သောကြာ, ၀၃ စက်တင်ဘာ ၂၀၁၀

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ကုလကိုယ်စားလှယ် ဂမ်ဘာရီ မြန်မာပြည်မှ ပြန်ပြီ

ကုလကိုယ်စားလှယ် ဂမ်ဘာရီ မြန်မာပြည်မှ ပြန်ပြီ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ။ ။ တရက်တိုးနေခဲ့သော်လည်း စစ်အစိုးရ ခေါင်းဆောင်နှင့်တကွ အတိုက်အခံ ခေါင်းဆောင်ကို မတွေ့ရဘဲ ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီသည် စနေနေ့တွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။

မြန်မာနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအတွက် ကုလသမဂ္ဂ၏ ကြားဝင် ကြိုးပမ်းမှုအဖြစ် ၆ ရက်ကြာ ခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သော်လည်းကောင်း၊ နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို သော်လည်းကောင်း တွေ့ဆုံခွင့် မရဘဲ ပြန်သွားရသည်။ သူ၏ မူလခရီးစဉ်မှာ သောကြာနေ့တွင် ပြီးဆုံးမည် ဖြစ်သော်လည်း တရက် ထပ်တိုးနေခဲ့သည်။

နိုင်ဂျီရီးယား သံတမန်သည် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် စနေနေ့က တွေ့ဆုံခဲ့ပြီး ပြန်ကြားရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ယဉ်ကျေးမှုဝန်ကြီးတို့ ပါဝင်သည့် စစ်အစိုးရ၏ ကိုယ်စားလှယ်အဖွဲ့နှင့် ဒုတိယအကြိမ် ပြန်လည် တွေ့ဆုံခဲ့သည်ဟု ကုလသမဂ္ဂရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကုလကိုယ်စားလှယ်သည် ရွှေဝါရောင် တော်လှန်ရေးအပြီး လေးကြိမ်မြောက် လာရောက် လည်ပတ်ခြင်း ဖြစ်ပြီး စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အကြား တွေ့ဆုံ ဆွေးနွေးရေး ပြန်လည် စတင်ရန် မျှော်လင့်ထားသည်။

သိုသော် စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်သို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခြင်း မခံရဘဲ မူလခရီးစဉ် သတ်မှတ်ရက်အတွင်း အဆင့်နိမ့် အရာရှိများနှင့်သာ တွေ့ဆုံခဲ့ရသည်။

“ကုလသမဂ္ဂရဲ့ Mission လုပ်ငန်းတွေကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ပြန်သွားတယ်လို့ ပြောလို့ ရပါတယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

သို့သော် နာဂစ်မုန်တိုင်း တိုက်ခိုက်ခံရသော ဒေသအချို့သို့ ဂမ်ဘာရီ သွားရောက် လည်ပတ်ရန် စစ်အစိုးရက သူ့ကို စီစဉ်ပေးခဲ့ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်နေသည့် အရာရှိများနှင့် တွေ့ဆုံစေခဲ့သည်၊

ဗုဒ္ဓဟူးနေ့က ဂမ်ဘာရီသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် နေအိမ်ရှေ့သို့ သွားရောက် စောင့်ဆိုင်းနေသော်လည်း တွေ့ဆုံခွင့်မရဘဲ ဖြစ်ခဲ့သည်။

သောကြာနေ့ကလည်း ကုလအရာရှိများ ထပ်မံ သွားရောက် စောင့်ဆိုင်းနေသော်လည်း အချီးနှီး ဖြစ်သွားသည်။

 

မည်သည့် အကြောင်းကြောင့် ဒီမိုကရေစီ ခေါင်းဆောင်သည် တွေ့ဆုံခြင်း မပြုသည်ကို မသိရှိနိုင်သော်လည်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မစ္စတာဂမ်ဘာရီ၏ ယခုခရီးစဉ်အတွင်း လုပ်ဆောင်မှုများအပေါ် မကျေနပ်ခြင်းကို ထုတ်ဖော် ပြသလိုက်ခြင်း ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ဝင်များက ယုံကြည်နေကြသည်။

ထိုသို့ ဖြစ်နေချိန်တွင် အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက ကုလ ကိုယ်စားလှယ်သည် စစ်အစိုးရ ဖော်ဆောင်နေသည့် လမ်းစဉ်ကို လိုက်မိနေပြီး ကုလသမဂ္ဂ၏ ရပ်တည်မှုမှ သွေဖီနေသည်ဟု ဆိုကာ နယူးဒေလီမြို့တွင် ယနေ့နံနက်က ဆန္ဓပြခဲ့ကြသည်။

“သူ့ခရီးစဉ်ဟာ ဘာမှ အရေးပါ အရာရောက်တာလည်း မရှိဘူး။ အလားအလာလည်း အင်မတန်မှဘဲ မှေးမှိန်နေပါတယ်” ဟု အဝေးရောက် စင်ပြိုင်အစိုးရ ဖြစ်သော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရ အဖွဲ့ဝင် အနောက်ဘက် ၀န်ကြီးချုပ်ရုံး ၀န်ကြီး ဒေါက်တာတင့်ဆွေက ပြောသည်။

စက်တင်ဘာ ၂၀၀၇ ခုနှစ်က သံဃာတော်များ ဦးဆောင်သော လူထုအုံကြွမှုကို စစ်တပ်က သွေးမြေကျ ဖြိုခွင်းအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုပြုရန် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ကို အထူးအရာရှိအဖြစ် သတ်မှတ်ထားခဲ့သည်။

သို့သော် ဇန်န၀ါရီလကတည်းက နှစ်ဖက် တွေ့ဆုံမှုမရှိဘဲ စစ်အစိုးရ အနေဖြင့် ရုပ်ပြထား လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု အတိုက်အခံများက ဝေဖန်ထားကြသည်။

 

အထူးအစီရင်ခံစာ

drug
e-letter-burmese

Donation

Amount in USD:

Who is Online

We have 505 guests online