|
ကျော်ဟိန်းက မြို့နယ် တရာကျော်သို့ လှည့်လည် နှုတ်ဆက်မည် |
|
|
|
ဖနိဒါ
|
|
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 03 2008 15:53 - မြန်မာစံတော်ချိန် |
ချင်းမိုင်။ ။ ရုပ်ရှင် မင်းသားကြီး ဦးကျော်ဟိန်းသည် အနုပညာလောကမှ သာသနာဘောင် အတွင်းသို့ မ၀င်ရောက်မှီ မြို့နယ်ပေါင်း တရာကျော်တွင် အများပြည်သူကို လှည့်လည် ဟောပြော နှုတ်ဆက်မည် ဖြစ်သည်။
အကယ်ဒမီ ၄ ထပ်ကွမ်း အသက် ၆၁ နှစ်အရွယ် ဦးကျော်ဟိန်းသည် စက်တင်ဘာလ (၅) ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့အထိ ပြုလုပ်မည့် ဟောပြောပွဲများအပြီး နိုဝင်ဘာလဆန်းမှစ၍ ရာသက်ပန် ဘုန်းကြီးဝတ်မှာ ဖြစ်သည်။
စိတ်ဓာတ်ကျဆင်းနေသော လူအများအတွက် အားပေးသည့်အနေဖြင့် လိုက်လံ ဟောပြောခြင်း ဖြစ်သည်ဟု သူ၏ မိတ်ဆွေများက ပြောဆိုကြသည်။
"မြို့တရာကျော်ကို ဘုန်းကြီးမ၀တ်ခင် လူဝတ်နဲ့ပေါ့နော်။ လူတွေကို လိုက်နှုတ်ဆက်မယ်"ဟု ဦးကျော်ဟိန်းသမီး မခင်ခင်ခက ပြောသည်။
ဦးကျော်ဟိန်းသည် ဇူလိုင်လ (၂၉) ရက်နေ့က ကျရောက်ခဲ့သည့် ဒုတိယ ၀ါဆိုလပြည့် ဓမ္မစကြာနေ့တွင် ဗိုလ်တထောင်မြို့နယ်ရှိ ကျိုက်ဒေးအပ် ဆံတော်ရှင်ဘုရားရှိ ကြေးသွန်း ရုပ်ပွါးတော်ကြီးအား အနေကဇာတင်ပွဲ ကျင်းပခဲ့သည်။ ကြေးသွန်း ရုပ်ပွါးတော်ကြီးကို မန္တလေးမှာ ထုလုပ်ပြီး ရန်ကုန်ကို ပင့်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က သာသနာ့ဘောင် ခေတ္တ၀င်ရောက်ခဲ့သော ဦးကိတ္တိသာရ ဘွဲ့ခံ ဦးကျော်ဟိန်းက ပရိတ်သတ်ကို တရားဟောခဲ့သေးသည်။
ဦးကျော်ဟိန်းကို ၁၉၄၇ ခုနှစ်၊ ဇူလိုင် လ (၂၅) ရက်နေ့မှာ မွေးဖွားခဲ့ပြီး ငယ်စဉ်အရွယ်က စိန်ဂေါ်လီ လမ်းသူရဲဂိုဏ်းက အဖွဲ့ဝင်တဦး ဖြစ်ခဲ့ဖူးသည်။ အသက်နှစ်ဆယ် အရွယ်မှာ "ဖူးစာလမ်းဆုံ" အမည်ရှိ ရုပ်ရှင်ဇတ်ကားဖြင့် ရုပ်ရှင်လောကထဲ ၀င်ရောက်ခဲ့သည်။
|