သတင်း ပြည်တွင်းသတင်း တပ်သားတဦး အထက်အရာရှိကို သတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဟု မျက်မြင်သက်သေများပြော
တပ်သားတဦး အထက်အရာရှိကို သတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဟု မျက်မြင်သက်သေများပြော Print E-mail
မြင့်မောင်   
အင်္ဂါနေ့၊ အောက်တိုဘာလ 07 2008 23:31 - မြန်မာစံတော်ချိန်

နယူးဒေလီ။     ။ ရန်ကုန်တိုင်း တိုက်ကြီးတွင် အခြေစိုက်သော ခလရ ၇၀၇ မှ တပ်သားတဦးသည် ယင်း၏ တပ်မှူးကို သတ်ပြီး စနေနေ့က မိမိကိုယ်မိမိ အဆုံးစီရင်လိုက်သည်ဟု ဒေသခံများက ပြောပါသည်။  

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်မှာ အနီးရှိ အေးမြသာယာရွာ၌ စစ်သားများအကြား လိပ်ခဲတည်းလည်း အခြေအနေတရပ် ဖြစ်ပေါ်နေခဲ့ပြီးနောက် စနေနေ့ညနေက တပ်သား ကျော်ရွှေမောင်သည် သူ့ကို ကျန်ရဲဘော်များက သူတို့ အရာရှိဗိုလ်ကြီးတဦးကို သတ်ဖြတ်အပြီး ထွက်မပြေးနိုင်အောင် ပိတ်မိသွားပြီးနောက် သတ်သေ သွားသည်ကို ကိုယ်တိုင် မြင်ခဲ့ရကြောင်း ပြောပါသည်။  

ထိုဗိုလ်ကြီးကို သတ်ပြီးနောက် ကျော်ရွှေမောင်သည် စနေနေ့ညနေက သူ့တပ်ရင်းမှ ထွက်ပြေးလာခဲ့သည်ဟု အဆိုပါ မျက်မြင်သက်သေက ဆိုပါသည်။ သို့သော် အနီးအနားတွင် တပ်စွဲထားသော ခလရ ၇ဝ၇၊ ခလရ ၃၅၊ ခလရ ၆၊ ခလရ ၄ နှင့် ခလရ ၅ မှရဲဘော်များက ဒေသခံ ရဲများနှင့်အတူ မော်တော် ဆိုင်ကယ်နှင့် ထွက်ပြေးရန် ကြိုးပန်းစဉ် လျှပ်စစ် ထရန် စဖော်မာ အဆောက်အဦ အနီးတွင် သူ့ကို ပိတ်မိသွားခဲ့သည်ဟု ဆိုပါသည်။  

“သူက ၁ဝ ချက်ကျော် မိုးပေါ်ထောင်ပစ်ပြီး ထရန်စဖော်မာတွေ နောက်မှာ ပုန်းနေတာ” ဟု အခြား ဒေသခံများနှင့်အတူ အခင်း ဖြစ်ပွါးရာနေရာသို့ အပြေး သွားရောက်ကြည့်ရှုခဲ့သည်ဟု ဆိုသည့် အဆိုပါ ဒေသခံက ပြောပါသည်။  

လိုက်လံရှာဖွေသည့် စစ်သားများကို ကွပ်ကဲလိုက်ပါလာသူ အုတ်ဖိုအခြေစိုက် ခလရ ၇ဝ၇ မှ အရာရှိတဦးနှင့် ခဏကြာ အပြန်အလှန် ပစ်ခတ်ပြီး ထိုသို့ပစ်ခတ်ရာတွင် အဆိုပါအရာရှိမှာ အကြီးအကျယ် ဒဏ်ရာ ရသွားသည်ဟု ဆိုပါသည်။  

ထိုသို့ အတန်ကြာ လိပ်ခဲတည်းလည်း ဖြစ်နေသဖြင့် စစ်သားများက လျှပ်စစ် ထရန်စဖော်မာ ပျက်စီးသွားမည်ကို စိုးရိမ် နေခဲ့ကြသေးသည်ဟု ဆိုပါသည်။ သို့သော် ၁၁ နာရီခန့်တွင် ဆက်တိုက် ပစ်လိုက်သော သေနတ်များ ဆူညံစွာကြားပြီး သွားရောက်ကြည့်ရှုရာ အဆိုပါ ထွက်ပြေးသူ တပ်သားမှာ သေနတ်ဒဏ်ရာများစွာနှင့် သေဆုံးနေသည်ကို တွေ့ရသည် ဟု ဒေသခံက ပြောပါသည်။

“စစ်သားတွေက သူ့ဆီက ကျည်ဆံ ၁၇ဝ ကျော်၊ လက်ပစ်ဗုံးတွေ၊ ၉ မမ ပစ္စတိုနဲ့ မြန်မာပြည်ထုတ် MA 1 မောင်းပြန်တလက် တွေ့တယ်။ စစ် သားတွေက သူ့အလောင်းကို သယ်သွားပြီး အနားက ပြည်တော်သာ ရွာမှာ မြှုပ်လိုက်တယ်” ဟု သူက ဆက်လက် ပြောဆို သွားခဲ့ပါသည်။  

နောက်ထပ် အုတ်ဖိုဒေသခံ တဦးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် သူမလည်း ဤအဖြစ်အပျက်ကို ကြားကြောင်း၊ သို့သော် သူမ၏ လုံခြုံရေး အခြေအနေကို စိုးရိမ်၍ ကိုယ်တိုင် သွားမကြည့်ခဲ့ကြောင်း ပြောပါသည်။  

အုတ်ဖိုမြို့၏ မြောက်ဘက် မိုင် ၇ဝ ခန့်အကွာရှိ ပြည်မြို့မှ ဈေးဆိုင်ပိုင်ရှင် တဦးကို မေးမြန်းရာတွင် သူမလည်း ဤအဖြစ် အပျက်ကို ရန်ကုန်မှပြန်လာစဉ် စနေနေ့ညနေက ကြားသိခဲ့ရကြောင်း ပြောပါသည်။  

“ကျမ ရန်ကုန်က ပြန်လာတော့ ဘတ်စ်ကားအားလုံးကို စစ်သားတွေက လက်ပံတန်းမှာ ရပ်ခိုင်းပြီး ရှာနေတာ တွေ့တယ်။ စစ်သားတွေက သူတို့ စစ်ပြေးတယောက်ကို ရှာနေတာလို့ ပြောပါတယ်” ဟု သူမက ဆက်လက် ပြောဆိုပါသည်။

လက်ပံတန်းသည် ရန်ကုန်ပြည် အဝေးပြေး ကားလမ်းပေါ်တွင်ရှိပြီး ရန်ကုန်မြို့၏ မြောက်ဘက် ၈၅ မိုင်အကွာတွင်ရှိကာ အခင်းဖြစ်ပွါးရာ အုတ်ဖိုမြို့၏ တောင်ဘက် ၁၅ မိုင် အကွာတွင် ရှိပါသည်။  

စစ်သားများ၏ ပြောပြချက်နှင့် ကောလဟလများအရ အဆိုပါ စစ်သားသည် သူ့အထက်အရာရှိကို ပစ်သတ်ပြီး တိုက်ကြီးရှိ တပ်စခန်းမှ ထွက်ပြေးလာခဲ့သည်ဟု ဆိုပါသည်။ အနီးအနား ပတ်ဝန်းကျင်တွင် အခြား တပ်ရင်းများမှ စစ်သားများ ပူးပေါင်း၍ သူ့ကို ဝိုင်းဝန်း ရှာဖွေခဲ့ကြပါသည်။  

သို့သော် ဒေသခံ အုတ်ဖိုရဲစခန်းကို မေးမြန်းရန် ဆက်သွယ်ရာ ဆက်သွယ်၍ မရခဲ့ပါ။  

စစ်သားများအကြား ပြောကြားနေသောကောလဟလများကို ကိုးကားကာ ဒေသခံ မျက်မြင်သက်သေက ပြောကြားရာတွင် ရခိုင်တိုင်းရင်းသား တပ်သား ကျော်ရွှေမောင်သည် သူ့အထက် အရာရှိ ဗိုလ်ကြီးကို သူ့လူမှုရေး ကိစ္စများကို ဝင်ရောက် စွက်ဖက် စော်ကားသဖြင့်သတ်ပစ်ခဲ့သည်ဟု ဆိုပါသည်။ သို့သော် ဤအမှုအတွက် အသေးစိတ် အချက်အလက်များကို အတည်ပြု၍ မရနိုင်ခဲ့ပါ။  
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved