သတင်း ပြည်တွင်းသတင်း ကုလသံတမန်ကို မြန်မာ အတိုက်အခံများက ဝေဖန်ပြစ်တင်
ကုလသံတမန်ကို မြန်မာ အတိုက်အခံများက ဝေဖန်ပြစ်တင် Print E-mail
ဇာနည်   
အင်္ဂါနေ့၊ သြဂုတ်လ 26 2008 14:11 - မြန်မာစံတော်ချိန်

ချင်းမိုင်။     ။ သုံးပွင့်ဆိုင် ပင်မအုပ်စု (TCG) ၏ ဆောင်ရွက်ချက်များကို ချီးကျူးသည့်အတွက် ကုလကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တနင်္လာနေ့က ဝေဖန်လိုက်သည်။  

မြန်မာနိုင်ငံ၏ အခြေအနေကို စစ်အစိုးရ ပြသည်ထက် ပို၍မြင်အောင် မကြည့်နိုင်ခဲ့ဘဲ အခြေအနေမှန်များနှင့် ကင်းကွာနေပြီး၊ သူ၏ ခရီးစဉ်အတွင်း တွေ့ဆုံရမည့် အစီအစဉ်များကိုလည်း စစ်အစိုးရက စီစဉ်ထားသည့် အတိုင်းသာ လိုက်ပါ လုပ်ဆောင်ကာ ကန့်ကွက် ဆန့်ကျင်ခြင်း မရှိခဲ့ကြောင်း အန်အယ်ဒီက ဝေဖန် ထောက်ပြလိုက်ခြင်း ဖြစ်သည်။

NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “သူ (ဂမ်ဘာရီ) က စစ်အစိုးရ စီစဉ်ထားတဲ့အတိုင်း သွားပြီး သူတို့ ရုပ်ပြ လုပ်ထားတာတွေပဲ ကြည့်ခဲ့ရတော့ အခြေအနေမှန်ကို ဘယ်သိမှာလဲ။ တကယ့် အခြေအနေမှန်ကို ဒီလို အချိန်တိုလေးအတွင်းမှာ သိဖို့၊ နားလည်ဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။

ဆိုင်ကလုံး ဒုက္ခသည်များကို ကယ်ဆယ်ရေးလုပ်ငန်းများ ဦးဆောင် လုပ်ကိုင်နေသည့် TCG သည် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် မြန်မာနိုင်ငံအကြား ထိရောက်သော ပူးပေါင်း ဆောင်ရွက်မှုနှင့် လက်တွဲ ဆောင်ရွက်မှုတို့၏ နမူနာ ပြယုဂ်တခု ဖြစ်ကြောင်းဖြင့် မစ္စတာ ဂမ်ဘာရီက ပြောဆိုခဲ့သည်။  

မြန်မာစစ်အစိုးရ၊ အာဆီယံနှင့် ကုလအဖွဲ့ကြီးတို့မှ စေလွှတ်သော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် TCG သည် ဆိုင်ကလုံး နာဂစ်ဒဏ်ခံခဲ့ရသူများကို လူသားချင်း စာနာသည့် အကူအညီအထောက်အပံ့များ ပေးသည်သာမက တိုင်းပြည်တွင်း အခြားနေရာများတွင် လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အကူအညီများကိုပါ ပေးအပ်သင့်ကြောင်းဖြင့်လည်း သူက ဆက်ပြောသည်။  

မြန်မာနိုင်ငံသို့ ၆ ရက်ကြာခရီးစဉ်ကို စနေနေ့က အဆုံးသတ်ခဲ့သည့် နိုင်ဂျီးရီးယားလူမျိုး သံတမန်ကြီး၏ ဤမှတ်ချက် စကားသည် သြဂုတ်လ ၁၈ ရက် တနင်္လာနေ့က TCG အဖွဲ့ဝင်များနှင့် တွေ့ဆုံအပြီး ပေါ်ထွက်လာခဲ့ခြင်းလည်း ဖြစ်သည်။  

ယခုလို ကုလသံတမန်တဦးက လူသားချင်း စာနာထောက်ထားသည့် အကူအညီပေးရေး လုပ်ငန်းများကို လျှောက်ကြည့်၍ မှတ်ချက်များ ပေးနေခြင်းသည် သူ၏ အဓိက လုပ်ငန်းဖြစ်သည့် မြန်မာ့အတိုက်အခံ အုပ်စုနှင့် အစိုးရတို့အကြား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်လာရေးအတွက် လွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးရေး လုပ်ငန်းကြီးကို လမ်းချော်သွားစေခဲ့သည်ဟုလည်း ဦးဉာဏ်ဝင်းက ပြောကြားသည်။  

“သူ (ဂမ်ဘာရီ) က စစ်အစိုးရကို အရမ်းကို မျက်နှာချိုသွေး နေတာပဲလို့ ကျနော်တို့ ခံစားရပါတယ်။ ဒါနဲ့ပဲ သူလုပ်ရမယ့် အဓိက လမ်းကြောင်းကနေ လမ်းချော်သွားတာပဲ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။  

သူ၏ ၆ ရက်ကြာ မြန်မာပြည် ခရီးစဉ်အတွင်း မစ္စတာ ဂမ်ဘာရီသည် မြန်မာစစ်အစိုးရ၏ အငယ်တန်း ဝန်ကြီးများနှင့်သာ တွေ့ဆုံခွင့်ရခဲ့ပြီး စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်သော်၊ ထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်သော် တွေ့ဆုံခွင့် မရရှိခဲ့ပါ။

ကုလသမဂ္ဂ နိုင်ငံရေးရာ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ်သည် စစ်အစိုးရအကြီးအကဲ သန်းရွှေနှင့် ထိပ်တန်း စစ်ခေါင်းဆောင်များ နေထိုင်ရုံးစိုက်ရာ တောတွင်းတွင် တည်ဆောက်ထားသည့် မြို့တော်သစ် နေပြည်တော်သို့ပင် လာရောက်ရန် ဖိတ်ကြားခြင်း မခံခဲ့ရဟု သတင်းရပ်ကွက်များက ပြောဆိုကြသည်။  

စစ်အစိုးရသည် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်ကို သူတို့ အပေါ်ယံ လုပ်ဆောင်ထားသည့် ရုပ်ပြလုပ်ငန်းများကို ထုတ်ဖော်ပြသရန်နှင့် သူတို့အကျိုးအတွက် အသုံးချခဲ့သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး၏ မြန်မာနိုင်ငံဆိုင်ရာ အတိုင်ပင်ခံ ဒေးဗစ်စကော့မက်သီဆင် (David Scott Mathieson) က ပြောသည်။  

“မြန်မာပြည်ကို လာသမျှ သံတမန်တွေအားလုံးဟာ ဒီအတိုင်းချည်းပါပဲ။ နအဖ က ကြည့်စေချင်တာကိုပဲ ကြည့်ရတာပဲ။ ဒါနဲ့ပဲ နအဖ က ဟန်ပြလုပ်ထားတဲ့ ဟာတွေပဲ သူတို့ ကြည့်ခွင့်ရကြတာပဲ” ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးသံတမန်အဖြစ် ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာလအထိ ဆောင်ရွက်ခဲ့သည့် မစ္စတာရာဇာလီ အစ္စမေးလ် အပါအဝင် ယခင် ကုလသံတမန်များကို ရည်ညွှန်းကာ မက်သီဆင်က ပြောကြားသွားသည်။  

“မစ္စတာ ဂမ်ဘာရီဟာ နှစ်ဘက်လုံးကို ကြည့်ဖို့လိုတယ်” ဟုလည်း မက်သီဆင်က ပြောသည်။  

ဤခရီးစဉ်အတွင်း ဒီချုပ်ခေါင်းဆောင်များနှင့် ၂ ကြိမ်တွေ့ဆုံခဲ့ပြီး ထိန်းသိမ်းခံ နိုဘယ်ဆုရှင်နှင့်လည်း တွေ့ဆုံခွင့်ရရန် မေတ္တာရပ်ခံခဲ့သည်။ သို့သော် မြန်မာ့ဒီမိုကရေစီ၏ ပြယုဂ်ခေါင်းဆောင်က သူနှင့်တွေ့ဆုံရန် ငြင်းဆန်ခဲ့သည်။  

သို့သော် ကုလသံတမန်ကြီးကမူ ကုလသမဂ္ဂ၏ ကြိုးပန်းဆောင်ရွက်မှုများ၏ အဆက်အဖြစ် ကမ္ဘာ့အဖွဲ့အစည်းကြီး၏ အကြီးအကဲ မစ္စတာ ဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ယခုနှစ် ဒီဇင်ဘာလတွင် လာရောက် လည်ပတ်မည်ဟု ပြောဆိုသည်။  

သို့သော် ပြည်ပရောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံခြားရေးဌာန တာဝန်ခံ ဦးညိုအုန်းမြင့်ကမူ အစိုးရနှင့် အတိုက်အခံ ၂ ဘက်စလုံးကို စေ့စပ်ဆွေးနွေးကြရန် သြဇာအာဏာသုံး ဆောင်ရွက်ခြင်း မပြုနိုင်လျှင် ဂမ်ဘာရီနှင့် ဘန်ကီမွန်းတို့၏ မြန်မာနိုင်ငံ ခရီးစဉ်များသည် အချိန်ဖြုန်းခြင်း သက်သက်မျှသာ ဖြစ်လိမ့်မည်ဟု ပြောဆိုသည်။  

“ဒီအချိန်ဟာ စစ်အစိုးရက မတွေ့ချင်တဲ့ တစုံတဦးကို စေလွှတ်ပြီး အချိန်ဖြုန်းနေမယ့်အစား မြန်မာစစ်အစိုးရက လက်ခံ နားထောင်နိုင်မယ့် သံတမန်တွေကို ကုလသမဂ္ဂက စေလွှတ်ရမယ့် တကယ်အရေးကြီးတဲ့ အခြေအနေ ရောက်နေပြီလို့ ကျနော် ထင်ပါတယ်” ဟု ဦးညိုအုန်းမြင့်က ပြောသည်။
 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved