သတင်း ပြည်တွင်းသတင်း ဖလားဝါးဂျာနယ် သတင်းထောက်ချုပ်အား ရဲက တရားစွဲ
ဖလားဝါးဂျာနယ် သတင်းထောက်ချုပ်အား ရဲက တရားစွဲ Print E-mail
နန်းဒေဝီ   
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 03 2008 18:16 - မြန်မာစံတော်ချိန်

နယူးဒေလီ။     ။ နှစ်လောင်းပြိုင် လူသတ်မှုခင်း သတင်း ဖော်ပြခဲ့ခြင်းကြောင့် ဖလားဝါးနယူးစ် ဂျာနယ်မှ သတင်းထောက်ချုပ် ဦးစောမြင့်သန်း (ပေါက်တော) အား ကျောက်တံတားမြို့နယ် ရဲစခန်းမှ အမှုဖွင့် တရားစွဲဆိုလိုက်သည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ဦးဝင်းမောင်က တရားလို ပြုလုပ်ပြီး ကျောက်တံတားမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ရာတွင်  တရားမဝင် အဖွဲ့အစည်းနှင့် ဆက်သွယ်မှုနှင့် အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေများဖြင့် စွဲဆိုထားခြင်း ဖြစ်သည်။

ပြစ်မှုထင်ရှားပါက အမှုတခုစီအတွက် ထောင်ဒဏ် အနည်းဆုံး ၁ နှစ်အထိ ကျခံနိုင်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောကြားသည်။

ကျောက်တံတားမြို့ ရဲစခန်းကတော့ အသေးစိတ် ပြောကြားရန် ငြင်းဆိုလိုက်သည်။ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ရဲစခန်းများကို သတင်းထုတ်ပြန်ခွင့် ပိတ်ပင်ထားသည်

ယခင်အပတ်ထုတ် ဖလားဝါးနယူးစ် သတင်းဂျာနယ်တွင် ဖော်ပြခဲ့သော ရန်ကုန်တိုင်း သင်္ဃန်းကျွန်း မြို့နယ်တွင် ဖြစ်ပွားသော နှစ်လောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ သတင်းထောက်ချုပ် ဖြစ်သူ ဦးစောမြင့်သန်းအား ရန်ကုန်တိုင်း ရဲဌာနက ခေါ်ယူ ကြိမ်းမောင်းခဲ့သည်။

ဦးစောမြင့်သန်းသည် ပြည်ပအခြေစိုက် သတင်းဌာန တခုသို့ သတင်းပေးပို့ခဲ့ပြီး ရဲတပ်ဖွဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်ဆောင်ခဲ့သည်ဟု နောက်ပိုင်းတွင် ရဲက စွပ်စွဲထားသည်ဟု ပြည်ထဲရေး သတင်းရပ်ကွက်က ပြောသည်။

ယခင်က မြို့နယ် ရဲစခန်းများ အနေဖြင့် ပြည်တွင်း သတင်းထောက်များကို သတင်းဖြန့်ဝေမှု ပြုခဲ့သော်လည်း ယခုအခါတွင် ရန်ကုန်တိုင်း ရဲဌာနချုပ်ကသာလျှင် သတင်းဖြန့်ဝေရန် ပြည်ထဲရေးဝန်ကြီးဌာနက ညွန်ကြားချက် ထုတ်ပြန်ထားသည်။

နှစ်လောင်းပြိုင် လူသတ်မှု မှုခင်းသတင်းသည် ပြန်ကြားရေး ဝန်ကြီးဌာနလက်အောက် စာပေစိစစ်ရေး၏ ခွင့်ပြုချက်ရရှိပြီး ရေးသား ထုတ်ဝေခဲ့သည့် မှုခင်းသတင်း ဖြစ်သည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved