|
မန္တလေးတွင် မြန်မာနိုင်ငံ၏ ဘောလုံး အကယ်ဒမီ ဖွင့်တော့မည် |
|
|
|
မဇ္ဈိမသတင်းဌာန
|
|
အင်္ဂါနေ့၊ အောက်တိုဘာလ 07 2008 14:20 - မြန်မာစံတော်ချိန် |
နယူးဒေလီ။ ။ မြန်မာ့လူငယ်လေးများ ယောက်ျားလေးများရော မိန်းကလေးများပါ တက်ရောက် သင်ကြားလေ့ကျင့် နိုင်မည့် ဘောလုံးကျွမ်းကျင်မှု သင်တန်းများ ပေးနိုင်သော ဘောလုံးအကယ်ဒမီ သင်တန်းကျောင်းတခုကို မြန်မာဘောလုံး အဖွဲ့ချုပ် (MFF) က မြန်မာ့ ဘောလုံးလောက သမိုင်းတွင် ထင်ရှားသော သမိုင်းမှတ်တိုင်တခုအဖြစ် မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်သော မန္တလေးမြို့တွင် မကြာမီ ရရှိတော့မည် ဖြစ်သည်။
၂ဝဝ၆ ခုနှစ် ကတည်းက ဆောက်လုပ်နေသော အဆိုပါ ဘောလုံးအကယ်ဒမီကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) ၏ အကူအညီ ဒေါ်လာ ၁ သန်းဖြင့် ဆောက်လုပ်နေခြင်း ဖြစ်ပြီး ယင်း၏ ဂိုးစီမံကိန်း (Goal Project) အောက်တွင် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသင်တန်းကျောင်းသစ်ကို ၂ဝဝ၈ နှစ်ကုန် သို့မဟုတ် ၂ဝဝ၉ နှစ်ဆန်းတွင် စတင်ဖွင့်လှစ်မည် ဟု မြန်မာ ဘောလုံးအဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူက မဇ္ဈိမကို ပြောကြားသွားခဲ့ပါသည်။
အဆိုပါ သင်တန်းကျောင်းတွင် ဘောလုံးကွင်းများ၊ စာသင်ခန်း အဆောက်အဦများ၊ လူငယ်များ နေထိုင်ရန် အဆောင်များ ပါဝင်မည်ဖြစ်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်က ကျောင်းမဖွင့်လှစ်မီ နိုဝင်ဘာလထဲတွင် လာရောက် စစ်ဆေးကြည့်ရှုဦးမည် ဖြစ်သည်ဟု အမည်မဖေါ်လိုသူ အဆိုပါ ပြောရေးဆိုခွင့် ရှိသူက ပြောကြားသွားခဲ့ပါသည်။ အဆိုပါ ကျောင်းကိုမူလက မြန်မာနိုင်ငံ၏ မြို့တော်ဟောင်း ရန်ကုန်မြို့တွင် တည်ဆောက်ရန် စီစဉ်ခဲ့ပြီးမှ "တနိုင်ငံလုံးက လူငယ်တွေကို ဆွဲဆောင်နိုင်ဘို့ မန္တလေးမှာ သင်တန်းကျောင်းကို လာဆောက်ခဲ့တာပါ" ဟု ပြောရေးဆိုခွင့်ရှိသူက ဆက်လက် ပြောကြား သွားခဲ့ပါသည်။
ဤ ဘောလုံး အကယ်ဒမီသည် မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်ပြီး သင်တန်းကျောင်းတခုအဖြစ် ဘောလုံးသမားများကို လေ့ကျင့်မွေးမြူ ပေးသွားကာ ဒေသတွင်းနှင့် နိုင်ငံတကာ ကလပ်အသင်းများသို့ ဈေးကွက်တင် ရောင်းချပေးသွားမည် ဟုလည်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောပါသည်။ "ဒီမှာ ပါရမီရှိတဲ့ အလားအလာရှိတဲ့ လူငယ်တွေကို လေ့ကျင့် မွေးမြူပေးသွားမှာပါ။ သူတို့ အတွက်လဲ အလုပ်အကိုင်ရ၊ မြန်မာဘောလုံး လောကကိုလဲ မြှင့်တင်နိုင်မှာပါ" ဟု သူက ဆက်လက် ပြောကြားသွားခဲ့ပါသည်။
ဘောလုံးသမားလောင်းများ ရွေးချယ်မည့် လုပ်ငန်းစဉ်ကို ပြောကြားရန် ငြင်းဆန်သွားပြီး၊ ဤအကယ်ဒမီ သင်တန်း ကျောင်းအနေနှင့် ကစားသမားများကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် ရှိကြောင်းသာ ပြောရေးဆိုခွင့် ရှိသူက ပြောပါသည်။ ဤသင်တန်းကျောင်း တည်ဆောက်ရေးအတွက် ကနဦး အနေဖြင့် FIFA ၏ Goal Project က မတည်ပေးခဲ့သော်လည်း ပြည်တွင်း ကုမ္ပဏီများကလည်း မြန်မာဘောလုံး အဖွဲ့ချုပ်ကို စပွန်ဆာများ ပေးခဲ့ကြပါသည်။ မြန်မာဘောလုံး အဖွဲ့ချုပ်ကို တရားဝင် စပွန်ဆာ ပေးနေသည့် ကုမ္ပဏီများတွင် မက်စ်မြန်မာ ကုမ္ပဏီအုပ်စု (Max Myanmar Company Groups) ၊ ထူးထရေဒင်း ကုမ္ပဏီ နှင့် ကမ္ဘောဇဘဏ်တို့ အဓိက ပါဝင်ကြပါသည်။
FIFA ၏ ဘောလုံးအဆင့် သတ်မှတ်ချက်တွင် အဆင့် ၁၆၅ နေရာ၌ ရှိသည့် မြန်မာနိုင်ငံသည် တချိန်က အာရှ ဘောလုံးလောကကို စိုးမိုးထားနိုင်ခဲ့ပြီး၊ ၁၉၆၈ ခုနှစ် အာရှဖလား (AFC) ပြိုင်ပွဲတွင် ဒုတိယရခဲ့သည်။ သို့သော် ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် စစ်တပ်မှ အာဏာသိမ်းပြီးနောက် စီးပွါးရေးမှာ ချောက်ထဲသို့ ကျသွားခဲ့ပြီး မြန်မာလူထု၏ ဘောလုံး ယဉ်ကျေးမှုမှာလည်း နှိမ်ထားခြင်း ခံခဲ့ရသည်။
သို့သော် မကြာခင်နှစ်များ အတွင်းကမူ မြန်မာဘောလုံးသည် အနည်းငယ်တိုးတက်မှုများရှိလာခဲ့ပြီး၊ ၂ဝဝ၆ ခုနှစ်တွင် မလေးရှား မာဒေးကား ဖလားကို အရယူနိုင်ခဲ့သည်။ မြန်မာ ဘောလုံးသမားများ၏ စိတ်ဓါတ်ကို မြှင့်တင်ပေးနိုင်ရန် ကြိုးပန်းသည့်အနေနှင့် မြန်မာဘောလုံး အဖွဲ့ချုပ်သည် ဘရာဇီး လက်ရွေးစင် ဘောလုံးသမားဟောင်းများနှင့် မြန်မာ လက်ရွေးစင်ဟောင်းများ၏ ချစ်ကြည်ရေး ကစားပွဲကို အောက်တိုဘာ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း၌ ကျင်းပရန် စီစဉ်ထားပါသည်။
၂၆ ဦးပါ အဆိုပါ ဘရာဇီးအသင်းတွင် ၁၉၉၈ ခုနှစ် ဘရာဇီး လက်ရွေးစင်သင်းတွင် ပါဝင်ကစားခဲ့သည့် ကွင်းလယ်ကစားသမား ကားလို့စ် ဆီဇာ ဆမ်ဘာရီယို (Carlos Ceaser Sambario) ပါဝင်မည်ဖြစ်ပြီး ၂ဝဝ၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဟု မြန်မာ ဘောလုံးအဖွဲ့ချုပ်က ပြောပါသည်။ ဤချစ်ကြည်ရေးပွဲကို စီစဉ်ရခြင်းမှာ မြန်မာလူငယ်များ၏ စိတ်ဓါတ်ကို မြှင့်တင်ရန်နှင့် နာဂစ်ဆိုင်ကလုံး ဒုက္ခသည်များ အတွက် ရံပုံငွေ ရှာရန်လည်း ဖြစ်သည်ဟု MFF က ပြောပါသည်။ "လက်မှတ်ရောင်းရငွေ အားလုံး၊ ဝင်ငွေ အားလုံးကို နာဂစ်လေဘေး ဒုက္ခသည်တွေအတွက် လှူဒါန်းသွားမှာပါ" MFF ပြောရေးဆိုခွင့်ရှိသူက ပြောပါသည်။
|