရေးမှူး ဦးသိန်းနိုင်လည်း လွတ်မြောက်လာခဲ့သည်။

ဒေါက်တာသန်းငြိမ်းအား ၁၉၉၇ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က အာဏာပိုင်များက ဖမ်းဆီးကာ ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ အစည်းအဝေး လုပ်ဖြစ်ရန် စီစဉ်ပေးမှုကြောင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပြီး လွတ်ရက်စေ့သော်လည်း ပြန်လွှတ်မပေးဘဲ အမြင်ကပ်ပုဒ်မဟု လူသိများသည့် ၁၀ (က) ဖြင့် သက်တမ်းတိုးကာ ဆက်လက် ထိန်းသိမ်းခဲ့သည်။  

ပြန်လွတ်လာသည့် အန်အယ်ဒီ အဖွဲ့ဝင်များအား ပါတီတည်ထောင်မှု နှစ် ၂၀ ပြည့်နေ့ဖြစ်သည့် စက်တင်ဘာလ ၂၇ ရက်နေ့တွင် မူလပေးအပ်ထားသည့် တာဝန်များကို ပြန်လည် ထမ်းဆောင်ရန် ပါတီက အပ်နှင်းခံရသူများထဲတွင် ဒေါက်တာသန်းငြိမ်းလည်း ပါဝင်သည်။

 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved