သတင်း ပြည်တွင်းသတင်း ဖုန်းလိုင်းကြောင့် အင်တာနက်လိုင်း နှေးကွေးဟု အမ်ပီတီ ပြောဆို
ဖုန်းလိုင်းကြောင့် အင်တာနက်လိုင်း နှေးကွေးဟု အမ်ပီတီ ပြောဆို Print E-mail
နန်းဒေဝီ   
တနင်္လာနေ့၊ သြဂုတ်လ 25 2008 15:23 - မြန်မာစံတော်ချိန်

နယူးဒေလီ။     ။ အင်တာနက်လိုင်းများ နှေးကွေးခြင်းသည် ဖုန်းလိုင်းကြောင့် ဖြစ်သည်ဟု အင်တာနက် ဝန်ဆောင်မှု ပေးနေသည့် မြန်မာ့ဆက်သွယ်ရေးနှင့် ကြေးနန်းဝန်ကြီးဌာန (MPT) က ပြောဆိုသည်။

MPT မှ မြန်မာတယ်လီပို့သို့ ဝန်ဆောင်မှု လွှဲပြောင်းနေချိန်တွင် ယခုလို အင်တာနက်မြန်နှုန်းများ ကျဆင်းနေသည့်အပေါ် MPT ဆက်သွယ်ရေး အရာရှိတဦးက ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

“လိုင်းလွှဲနေတုန်း အင်တာနက် Speed (အမြန်နှုန်း) နှေးနေတာနဲ့ မဆိုင်ပါဘူး။ ဖုန်းလိုင်းတွေနဲ့ ဆိုင်တယ်ဗျ။ တယ်လီဖုန်းလိုင်းမှာ ဆက်ထုံးတွေများလို့ ရှိရင်ပေါ့။ တယ်လီဖုန်းလိုင်းတွေ အခြေအနေတွေကြောင့် စက်က အနှေးအမြန် စကားပြောတာပေါ့နော်” ဟု MPT လက်ထောက်မန်နေဂျာ တဦးက ပြောသည်။

MPT အင်တာနက် ဝန်ဆောင်မှုများအား ယခုအခါ မြန်မာတယ်လီပို့ (ယခင် ပုဂံဆိုက်ဘာတက်) သို့ လွှဲပြောင်းနေရာ ဆိုင်ဘာဖန်ချည်မျှင် ဆက်ကြောင်းများအား ကြည့်မြင်တိုင် ဆိပ်ကမ်းမှ ပြည်လမ်းမတလျှောက် သွယ်တန်းနေစဉ် အင်တာနက်မြန်နှုန်း ကျဆင်းခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် MPT အရာရှိက ငြင်းဆိုလိုက်ခြင်းလည်း ဖြစ်သည်။  

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းမှ စတင်ကာ အင်တာနက်လိုင်း လွှဲပြောင်းနေရာတွင် အာဏာပိုင်များ တရုတ်နိုင်ငံမှ ဆိုက်ဘာကျွမ်းကျင်သူ ၃ ဦးအား နေပြည်တော်တွင် ဖိတ်ခေါ်ကာ မြန်မာ့အင်တာနက် အသုံးပြု ဆာဗာများလည်း ပြင်ဆင်သွားကြောင်း သိရသည်။

“ဟုတ်ပါတယ်ခင်ဗျာ။ အခုတလောက အိန္ဒိယနဲ့ တရုတ်ကုမ္ပဏီတွေနဲ့ ဆက်စပ် အလုပ်လုပ်နေပါတယ်။ ရုရှားတော့ မသိဘူး။ တရုတ်လည်း နဲနဲပါတယ်။ လုပ်ငန်းလုပ်ဖို့က နည်းပညာတွေ လိုတာပေါ့ဗျာ။ အဲဒီအတွက် ပေါင်းလုပ်နေကြတာပါ” ဟု MPT မှ တာဝန်ရှိသူက ပြောဆိုသည်။

ယခင်က ခေါ်ယူငှားရမ်းထားသည့် ရုရှားနိုင်ငံ အိုင်တီ နည်းပညာ ကျွမ်းကျင်သူများနှင့် MPT မှ ပူးပေါင်းကာ အင်တာနက် သုံးစွဲသူများအား နည်းပညာအရ ထိန်းချုပ်ရန် ကြိုးစားမှုများ ရှိနေသေးကြောင်းနှင့် လက်ရှိတွင် ရုရှား ပညာရှင် ၂ ဦးသည် မြန်မာတယ်လီပို့တွင် ပုံမှန်အားဖြင့် ရုံးဆင်း၊ ရုံးတက် လုပ်နေကြောင်း မျက်မြင်သက်သေများက ပြောသည်။

ယခုလို အင်တာနက်မြန်နှုန်းများ သိသာစွာ ကျဆင်းနေချိန်တွင် လိုင်းများ ပြတ်ကျခြင်း၊ ဖိုင်ပို့၊ စာပို့ရာတွင် အခက်အခဲ တွေ့သည်သာမက အခမဲ့ အသုံးပြုနေသည့် ဂျီမေးလ် အကောင့်အသစ်များ ဖွင့်ရာတွင် အခက်အခဲများ တွေ့ကြုံနေရသည်။

“၂ ပတ်လောက်ရှိပြီ၊ ကွန်နက်ရှင် connection နှေးနေတာ။ အရင်ကထက် နှေးတယ်။ မေးလ်ဖွင့်ရင် စောင့်ရတယ်။ ဓာတ်ပုံဖိုင်တွေ ပို့တဲ့အခါမှာ အခက်အခဲ ဖြစ်တယ်။ ဂျီမေးလ် အသစ်တောင် ဖွင့်လို့ မရတော့ဘူး။ ဖွင့်လိုက်တာနဲ့ကို မရဘူးဖြစ်နေတာ” ဟု အင်တာနက် အသုံးပြုနည်း သင်တန်း ပို့ချပေးသည့် ဆိုင်ဘာကဖေးတခုမှ တာဝန်ရှိသူတဦးက ပြောသည်။

သူက “ကျနော်တို့ အင်တာနက် အသုံးပြုသင်တန်း လုပ်တဲ့အခါမှာ အခက်အခဲ ဖြစ်လာတယ်။ မေးလ်အသစ်တွေ ကျနော်တို့ ဖွင့်ပေးရတယ်။ ဂျီမေးလ် အကောင့်တွေ ဖွင့်မရတော့ ဘယ်လိုမှ သူတို့ မေးလ်စမ်းသပ်လို့ မရဘူး ဖြစ်နေတယ်။ ဒါကြောင့် သူတို့ကို account အဟောင်း ၃၊ ၄ ခု ဖွင့်ထားတဲ့ သူတွေဆီက ပြန်ယူသုံးနေရတယ်။ ဘာကြောင့်ဆိုတာ မမေးမိဘူး” ဟု ပုဂံတယ်လီပို့၏ အင်တာနက်လိုင်း သွယ်တန်းထားသည့် ဆိုင်ဘာကဖေးက ပြောသည်။

ယခုလို အခမဲ့ ဂျီမေးလ် အကောင့်အသစ်များ ဖွင့်မရခြင်းနှင့် ပတ်သက်၍ ပုဂံတယ်လီပို့ကို မေးမြန်းရာတွင် အမည်မဖော်လိုသူ တာဝန်ရှိသူတဦးက ယခုလို ဖြေကြားသည်။

“ဂျီမေးလ်တွေ ဘာတွေက ကျမတို့ ပုဂံနက်နဲ့ မဆိုင်ဘူး။ အဲဒါတွေက င်္မနန ရတဲ့ ဟာတွေလေ။ ဖွင့်လို့ မရဘူးဆိုတာတွေက connection တွေ ကျနေလို့ ဖြစ်လို့လည်း ပါမယ်။ အဲဒါတော့ ကျနော်တို့ မြန်မာတယ်လီပို့နဲ့ မဆိုင်ဘူးခင်ဗျ။ ဂျီမေးလ်နဲ့ ပတ်သက်ပြီးတော့ ဝန်ဆောင်မှု ဘာမှမပေးဘူး။ ဒါကြောင့် ကျနော်တို့နဲ့ မဆိုင်ဘူး” ဟု ပြောသည်။

ထို့အပြင် လတ်တလော လိုင်းအပြောင်းအလွှဲ လုပ်နေခြင်းကြောင့်လည်း မဟုတ်ကြောင်း သူက ပြောသည်။

သို့ရာတွင် အစိုးရဆာဗာများကို ကျော်ကြည့်သည့် ဖရီးမေးလ်၊ ပရော့စီ ဆာဗာများအား အာဏာပိုင်များမှ ထပ်မံ တင်းကျပ် ပိတ်ဆို့မှုများ ပြုလုပ်လာနေကြောင်း ရန်ကုန်အင်တာနက် သုံးစွဲသည့် လူငယ်များက ပြောဆိုသည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved