သတင်း ပြည်တွင်းသတင်း ပရိသတ်အများဆုံးပွဲဟု IC ဖျော်ဖြေပွဲကို ဂီတအစည်းအရုံးက ပြော
ပရိသတ်အများဆုံးပွဲဟု IC ဖျော်ဖြေပွဲကို ဂီတအစည်းအရုံးက ပြော Print E-mail
မဇ္ဈိမသတင်းဌာန   
အင်္ဂါနေ့၊ သြဂုတ်လ 26 2008 20:17 - မြန်မာစံတော်ချိန်

နယူးဒေလီ။     ။ Iron Cross (IC) ၏ နာဂစ်ရန်ပုံငွေ ဂီတဖျော်ဖြေပွဲမှာ မြန်မာ့စတိတ်ရှိုးသမိုင်း၌ ပရိသတ် အများဆုံးပွဲဟု မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ယနေ့ ပြောကြားသည်။

ယခုလ ၂၄ ရက်နှင့် ၂၅ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏ အားကစားရုံတွင် ဖျော်ဖြေ တင်ဆက်ခဲ့သော IC ၏ နာဂစ်ရန်ပုံငွေ စတိတ်ရှိုးပွဲမှာ ရုံပြည့်ရုံလျှံသည်အထိ ပရိသတ်များ၏ ကြိတ်ကြိတ်တိုး အားပေးမှု ရရှိခဲ့သဖြင့် စတိတ်ရှိုး သမိုင်းတွင် အထူး အောင်မြင်သည့်ပွဲ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“နှစ်ရက်ပေါင်း ပရိသတ် ၂ဝဝဝဝ ကျော်လောက် ရှိမယ်။ စတိတ်ရှိုးသမိုင်းမှာ ပရိသတ်အများဆုံး လာအားပေးကြတဲ့၊ အရမ်းအောင်မြင်တဲ့ ပွဲပါ” ဟု ဂီတအစည်းအရုံး အတွင်းရေးမှူး ဒေါက်တာကိုကိုလွင်က မဇ္ဈိမကို ပြောသည်။

နေ့စဉ် ညနေ ၅ နာရီကျော်မှ စတင်ကာ ၄ နာရီကျော်ကြာအထိ အဆိုတော်များမှ အားပါးတရ သီဆို ဖျော်ဖြေခဲ့ကြသလို၊ ပရိသတ်များကလည်း ပျော်ရွှင်ချမ်းမြေ့စွာ အားပေးခဲ့ကြခြင်းကြောင့် စင်ပေါ်စင်အောက် အလွန်ပင် အပေးအယူမျှသဖြင့် အေးချမ်းစွာ ပွဲသိမ်းနိုင်ခဲ့သည်ဟု IC မန်နေဂျာ ကိုအောင်မျိုးထက်က ပြောသည်။

“ဘာပြဿနာမှ မဖြစ်ခဲ့ဘူး။ နောက်ဆုံးနေ့ ကိုလေးဖြူက အလင်းရောင်နဲ့ ပွဲသိမ်းတာကို ပရိသတ်က ထပ်ပြီးတောင်းလို့  ဂစ်တာလွယ်ပြီး တပုဒ် ထပ်ဆိုပေးတယ်။ သူလည်း ပျော်တယ်။ အသံဝင်တဲ့အထိ ဆိုခဲ့တယ်” ဟု သူက ပြောသည်။

လေဘေးဒုက္ခသည်များကို ကူညီရန် ရည်ရွယ်ချက်ဖြင့် ရန်ပုံငွေ စတိတ်ရှိုးပွဲကို  မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ ကြီးမှူး၍ Iron Cross တီးဝိုင်းနှင့်အတူ အဆိုတော် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်းတို့က သီဆိုခဲ့ခြင်း ဖြစ်သည်။

စတိတ်ရှိုးပွဲ များတွင် လက်မှတ်အတု ပြုလုပ်ရောင်းချခြင်းများ အစဉ်အလာ ရှိခဲ့သော်လည်း ယခုပွဲတွင် ထိုကိစ္စများ မရှိသလောက် နည်းပါးခဲ့သည်ဟု ဂီတ အစည်းအရုံးက ပြောသည်။

လက်မှတ်ဈေးနှုန်းများမှာ ကျပ် ၉ဝဝဝ၊ တသောင်း၊ တသောင်းခွဲဖြစ်ပြီး မြန်မာနိုင်ငံ၏ စတိတ်ရှိုးသမိုင်းတွင် တရားဝင် လက်မှတ်နှုန်းထား အမြင့်ဆုံးဖြင့် ဝယ်ယူ အားပေးရသည့် ပွဲတပွဲ ဖြစ်သော်လည်း ပရိသတ်များ လက်မှတ်မရသည့်တိုင် အားပေးခဲ့ခြင်းမှာ မြန်မာ့ဂီတ နယ်ပယ်တွင် အောင်မြင်နေသော IC ဂီတဝိုင်း ဖြစ်သည့်အပြင်၊ စတိတ်ရှိုးသီဆိုမှု ၃ နှစ်ကျော် ရပ်နားထားသည့် အဆိုတော် လေးဖြူသည် ယခုပွဲ၌ ပထမဦးဆုံးအကြိမ် စင်ပေါ်တွင် ပြန်လည် သီဆိုခဲ့သည့် ပွဲဖြစ်ခြင်းကြောင့် အထူး အောင်မြင်ရခြင်း ဖြစ်ကြောင်း ဂီတအစည်းအရုံး၏ တွဲဘက်အတွင်းရေးမှူး ၃ ဖြစ်သူ တေးရေးဆရာ မောင်သစ်မင်းက ပြောသည်။

“နာမည်ကြီး တီးဝိုင်း IC ဖြစ်တာရယ်၊ စတိတ်ရှိုးမဆိုတာ ကြာပြီဖြစ်တဲ့၊ ပရိသတ် အရမ်းကြိုက်တဲ့ အဆိုတော် လေးဖြူကို စတိတ်ရှိုးစင်ပေါ်မှာ ပြန်ပြီဆိုတာကြောင့် အရမ်းအောင်မြင်ပြီး ရန်ပုံငွေ တော်တော်များများ ရပါတယ်” ဟု သူက ပြောသည်။

ရန်ပုံငွေ ပမာဏကို အတိအကျ မသိရှိသေးသော်လည်း အဆိုပါဖျော်ဖြေပွဲ ပထမရက်၌ လက်မှတ်အားလုံး ကုန်သည်အထိ ရောင်းရပြီး ဒုတိယနေ့တွင်လည်း လတ်မှတ်စောင်ရေ တသောင်းနီးပါး ရောင်းချခဲ့ရ၍ ရန်ပုံငွေ အများအပြား ရရှိခဲ့ကြောင်းကို ဆရာမောင်သစ်မင်းမှ ဆက်ပြောသည်။

ရန်ပုံငွေများကို လေဘေးသင့်ဒေသသို့ IC အဖွဲ့သားများ အပါအဝင် ဂီတ အစည်းအရုံးမှ အနုပညာရှင်များ ကိုယ်တိုင် သွားရောက်ကာ ပြန်လည် ထူထောင်ရေ လုပ်ငန်းများတွင် ထည့်ဝင် လှူဒါန်းသွားမည် ဖြစ်ကြောင်းနှင့် ဤကဲ့သို့ လှူဒါန်းနိုင်မှုအပေါ် မြန်မာနိုင်ငံ ဂီတအစည်းအရုံး အနေဖြင့် ဝမ်းမြောက်ပီတိ ဖြစ်ရကြောင်း သူက ဆက်လက် ပြောဆိုခဲ့သည်။
 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved