သတင်း ပြည်တွင်းသတင်း ရန်ကုန်မြို့တော်ဝန်၏ အမိန့်သစ်ကြောင့် ကြော်ငြာလုပ်ငန်းများ ဆုံးရှုံးရ
ရန်ကုန်မြို့တော်ဝန်၏ အမိန့်သစ်ကြောင့် ကြော်ငြာလုပ်ငန်းများ ဆုံးရှုံးရ Print E-mail
မဇ္ဈိမသတင်းဌာန   
ကြာသပတေးနေ့၊ သြဂုတ်လ 28 2008 11:55 - မြန်မာစံတော်ချိန်

နယူးဒေလီ။     ။ အဝတ်အစား မလုံသည့် ပုံများပါဝင်သည့် ကြော်ငြာအားလုံးကို ဖြုတ်သိမ်းရန် ရန်ကုန်မြို့တော်ဝန် ထုတ်ပြန်ခဲ့သည့် အမိန့်သစ်ကြောင့် ကြော်ငြာကုမ္ပဏီများ အားလုံး ဝရုန်းသုန်းကား ဖြစ်နေကြရသည်။  

ဘီလ်ဘုဒ်များ အပါအဝင် ပြင်ပတွင် ကြော်ငြာများ ထောင်၍ ကြောငြာကြရသည့် ကြော်ငြာ ကုမ္ပဏီများအား ကာမရာဂ နှိုးဆွနိုင်စေသည်ဟု ဆိုသော ပုံများပါလျှင် အားလုံးကို ဖြုတ်သိမ်းပေးရန် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း က အင်္ဂါနေ့က အဆိုပါ ကုမ္ပဏီအားလုံးကို ခေါ်ယူ ပြောကြားခဲ့သည့်အတွက် အဆိုပါ ကုမ္ပဏီများ အကြားတွင် အသစ်တဖန် ထိတ်လန့်တကြား ဖြစ်မှုများကို ပေါ်ပေါက်စေခဲ့သည်။

ထိပ်တန်းကြော်ငြာ ကုမ္ပဏီတခုက မဇ္ဈိမသို့ ပြောကြားရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည်ဟု ဆိုသောပုံများ ပါဝင်သည့် ပြင်ပကြော်ငြာ အားလုံးအား တပတ်အတွင်း အသစ်လဲလှယ် တပ်ဆင်ရန် အင်္ဂါနေ့ အစည်းအဝေးတွင် ရက်သတ်မှတ်ပေးခဲ့သည်ဟု ဆိုပါသည်။  

လက်တုံ့ပြန်ခံရမည်ကို စိုးရွံ့၍ အမည်မဖေါ်လိုသည့် အဆိုပါ ကြော်ငြာကုမ္ပဏီ လုပ်ငန်းရှင်၏ အဆိုအရ မြို့တော်ဝန်၏ အမိန့်တွင် ပါဝင်သည့် ဖြုတ်သိမ်းရမည့် ကြော်ငြာများတွင် အမျိုးသမီးများ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို လှစ်ဟပြထားသည့် ပုံများ၊ ညဝတ် အဝတ်အစား ဝတ်ဆင်ထားသည့် အမျိုးသမီးပုံများ နှင့် ရမက်နှိုးဆွသော စုံတွဲပုံများ ပါဝင်သည့် ပုံများပါဝင်သည်ဟု ဆိုပါသည်။  

“ဘီလ်ဘုဒ်ကြော်ငြာ နမူနာအချို့ကို မြို့တော်ဝန်က ပရိုဂျက်တာနဲ့ ထိုးပြီး ပြသရှင်းလင်းခဲ့ပြီးတော့ ဒီလိုမျိုးပုံတွေကို အစားထိုးပေးပါလို့ ကျနော်တို့ကို ပြောခဲ့တာ” ဟု အဆိုပါ လုပ်ငန်းရှင်က ပြောသွားပါသည်။  

မြို့တော်ဝန် ရှင်းလင်းပြသသော ပုံများတွင် သားရေစကတ်တိုဝတ်ကာ ရင်နှစ်မွှာအား မလုံ့တလုံ လုပ်ထားသည့် မိုဒယ် မိုးဟေကို၏ ရန်ကုန်မြို့မှ နာမည်ကြီး ထီဆိုင်တခုဖြစ်သော မိုးရွှေလမင်း၏ ကြော်ငြာပါဝင်သည်ဟု အဆိုပါ လုပ်ငန်းရှင်က ပြောပါသည်။  

အလားတူပင် မီနီစကတ်တို ဝတ်၍ ကျောအပြည့်ဖေါ်ကာ ကျန်ခန္ဓာကိုယ် အစိတ်အပိုင်းများကိုပါ ဖေါ်ထားသည့် နီဗီယာ (Nivea) ဘော်ဒီလိုးရှင်း ကြော်ငြာလည်း ပါဝင်သည် ဟု သူက ဆက်လက် ပြောဆိုသွားပါသည်။  

ဤသို့ ကြော်ငြာများကို ဖြုတ်သိမ်းခြင်း၊ ဒီဇိုင်းအသစ်များ ရေးဆွဲ၍ အစားထိုး လဲလှယ်ပေးရခြင်းတို့အတွက် မည်သို့ လျော်ကြေးပေးမည် ဆိုသည်ကိုမူ မြို့တော်ဝန်က ပြောဆိုသွားခြင်း မရှိပါ။  

ဈေးကွက် အမှုဆောင်အရာရှိများနှင့် လုပ်ငန်းရှင်များ၏ အဆိုအရ မြန်မာနိုင်ငံ၏ ထွန်းသစ်စ ကြော်ငြာလုပ်ငန်းသည် ရန်ကုန် စည်ပင်သာယာရေး ကော်မတီထံမှ ခွင့်ပြုချက်ရရန် ရှည်ကြာသော လုပ်ငန်းစဉ်များကို ဖြတ်သန်း လုပ်ဆောင်နေရသည့်အတွက် ရပ်တည်နိုင်ရန်ပင် အလွန်ခက်ခဲစွာ ရုန်းကန်နေရသည်ဟု ဆိုပါသည်။ ဤမြူနီစီပယ် ကော်မတီသည် မြို့တော်၏ ဖွံ့ဖြိုးမှု လုပ်ငန်းများကို ကြီးကြပ် ကြည့်ရှုရသည့် အဖွဲ့လည်း ဖြစ်သည်။  

ဘီလ်ဘုဒ်များ၊ လိုက်ဘောက်စ်များ ပြင်ပတွင်စိုက်ထူကြော်ငြာလိုလျှင် ကြော်ငြာ ကုမ္ပဏီများသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မီတီ (YCDC) ထံမှ ခွင့်ပြုချက် ရယူရသည်။ ကြော်ငြာပါ အချက်အလက်များ ပုံများကို စစ်ဆေးစိစစ်ပြီးမှ ခွင့်ပြုချက် ထုတ်ပေးလေ့ ရှိသည်။  

ခွင့်ပြုချက်များ လွယ်ကူချောမွေ့စွာ ရရှိနိုင်ရေးအတွက် (YCDC) မှ အရာရှိများကို ငွေအများကြီး လာဘ်ထိုးရသည်ဟု လည်း ရန်ကုန်မြို့မှ ဈေးကွက်အမှုဆောင် အရာရှိတဦးက ပြောကြားသွားခဲ့ပါသည်။ သူတို့ လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးအတွက် လုပ်ငန်းရှင် အများစုသည် သူတို့နှင့် ဆက်ဆံရေးတရပ် ထူထောင်ထားရှိရပြီး ပုံမှန်လာဘ်ငွေ ပေးနေရသည်ဟုလည်း ဆိုပါသည်။  

သို့သော် ယခုနောက်ဆုံး ပေါ်ထွက်လာသော အတားအဆီး အခက်အခဲမှာမူ ကြော်ငြာ ကုမ္ပဏီများကို သာမက သူတို့ကို ကြော်ငြာအပ်သည့် လုပ်ငန်းရှင် ကုမ္ပဏီများကိုပါ ထိခိုက်စေလိမ့်မည် ဖြစ်သည်။ ကြော်ငြာများ အားလုံးကို အသစ်တဖန် ဒီဇိုင်းရေးဆွဲ ပြင်ဆင်ရဦးမည် ဖြစ်သောကြောင့်ပင် ဖြစ်သည်ဟု အခြား ကြော်ငြာစီးပွါးရေး လုပ်ငန်းရှင်တဦးကလည်း ပြောသွားပါသည်။  

“ကျနော်တို့ဘက်ကတော့ အခုလို ကြော်ငြာတွေ ဖြုတ်သိမ်းရတဲ့ စရိတ်စကတွေအတွက် ကိုယ့်ဘာသာပဲ အကုန်အကျ ခံသွားမှာပါ၊ အလုပ်အပ်တဲ့ ကုမ္ပဏီတွေဆီက မတောင်းတော့ပါဘူး၊ သူတို့ကလဲ ဒီကြော်ငြာတွေ အသစ်တခါ ဒီဇိုင်းထုတ်ရတဲ့ စရိတ်စကတွေအတွက် ကုန်ကျရဦးမှာလေ” ဟု အဆိုပါ ကြော်ငြာလုပ်ငန်းရှင်က ပြောသွားပါသည်။  

ယခု ထွက်ပေါ်လာသော အမိန့်သစ်တွင် ပြင်ပတွင် စိုက်ထူထားသော ကြော်ငြာအားလုံးကို ဓါတ်ပုံရိုက်ယူ၍ အသစ်တဖန် စိစစ်နိုင်ရန် YCDC သို့ တင်ပြရဦးမည်လည်း ဖြစ်သည်။  

“YCDC က မသင့်တော်ဘူးလို့ ပြောတာမှန်သမျှ ကျနော်တို့က အကုန် လိုက်ပြင်ရဦးမှာ” ဟု သူက ဆက်လက် ပြောဆိုသွားပါသည်။  

ဤသို့ ကြော်ငြာဘုဒ်များ ဖြုတ်သိမ်းခြင်း၊ ပြင်ဆင်ခြင်းတို့အတွက် ကုန်ကျမည့် စရိတ်စက အားလုံးကို သူမတို့၏ ကုမ္ပဏီကသာ ကျခံသွားမည် ဖြစ်သည်ဟုလည်း နောက်ထပ် ကြော်ငြာလုပ်ငန်း ကုမ္ပဏီတခု၏ ဈေးကွက် အမှုဆောင် အရာရှိတဦးက ပြောကြားသွားခဲ့ပါသည်။ အကြောင်းမှာ ကြော်ငြာအပ်သူ စီးပွါးရေး လုပ်ငန်းရှင်များ အနေနှင့်လည်း ဒီဇိုင်းများ ပြင်ဆင်ခြင်း၊ ကြော်ငြာများကိုအသစ်တဖန် ဒီဇိုင်းများရေးဆွဲရခြင်းတို့အတွက် အကုန်အကျများ ရှိမည်ဖြစ်သောကြောင့် ဖြစ်သည်ဟု သူမက ပြောဆိုသွားပါသည်။  

“ဒါနှစ်ဖက်လုံးအတွက် အဆုံးအရှုံးတွေပါဘဲ။ ကျမတို့က ကိုယ့်ကို အလုပ်အပ်တဲ့ သူတွေနဲ့ ဆက်ဆံရေးကို ပိုဦးစားပေးရပါတယ်၊ ဘာလို့လဲဆိုတော့ ဒါက အရေးကြီးလို့ပါ” ဟု သူမက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved