သတင်း ပြည်တွင်းသတင်း အဲပုဂံလေယာဉ်ကို MAI ဌားရမ်းမည်
အဲပုဂံလေယာဉ်ကို MAI ဌားရမ်းမည် Print E-mail
နန်းဒေဝီ   
အင်္ဂါနေ့၊ သြဂုတ်လ 26 2008 21:02 - မြန်မာစံတော်ချိန်

နယူးဒေလီ။     ။ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း MAI က အဲပုဂံ လေကြောင်းလိုင်းပိုင် Fokker-100 လေယာဉ်ကို ဘန်ကောက်-ကွာလာလမ်ပူ ခရီးစဉ်အတွက် ငှားရမ်း အသုံးပြုသွားမည် ဖြစ်သည်။

ခရီးသည် ၃၆ ဦး လိုက်ပါနိုင်သည့် ဖော်ကာ ၁ဝဝ (F-100) ကို သြဂုတ်လကုန်ပိုင်းမှ နိုဝင်ဘာလ နောက်ဆုံးပတ်ထိ ၃ လစာ အဌားစာချုပ်ဖြင့် ငှားရမ်း အသုံးပြုသွားရန် သဘောတူထားကြခြင်း ဖြစ်သည်။

“ကျမတို့ ၃ လလောက်အတွက်ပဲ ငှားထားတာပါ။ သြဂုတ်လကုန်က စပြီးတော့ နိုဝင်ဘာလကုန်လောက် အထိပါ။ လောလောဆယ် လေယာဉ်ပျံ အခက်အခဲ ဖြစ်နေတယ်လေ။ အဲဒီ အတွက်ကြောင့်မို့လို့ ၃ လလောက်ပဲ ငှားထားတာပါ။ ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီးတော့ တခြား လေယာဉ်ပျံ ထပ်ငှားရမယ်။ အမှန်တော့ တခြား လေယာဉ်ပျံတစီး ကြားထဲမှာ မရသေးတဲ့ အတွက်ကြောင့် အခုလို အဲပုဂံကို ငှားလိုက်ရတာပါ” ဟု ရန်ကုန်ရှိ အမ်အေအိုင် ၀န်ထမ်း မအေးမြသာ က ပြောသည်။

MAI သည် စင်ကာပူ၊ ဘန်ကောက်၊ ကွာလာလမ်ပူ ခရီးစဉ်များ ပျံသန်းနေရာတွင် ယခင်က ဘန်ကောက်-ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေကြောင်း ခရီးစဉ်အတွက် ထိုင်းနိုင်ငံပိုင် One-Two_Go MD-82 ကို ငှားရမ်း ပျံသန်းခဲ့သော်လည်း လေယာဉ်များ စိတ်ချရသည့် အရည်အသွေး မမှီသဖြင့် အာမခံက ရပ်ဆိုင်းခဲ့ရပြီးနောက် ယခုအခါ အဲပုဂံပိုင် လေကြောင်းလိုင်းဖြင့် ခရီးစဉ်အား အစားထိုးသွားမည် ဖြစ်သည်။

“ဘန်ကောက်-ကွာလာလမ်ပူကျတော့ နဂိုကတည်းက လေယာဉ်ပျံ ငှားငှားပြီးတော့ ပျံတယ်။ အရင် One-Two_Go MD-82 က Insurance အာမခံကိစ္စတွေ အဆင်မပြေတဲ့ အတွက်ကြောင့် ရပ်လိုက်တယ် … ဒီခရီးစဉ်တွေကိုလည်း ရပ်မထားချင်တဲ့ အတွက်ကြောင့်မို့ ဟိုဘက်ကလည်း F-100 ပေးနိုင်တဲ့ အတွက်ကြောင့်မို့ ကြားထဲမှာ သူတို့ ငှားပေးနိုင်တဲ့အတွက် ဌားလိုက်တာပါ” ဟု မအေးမြသာ ကပြောသည်။

ယခုလို အဲပုဂံ လေကြောင်းပိုင် လေယာဉ်အား MAI လေကြောင်းလိုင်းမှ ငှားရမ်း အသုံးပြုခြင်းနှင့် ပတ်သက်၍ အဲပုဂံမှ ဝန်ထမ်းတဦးကို ဆက်သွယ်မေးမြန်းကြည့်ရာ သူက ဟုတ်မှန်ကြောင်း ပြောဆိုသော်လည်း အသေးစိတ် ဖြေကြားရန်အတွက် ငြင်းဆိုခဲ့သည်။

အဲပုဂံ သည် နအဖ ထိပ်ပိုင်း ခေါင်းဆောင်ပိုင်းနှင့် စီးပွားရေး ပူးတွဲ လုပ်ကိုင်နေသည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ ပိုင်ဆိုင်သည့် လေကြောင်းလိုင်းဖြစ်ကာ ပြီးခဲ့သည့် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအတွင်း စစ်အစိုးရမှ ငြိမ်းချမ်းစွာ လမ်းထွက် ဆန္ဒပြခဲ့သူများအား အကြမ်းဖက် နှိမ်နှင်းမှု ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် စစ်အစိုးရနှင့် ၎င်းတို့နှင့်အတူ ပူးတွဲ လုပ်ကိုင်နေသည့် စီးပွားရေး လုပ်ငန်းရှင်များအား စီးပွားရေး ပိတ်ဆို့မှု လုပ်ရာတွင် ဦးတေဇလည်း ပါဝင်ခဲ့သည်။

၂ဝဝ၇ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ပြီး မကြာမီမှာပင် အဲပုဂံ၏ ရန်ကုန်-စင်ကာပူ-ရန်ကုန် ခရီးစဉ် ရပ်နားခဲ့ရသည်။ ထို့အပြင် ရန်ကုန်-ဘန်ကောက် ခရီးစဉ်ကိုလည်း ယခုနှစ် ဇွန်လအတွင်းမှ စက်တင်ဘာလအထိ ၃ လကြာ ရပ်ဆိုင်းခဲ့သေးသည်။
 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved