သတင်း ပြည်တွင်းသတင်း ချင်းပြည်နယ် စားနပ်ရိက္ခာ အကျပ်အတည်းအတွက် ‘အရေးပေါ် ကယ်ဆယ်ရေး’
ချင်းပြည်နယ် စားနပ်ရိက္ခာ အကျပ်အတည်းအတွက် ‘အရေးပေါ် ကယ်ဆယ်ရေး’ Print E-mail
မုံပီး   
အင်္ဂါနေ့၊ သြဂုတ်လ 26 2008 13:16 - မြန်မာစံတော်ချိန်

နယူးဒေလီ။     ။ ကြွက်ကျခြင်း၊ မိုးခေါင်ခြင်းတို့ကြောင့် မြန်မာနိုင်ငံ အနောက်ဘက် ချင်းပြည်နယ်တွင် စားနပ်ရိက္ခာ ပြတ်လပ်ကာ ‘အရေးပေါ် ကယ်ဆယ်ရေး အကူအညီများ’ လိုအပ်နေသည်ဟု ရန်ကုန်မှ လူသားချင်းစာနာသည့် အေဂျင်စီတခုက ပြောဆိုသည်။  

ရန်ကုန်ရှိ ကျေးလက်ဖွံ့ဖြိုးရေး အေဂျင်စီ (CAD) က ချင်းပြည်နယ် နေရာအနှံ့အပြားတွင် ဝါးသုဉ်းခြင်းကြောင့် ကြွက်ကျပြီး စိုက်ခင်းများ ဖျက်ဆီးခံနေရသည်ဟု ဆိုလိုက်ခြင်း ဖြစ်သည်။  

ချင်းပြည်နယ် နေရာအနှံ့အပြားတွင် မိုးခေါင်ခြင်းကြောင့် သီးနှံများ အထွက်နှုံးလျော့ကျကာ စားနပ်ရိက္ခာ လုံခြုံမှုမရှိသည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု (CAD) ၏ ညွှန်ကြားရေးမှူး ဂျိုးဇက်ဝင်းလှိုင်ဦး (Joseph Win Hlaing Oo) က ပြောသည်။  

“အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်မှာက ကြွက်ကျပြီး စားနပ်ရိက္ခာတွေ ပျက်စီးကုန်တာ၊ ပြည်နယ် တခြားနေရာအနှံ့မှာတော့ မိုးခေါင်လို့ လယ်သမားတွေ အခက်တွေ့နေကြရတာ” ဟု ဂျိုးဇက်က မဇ္ဈိမကို ပြောသည်။  

စားနပ်ရိက္ခာ ရှားပါးမှုကြောင့် တောတွင်းမှရရှိသည့် သစ်ဥသစ်ဖုများကို ရှာဖွေ စားသောက်ကြရသဖြင့် အစာအဆိပ် ဖြစ်ကာ ထန်ထလန်မြို့နယ်တွင် အနည်းဆုံး ကလေး ၄၄ ဦး သေဆုံးသွားခဲ့ရသည်ဟု ပြည်ပအခြေစိုက် ချင်း လူသားချင်းစာနာသည့် အုပ်စုများက ဤအတောအတွင်း ပြောကြားကြသည်။  

“သေဆုံးမှုသတင်းကို အတည်မပြုနိုင်သေးပေမယ့် ဖြစ်နိုင်ခြေ အများကြီး ရှိပါတယ်။ ဘာလို့လဲဆိုတော့ ရွာတချို့မှာ စားနပ်ရိက္ခာ သိုလှောင်ထားတာတွေပါ အားလုံး ပျက်စီးကုန်လို့ တောထဲက သစ်ဥသစ်ဖုတွေပဲ ရှာပြီး အသက်ဆက်နေကြရတာ” ဟု ဂျိုးဇက်က ပြောသည်။  

ချင်းပြည်နယ် တောင်ဘက်စွန်းမြို့နယ် ပလက်ဝတွင် ကြွက်ကျမှု အများဆုံးဖြစ်ပြီး ပြောင်းခင်းများ၊ ယာခင်းများထဲတွင် စားစရာဟူ၍ မကျန်အောင်ပင် ဖြစ်ခဲ့ရသည်ဟု သူက ဆက်ပြောသည်။  

“တချို့ ပြောင်းခင်းတွေဆိုရင် အခင်းထဲမှာ ပြောင်းပင် အရိုးကလွဲလို့ ဘာမှမကျန်ဘူး” ဟု ဂျိုးဇက်က ပြောသည်။  

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က လေ့လာ အကဲဖြတ်မှုများ ပြုလုပ်ခဲ့ရာတွင် သေဆုံးသည်ဆိုသည့် သတင်းကို သူတို့အဖွဲ့ အနေဖြင့် အတည်မပြုနိုင်သော်လည်း ဤသတင်းမှာ ဖြစ်နိုင်ဘွယ် ရှိကြောင်းဖြင့် ဤအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ခရစ်စ်ကေး (Chris Kaye) က အီးမေးလ်ဖြင့် သတင်းပေးပို့ကာ မဇ္ဈိမကို ပြောကြားသည်။  

“ကျမတို့ရတဲ့ သတင်းတွေအရ သီးနှံတွေကို ကြွက်တွေက ဖျက်ဆီးလို့ အခြေအနေက အတော်စိုးရိမ်စရာ ကောင်းနေပါတယ်။ ဒီမြို့နယ်တွေမှာ နေတဲ့ လူထုအတွက် ရှေ့မှာလည်း စားနပ်ရိက္ခာ လုံခြုံမှုမရှိတဲ့ ပြဿနာနဲ့ ဆက်ရင်ဆိုင်ရနိုင်ပါတယ်။ အထူးသဖြင့် ချင်းပြည်နယ်ရဲ့ အခေါင်ဆုံး အနောက်ဘက် ဒေသတွေမှာ ဖြစ်ပါတယ်” ဟု ကေး က ပြောသည်။  

ဂျိုးဇက်နှင့် ချင်းလူမျိုး သက်ကြီးရွယ်အိုများ၏ အပြောအရ နှစ် ၅ဝ လျှင် တခါ ဝါးသုဉ်းခြင်းကြောင့် ဤသို့ ကြွက်ကျခြင်း ဖြစ်ကြောင်း သိသည်။  

အိန္ဒိယနယ်စပ်တလျှောက် ဝါးသုဉ်းခြင်းမှာ ၂ဝဝ၆ ခုနှစ်ကုန်တွင် စတင်ဖြစ်ပေါ်လာခဲ့ပြီး ဒေသအတွင်း ကြွက်များ အဆမတန် ပွားများလာခဲ့သည်ဟု ဆိုသည်။ ယင်းနောက် ဤကြွက်များသည် ချင်းပြည်နယ်၏ အဓိက အစားအစာဖြစ်သော စပါးနှင့် ပြောင်း အပါအဝင် သီးနှံများကို တဖြေးဖြေး စိုက်ခင်းများထဲ ဝင်ရောက်ကာ ဖျက်ဆီး လိုက်ကြသည်ဟု ဆိုသည်။  

သို့သော် ချင်းပြည်နယ်၏ မြို့တော် ဟားခါး အပါအဝင် မြို့နယ် အတော်များများတွင်မူ ထူးခြားစွာ မိုးခေါင်ခြင်းနှင့် ကြုံနေရပြီး ကျေးရွာသားများအတွက် စိုက်ခင်းများမှ သီးနှံများမထွက်ဘဲ ဖြစ်နေသည် ဂျိုးဇက်က ဆိုသည်။

“ဒါ ငတ်မွတ်ခေါင်းပါးခြင်း ဘေးကြီး ကျရောက်တယ်ဆိုတဲ့ အခြေအနေမျိုးပါပဲ။ ကျနော် ပြောလိုတာကတော့ ဒီနယ်မှာ စားနပ်ရိက္ခာ လုံခြုံမှု အကျပ်အတည်းကြီးနဲ့ ကြုံတွေ့နေရပြီ ဆိုတာပါပဲ” ဟု သူက ဆက်ပြောသည်။  

ဤသို့ ဆက်လက် ဖြစ်ပေါ်လျက်ရှိသော အကျပ်အတည်းကို တုံ့ပြန် ဖြေရှင်းပေးသည့် အနေနှင့် ကုလဖွံ့ဖြိုးရေး အစီအစဉ် (UNDP) ၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ကြီး (FAO) ၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) တို့ကဲ့သို့သော ကုလအေဂျင်စီများ အပါအဝင် အဖွဲ့အစည်း ၆ ခုက ချင်းပြည်နယ်သို့ ‘အရေးပေါ် ကယ်ဆယ်ရေး’ အကူအညီများ ပေးပို့နေသည်ဟု ဆိုသည်။  

အဖွဲ့အစည်း ၆ ခုဖြစ်သော WFP, FAO, Groupe dechange et de Recherche (GRET), Care, Karuna Myanmar Social Services (KMSS), CAD တို့က တနင်္လာနေ့တွင် တွေ့ဆုံစည်းဝေးကာ ချင်း ပြည်နယ်ရှိ ပြည်သူများကို အတူတကွ ပူးပေါင်း ကူညီကြရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ဂျိုးဇက်က ပြောသည်။  

ဤအဆိုပြုချက် အစီအစဉ်အရ ချင်းပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်အနက် ဖလမ်းနှင့် ကန်ပက်လက်မပါ အခြား စားနပ်ရိက္ခာ အကျပ်အတည်း ကြုံတွေ့နေရသည့် မြို့နယ် ၇ မြို့နယ်ကို အကူအညီများ ပေးအပ်သွားမည်ဟု ဆိုသည်။  

“ကျနော်တို့ CAD အဖွဲ့ကတော့ ဟားခါးနဲ့ ထန်တလန်မြို့နယ်ထဲက ကျေးရွာ ၂ဝ ကျော်ကို အဓိကထား ကူညီပေးသွားမှာပါ” ဟု ဂျိုးဇက်က ပြောသွားပြီး သူတို့တင်ထားသည့် အဆိုပြုချက်အစီအစဉ် (proposal) ကို ယူကေနိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန၏ အတည်ပြုချက်ရရန် စောင့်ဆိုင်းနေရဆဲ ဖြစ်သည်ဟုလည်း ဆိုသည်။

ဤအဆိုပြုချက်သည် ၆ လစာဖြစ်ပြီး အငတ်ဘေးဒဏ် ခံနေရသော ကျေးရွာသားများကို သူတို့အဖွဲ့က စားနပ်ရိက္ခာများ အခမဲ့ ဝေငှဖြန့်ဖြူးပေးနိုင်မည်ဟုလည်း ဆိုသည်။  

CAD ၏ အစီအစဉ်အရ ကနဦး ၃ လတွင် စားနပ်ရိက္ခာများကို အခမဲ့ ဝေငှပေးသွားမည်ဖြစ်ပြီး နောက် ၃ လတွင်မူ အစားအစာနှင့် လုပ်အားလဲလှယ်သည့် အစီအစဉ်ကို အသုံးပြုသွားမည်ဟု ဆိုသည်။ ဒေသခံလူထုအတွက် ရေရှည်တွင် အကျိုးများစေမည့် လမ်းဖောက်ခြင်း အပါအဝင် အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်စေပြီး လုပ်အားခအဖြစ် စားနပ်ရိက္ခာများ ပေးအပ်မည် ဖြစ်သည်။

“ကျနော်တို့ ဒီနှစ် မတ်လမှာ ကနဦး အကဲဖြတ်လုပ်ငန်းတွေ သွားလုပ်တော့ ဒေသခံ ရပ်ရွာလူထုက စားနပ်ရိက္ခာနဲ့ လုပ်အား လဲလှယ်တာကို သဘောကျပေမယ့် စားနပ်ရိက္ခာ အကူအညီတော့ လိုသေးတာပဲလို့ ပြောကြပါတယ်” ဟု ကေး က ပြောသည်။  

“ကျနော်တို့မှာ ရှိတဲ့ ရင်းမြစ်တွေက ခွင့်ပြုသလောက် လုပ်သွားမှာပါ” ဟု ကေးက ဆက်ပြောသည်။  

“ဂျိုးဇက်ကမူ ချင်းပြည်နယ်၏ စားနပ်ရိက္ခာ အကျပ်အတည်းကို ရေရှည် ဖြေရှင်းနိုင်ရေးအတွက် ‘အစိမ်းရောင် တော်လှန်ရေး’ တရပ် ဆင်နွှဲရန်လိုကြောင်းနှင့် လောလောဆယ် အကျပ်အတည်းကို ဖြေရှင်းသည့် အနေဖြင့်မူ နောက်နှစ် စိုက်ပျိုးရာသီ စတင်မည့် ၂ဝဝ၉ ခုနှစ် ဇွန်၊ ဇူလိုင်လအထိ ‘အရေးပေါ် ကယ်ဆယ်ရေး အကူအညီများ’ ကို လယ်သမားများကို ဆက်လက် ပေးအပ်ရန်လိုကြောင်း ပြောဆိုသွားသည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved