|
ယခင်နှစ်က လမ်းလျှောက်ဆန္ဒပြသူ ၅ ဦးကို ဖမ်းဆီး |
|
|
|
သန်းထိုက်ဦး
|
|
ကြာသပတေးနေ့၊ သြဂုတ်လ 28 2008 21:22 - မြန်မာစံတော်ချိန် |
ချင်းမိုင်။ ။ နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည် အစားအသောက် လက်မခံဘဲ နေသည်ဆိုသော သတင်းများ ပျံ့နှံ့နေချိန်တွင် ယမန်နှစ်က သူမ၏ လွတ်မြောက်ရေး ဆုတောင်းပွဲ သွားရောက်ခဲ့သူ လှိုင်သာယာမြို့နယ်မှ သူမကို ထောက်ခံသူ ၅ ဦးအား အာဏာပိုင်များက ယမန်နေ့ညက နေအိမ်များမှ ဒုတိယအကျော့ ဖမ်းဆီးလိုက်သည်။
၂ဝဝ၇ ခုနှစ် မေလအတွင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဘုရားပေါ်တွင် ဆုတောင်းပွဲ ပြုလုပ်ရန် သွားရောက်စဉ် ဖမ်းဆီးခံရပြီး ရက် ၄ဝ ခန့် ချုပ်နှောင်ခံပြီးနောက် ဝန်ခံကတိ လက်မှတ်ထိုးကာ ပြန်လွတ်ခဲ့သည့် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှ တက်ကြွလှုပ်ရှားသူ ၅ ဦးအား လှိုင်သာယာ ရဲစခန်းမှူး အပါအဝင် ဒေသအာဏာပိုင်များက ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
“ကျမတို့အဖေကို ညက လာခေါ်တာ၊ ည ၁ နာရီမှာ လာခေါ်တာ။ “ဦးတင်ယုတို့ မနှစ်က ဆုတောင်းပွဲတက်တော့ လမ်းလျှောက်တာပေါ့နော်။ လမ်းလျှောက်တာကို တရားစွဲမယ်” ဆိုပြီးတော့ လာပြန်ခေါ်တယ်” ဟု ဖမ်းဆီးခံရသည့် ဦးတင်ယု၏ သမီးဖြစ်သူ မသင်းသင်းယုက ပြောသည်။
“ကျမ အဖေကနေပြီးတော့ “ဟာ ... အဲဒါတော့ ကျနော်တို့ မလုပ်တော့ဘူး၊ ဝန်ခံလက်မှတ် ထိုးထားတယ်။ ကျနော်တို့ အခု အေးအေးဆေးဆေး နေတာ။ ကျနော်တို့ ဘာဖြစ်လို့လဲ” လို့ မေးတယ်။ “မဟုတ်ဘူး။ အထက်ကပေါ့နော်၊ အမိန့်ချလို့ ကျနော်တို့ လာခေါ်တာပါဗျာ” တဲ့။ ဒီ ရဲစခန်းက စခန်းမှူးပေါ့နော်။ နှစ်ပွင့်နဲ့ လူက ကျမတို့ အဖေကို ဆွဲပြီး လာခေါ်သွားတယ်”
ဦးတင်ယု အပြင် ကိုစန်းနိုင်၊ ကိုစိုးမင်းမင်း၊ မလှလှမော်နှင့် ကိုရန်နိုင်ထွန်း (ကြည့်မြင်တိုင်) တို့အား ဒေသအာဏာပိုင်များက ဖမ်းဆီးသွားခြင်း ဖြစ်ပြီး၊ သူတို့အား မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရသေးပါ။
လွန်ခဲ့သည့် ၁၉ နှစ်အတွင်း အချိန်အတော်များများကို အကျယ်ချုပ်ဘဝဖြင့်သာ ဖြတ်သန်းခဲ့ရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အထိန်းသိမ်းခံ ပါတီခေါင်းဆောင်ကို သြဂုတ်လ ၂၂ ရက်နေ့က ကတည်းက အစားအသောက် ပို့ခြင်းကို လက်မခံဘဲ ငြင်းပယ်နေကြောင်း သူမ၏ ပါတီက ပြောသည်။
စစ်အစိုးရ ပြုလုပ်မည့် ၂ဝ၁ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကိစ္စနှင့် စပ်လျဉ်းပြီး အစိုးရနှင့် တိုက်ရိုက် ဆွေးနွေးခွင့်ရရေး သူမ အနေဖြင် ဆန္ဒပြ လုပ်ဆောင်နေသည်ဟု ထင်ကြောင်း သူမ၏ စပ်လျဉ်းပြီး၊ အစိုးရနဲ့ တိုက်ရိုက် ဆွေးနွေးခွင့် ရရေးအတွက် သူမ ဆန္ဒပြ တောင်းဆိုနေသည် ထင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် – လွတ်မြောက်နယ်မြေ (NLD-LA) နိုင်ငံခြားရေး တာဝန်ခံ ဦးညိုအုန်းမြင့် က ပြောပြခဲ့သည်။
နိုင်ငံရေး လှုပ်ရှားသူများနှင့် ပတ်သက်ပြီး တရားရုံးထုတ် စစ်ဆေးမှုများလည်း ပြုလုပ်လျှက်ရှိရာ သြဂုတ်လ ၂၈ ရက်နေ့က ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံတွင် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ဆန္ဒပြနေစဉ် ဖမ်းဆီးခံခဲ့ရသည့် လှိုင်သာယာမှ ကိုသန့်ဇင်မျိုး၊ ကိုကျော်စိုးဝင်း၊ ကိုဆန်းဝင်း၊ ကိုဝင်းမြင့်၊ ကိုအောင်မင်းနိုင် (ခေါ်) မီးသွေး အပါအဝင် ၁၁ ဦးအား ယနေ့တွင် လှိုင်သာယာ တရားရုံးတွင် ရုံးထုတ်သည်။
လှိုင်သာယာမှ ကိုသန့်ဇင်ဦးက “သန့်ဇင်မျိုး အပါအဝင် အားလုံး၊ ၁၁ ယောက်ကို ဒီနေ့ ၁၁ နာရီလောက်မှာ လှိုင်သာယာမြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးတယ်။ အားလုံးကို ပြည်သူလူထု ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ၊ ဥပဒေနဲ့ ဆန့်ကျင်တဲ့ လူစုလူဝေးမှာ ပါဝင်မှု ပုဒ်မ ၁၄၃ အပါအဝင် ပုဒ်မ ၁၄၅ ၊ ပုဒ် ၁၅၂ တွေနဲ့ တရားစွဲလိုက်တယ်” ဟု ပြောသည်။
သူတို့အား အင်းစိန် အကျဉ်းထောင်တွင် ထိန်းသိမ်းထားကာ အမှုများအတွက် လူငယ်ရှေ့နေ ကိုဖိုးဖြူနှင့် ရှေ့နေအချို့က လိုက်လံ ဆောင်ရွက်နေသည်။
ထို့အပြင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည့် ၂ဝဝ၇ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုဒီငြိမ်းလင်း (ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၊ ဘူမိဗေဒ နောက်ဆုံးနှစ်) အား လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃၊၁ ဖြင့် တရားစွဲဆိုကာ ယမန်နေ့က အင်းစိန်မြို့နယ် တရားရုံးမှ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
|
 Contact: mizzima.news@gmail.com
|
သူတို့စကား
"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။" ဦးဝင်းတင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်
|