သတင်း ပြည်တွင်းသတင်း ဓါတ်ငွေ့ပိုက်လိုင်း ပြဿနာဟောင်းများ ပြန်လည်ကြုံတွေ့လာ
ဓါတ်ငွေ့ပိုက်လိုင်း ပြဿနာဟောင်းများ ပြန်လည်ကြုံတွေ့လာ Print E-mail
မဇ္ဈိမသတင်းဌာန   
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 03 2008 11:52 - မြန်မာစံတော်ချိန်

ချင်းမိုင်။     ။ ထိုင်း-မြန်မာ တတိယမြောက် ဓါတ်ငွေ့ပိုက်လိုင်းကို မကြာခင် တည်ဆောက်တော့မည် ဖြစ်သည့်အတွက် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ် ပျက်စီး ယိုယွင်း ကမောက်ကမ ဖြစ်ခြင်းများ၊ ကျေးရွာသားများအား အတင်းအဓမ္မ ပြောင်းရွှေ့မှုနှင့် အဓမ္မ လုပ်အားပေး ခိုင်းစေခြင်းစသည့် အတိတ်တစ္ဆေသည် နောက်တကြိမ် ပြန်လည် ဝဲလည် ခြောက်လှန့်လာပြန်သည်။  

အဆိုပါ ဓါတ်ငွေ့ပိုက်လိုင်းသစ် ဆောက်လုပ်ခြင်း လုပ်ငန်းကို လာမည့် ခြောက်သွေ့ရာသီတွင် စတင် ဆောင်ရွက်ရန် မျှော်လင့်ထားသည်ဟု ထိုင်း PTTEP ကုမ္ပဏီနှင့် နီးစပ်သည့် အင်ဂျင်နီယာတဦးက ပြောကြားသွားပါသည်။ မြန်မာမုတ္တမ ပင်လယ်ကွေ့တွင် အသစ်တူးဖေါ် တွေ့ရှိခဲ့သည့် လုပ်ကွက် M 9 ရှိ သဘာဝဓါတ်ငွေ့များကို ဤပိုက်လိုင်းသစ်ဖြင့် ထိုင်း နိုင်ငံသို့ သယ်ယူ ပို့ဆောင်ပေးမည် ဖြစ်သည်။  

သို့သော် ရန်ကုန်အခြေစိုက် အကဲခတ်တဦးကမူ ဤပိုက်လိုင်းကြောင့် သိန်းနှင့်ချီသည့် ကျေးရွာသားများ မိမိတို့ နေရပ်များမှ အတင်းအကြပ် ပြောင်းရွှေ့ခံကြရမည် ဖြစ်ပြီး၊ အဓမ္မ လုပ်အားခိုင်းစေမှုနှင့် အကြီးအကျယ် သစ်တော ပျက်စီးခြင်း များကိုလည်း တွေ့ကြုံရမည် ဖြစ်သည်ဟု ဆိုသည်။  

“အရင်တုံးက လုပ်ခဲ့တဲ့ အလားတူ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာလိုဘဲ အခုတခါလဲ စစ်အစိုးရနဲ့ သူနဲ့အကျိုးတူလုပ်ကြတဲ့ ထိုင်းအစိုးရပိုင် PTTEP ကုမ္ပဏီတို့ဟာ လူထုအပေါ်မှာ ကြောက်မက်ဖွယ် လူအခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ကြဦးမှာပါ” ဟု အဆိုပါ အကဲခတ်က သူ့အမည်ကို ဖေါ်ပြခြင်း မပြုပါရန် မေတ္တာရပ်ခံချက်ဖြင့် ပြောကြားသွားခဲ့သည်။  

၆၅ ကီလိုမီတာရှည် ပိုက်လိုင်းသစ်ကို ယခု တည်ရှိပြီး ဖြစ်သည့် ရတနာ နှင့် ရဲတံခွန် ဓါတ်ငွေ့ပိုက်လိုင်းများနှင့် အတူ ယှဉ်တွဲ ဆောက်လုပ်သွားမည် ဖြစ်သည်။  

ဤအဆိုပြုထားသော သဘာဝဓါတ်ငွေ့ ပိုက်လိုင်းသည် တနေ့လျှင် ဓါတ်ငွေ့ ကုဗပေ သန်းထောင်ပေါင်း ၃ဝဝ သယ်ပို့ပေးသွားမည် ဖြစ်ပြီး ထိုအထဲမှ ကုဗပေ သန်းထောင်ပေါင်း ၂၄ဝ ကို ထိုင်းနိုင်ငံသို့ တင်ပို့မည်ဖြစ်ကာ ကျန် ဓါတ်ငွေ့ ကုဗပေ သန်းထောင်ပေါင်း ၆ဝ ကို ပြည်တွင်းတွင် အသုံးပြုမည် ဖြစ်သည်ဟု ဂျူလိုင်လကုန်က ထုတ်ပြန်ခဲ့သော PTTEP ၏ ကြေညာချက်တွင် ဖေါ်ပြထားပါသည်။  

အကဲခတ်၏ စိုးရိမ်ပူပန်မှုများသည် လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများ၏ ပြောဆိုချက်ဖြစ်သော အဓမ္မလုပ်အား ပေးကိစ္စများ၊ အတင်းအကြပ် ပြောင်းရွှေ့စေခြင်းများ၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးစေခြင်းများ စသည့် ယခင် ပိုက်လိုင်းများ တည်ဆောက်စဉ်က ကြုံတွေ့ခဲ့ရသည့် အနှံ့အပြား လူ့အခွင့်အရေး ချိုးဖောက်မှုများ အတိုင်းပင် ပဲ့တင်ထပ် ဖေါ်ပြ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ယခင် ပိုက်လိုင်းများကို ရတနာနှင့် ရဲတံခွန် ဓါတ်ငွေ့တွင်းများမှ ထွက်ရှိသော ဓါတ်ငွေ့များတင် ပို့ရောင်းချနိုင်ရန်အတွက် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။  

M 9 လုပ်ကွက်သည် ရန်ကုန်မြို့ တောင်ဘက် ကီလိုမီတာ ၃ဝဝ အကွာတွင်တည်ရှိပြီး၊ ၂ဝဝ၇ ခုနှစ် အစောပိုင်းက PTTEP ကုမ္ပဏီက ရှာဖွေ တွေ့ရှိခဲ့သည့် မြန်မာနိုင်ငံ၏ နောက်ဆုံး ရှာဖွေတွေ့ရှိခဲ့သော သဘာဝ ဓါတ်ငွေ့သိုက် ဖြစ်သည်။

ကုမ္ပဏီက M 9 ဓါတ်ငွေ့ လုပ်ကွက်အတွက် အမေရိကန်ဒေါ်လာ သန်းတထောင်မျှ သုံးစွဲရန် လျာထားပြီး ထုတ်လုပ်မှု လုပ်ငန်းများကို ၂ဝ၁၁ ခုနှစ် သို့မဟုတ် ၂ဝ၁၂ ခုနှစ်တွင် ပြည်တွင်း အသုံးပြုရန်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရန် စတင် ထုတ်လုပ်နိုင်မည်ဟု ဖြစ်သည်။

PTTEP သည် အခြားဓါတ်ငွေ့ လုပ်ကွက်များ ဖြစ်သော မုတ္တမ ပင်လယ်ကွေ့တွင် တည်ရှိသည့် M 3, M 4, M 7, M9, M 11  တို့၏ တခုတည်းသော ရှယ်ယာပိုင်ရှင်နှင့် ဓါတ်ငွေ့ ရှာဖွေထုတ်လုပ်မှု လုပ်ငန်းများ လုပ်ကိုင်နေသည့် ကုမ္ပဏီ ဖြစ်သည်။

PTTEP သည် ယခု လောလောဆယ်တွင် မြန်မာ ရဲတံခွန်နှင့် ရတနာ ဓါတ်ငွေ့မြေများမှ ဓါတ်ငွေ့ ကုဗပေသန်းပေါင်း ၁ဝဝဝ ကို ဝယ်ယူလျက်ရှိသည်။  

မြန်မာနိုင်ငံ အမျိုးသား စီမံကိန်းနှင့် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော စာရင်းများအရ ၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာရေး နှစ်အတွင်း သဘာဝဓါတ်ငွေ့ တင်ပို့ ရောင်းချမှုမှ ရငွေသည် အမေရိကန်ဒေါ်လာ ၂.၅၆ ဘီလျံရှိပြီး၊ အဆိုပါ ဘဏ္ဍာရေးနှစ်သည် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသည်။ ဓါတ်ငွေ့ ရောင်းချမှုမှ ရငွေသည် စစ်အစိုးရအတွက် အကြီးဆုံး နိုင်ငံခြားငွေ ရပေါက်ရလမ်း ဖြစ်သည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved