သောကြာ, ၁၂ မတ် ၂၀၁၀

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဗုံးကြောင့် လူ ၄ ဦး ဒဏ်ရာရ၍ ဆေးရုံရောက်လာဟု အရေးပေါ် လူနာဌာနပြော

ဗုံးကြောင့် လူ ၄ ဦး ဒဏ်ရာရ၍ ဆေးရုံရောက်လာဟု အရေးပေါ် လူနာဌာနပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်။ ။ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံအနီး ကြာသပတေး နံနက်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုတွင် လူအသေအပျောက်မရှိပဲ လူ ၄ ဦးဒဏ်ရာ ရရှိသွားသည်ဟု ရန်ကုန်ဆေးရုံကြီး အရေးပေါ်ပြင်ပလူနာဌာနမှ အပြောအရ သိရသည်။

ကြာသာပတေးနေ့နံနက် ၁၀း၄၀ က လူစည်ကားရာ မြို့လယ်ခေါင်ဘတ်စ်ကားမှတ်တိုင်တွင် ဗုံးတလုံးပေါက်ကွဲခြင်းဖြစ်သည်။

"သေတာတော့ မရှိဘူး။ ဒဏ်ရာရတာ အားလုံးပေါင်း ၄ ယောက်ပဲ၊ နာမည်တွေတော့ မသိဘူး" ဟု ဆေးရုံကြီးမှ တာဝန်ကျ ၀န်ထမ်းတဦးက မဇ္ဈိမကို ပြောပြသည်။ သို့သော် ဖြေဆိုခွင့်မရှိသဖြင့် အသေးစိတ်ဖြေကြားရန် ငြင်းဆန်သွားသည်။

အခင်းဖြစ်ရာနေရာတွင်ရှိနေခဲ့သူ မျက်မြင်သက်သေတဦးက အစောပိုင်းပြောကြားချက်တွင် လူ ၁ ဦးသေပြီး ၃ ဦးဒဏ်ရာရခဲ့သည်ဟု မဇ္ဈိမသို့ ပြောသည်။

သို့သော် ရန်ကုန်ဆေးရုံကြီးကတော့ ၄ ယောက်စလုံး ဒဏ်ရာသာ ရသည်ဟု ပြောသည်။

ပန်းခြံအနီးရှိ စားသောက်ဆိုင် ပိုင်ရှင်တဦးကတော့ အနည်းဆုံး လူ ၃ ဦး ဒဏ်ရာ ရသွားခဲ့သည်ဟု ပြောသည်။

"ပေါက်ကွဲသံကြီး ကြားလိုက်ရတယ် ပြီးတော့ လူတွေတအုံးအုံးနဲ့ သွားကြည့်ကြတာပေါ့။ ကျနော်မြင်တာ ဒဏ်ရာရတဲ့ လူတွေ" ဟု သူက ပြောသည်။

ဒဏ်ရာရသူများတွင် ဈေးရောင်းသူ၊ ကားစောင့်နေသူများပါဝင်ခဲ့သည်။ အခင်း ဖြစ်ပွားရာသို့ ရဲများ ချက်ခြင်းရောက်ရှိလာပြီး ဗန္ဓုလလမ်းကို ပိတ်ဆို့လိုက်သည်။

ကျောက်တံတား ရဲစခန်းသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ "ပေါက်ကွဲသံကျယ်ကြီး ကြားလိုက်ရတယ်။ ဒါပေမယ့် ဗုံး ဟုတ် မဟုတ် မသေချာဘူး။ စုံစမ်းနေတုံးပဲ" ဟု ပြောသွားသည်။

ချိန်ကိုက်ဗုံး အမျိုးအစား ဖြစ်သည်ဟု အခင်းဖြစ်ပွားရာ နေရာ ရောက်နေသော ရဲတပ်သားတဦးက ပြောသည်။ ထို့အပြင် မပေါက်ကွဲသေးသော ဗုံး ၁ လုံးကိုလည်း ထပ်မံ တွေ့ရှိခဲ့ရသည်ဟု သူက ပြောသည်။

ကက်ဆက်ထဲတွင် ထည့်ထားသော ဗုံးကို ရဲတဦးက ဗုံးမှန်း မသိဘဲ ယူဆောင်လာပြီးမှ ပေါက်ကွဲရန် ၅ မိနစ်အလိုတွင် စနက်တံ ဖြုတ်လိုက်နိုင်ခဲ့သည်ဟု သူက ဆိုသည်။ ဗုံးမှန်းမသိသဖြင့် ရဲများက မပေါက်ကွဲသေးသော ဗုံးကို မြို့တော်ခန်းမထဲအထိ ယူသွားနေစဉ် ဗုံးရှင်းတပ်ဖွဲ့ ရောက်လာ၍ စနက်တံ ဖြုတ်လိုက်နိုင်ခြင်း ဖြစ်သည်။

"ငါတို့ သိန်းတရာတန် ဖြစ်သွားတော့မလို့" ဟု ရဲတပ်သားတဦးက ကျန်ရဲများကို ဟာသနှော၍ ပြောသည်။ စစ်အစိုးရ၏ သတင်းစာ ရှင်းလင်းပွဲ တခုတွင် နယ်စပ်အခြေစိုက် ဆန့်ကျင်ဘက် အဖွဲ့အစည်းများမှ ဗုံးဖောက်ခွဲရန် စီစဉ်သူများက မြို့တော်ခန်းမကို ဖောက်ခွဲနိုင်လျှင် သိန်းတရာပေးမည်ဟု ဆုတော်ငွေ ထုတ်ပြန်ထားကြောင်း ပြောဆိုခဲ့သည်။

အခင်း ဖြစ်ပွားပြီးနောက် ရန်ကုန်တိုင်းစစ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်နှင့် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းတို့ လာရောက် ကြည့်ရှု စစ်ဆေးသွားသည်။

ပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်က အမှိုက်များ ဓာတ်တိုင်တတိုင်စာလောက် မြင့်တက်သွားသည်ဟု အနီးနားတွင် ဈေးရောင်းနေခဲ့သူ တဦးက ပြောသည်။

ပန်းခြံရှေ့ ဘတ်စ်ကားမှတ်တိုင်အနီး တာဝန်ထမ်းဆောင်နေသူ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ၀န်ထမ်းတဦးကတော့ ပေါက်ကွဲမှုကြောင့် ယခုအချိန်ထိ နားအူနေသေးသည်ဟု ဆိုသည်။

ရန်ကုန်မှလာသော ရိုက်တာ သတင်းတရပ်တွင် လူ ၄ ဦးဒဏ်ရာရကြောင်း ရဲက ပြောကြားချက်ကို ကိုးကားထားသည်။

"အသေးစားဗုံးလေးလို့ ထင်ရတာပဲ၊ ဒါပေမယ့် ဆက်လက် စုံစမ်းဆဲပဲ ရှိသေးတယ်" ဟု ရဲအရာရှိက ရိုက်တာသို့ ပြောသည်။
 

Editor's choice

မြန်မာ ၂၁ ဦးပါ သင်္ဘောကို ဆိုမာလီဓါးပြများ ပြန်ပေးဆွဲ

မြန်မာနိုင်ငံသား ၂၁ ဦး ပါဝင်သည့်  နော်ဝေးနိုင်ငံသားပိုင် UTB Ocean သင်္ဘောကို ဆိုမာလီပင်လယ် ဓါးပြများက ယခင်အပတ်က...

ခြံရောင်းရန် ကြိုးစားသူကို ဒေါ်စု တရားစွဲမည်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ နေထိုင်သည့် ခြံဝင်းအတွင်းမှ မြေကွက်အချို့ကို ရောင်းချရန် ကြိုးစားနေသည့် ဆွေမျိုးတော်စပ်သူ...

စစ်အစိုးရက ရွေးကောက်ပွဲ ပြင်ချိန် အတိုက်အခံ သဘောကွဲ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ မှာ ရွေးကောက်ပွဲတွေ ကျင်းပလိမ့်မယ်လို့ လူတိုင်းကို လိုက်ပြောနေပေမယ့် အရာအားလုံးကိုတော့ လျှို့ဝှက်ထား ......

ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ မဇ္ဈိမက လက်ခံရရှိ

စစ်အစိုးရက မနက်ဖြန်တွင် သတင်းစာမှတဆင့် ထုတ်ပြန်မည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ မိတ္တူကို မဇ္ဈိမက လက်ခံရရှိထားသည်။...