အင်္ဂါ, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၀

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > လူ့အခွင့်အရေး အုပ်စုများက ကုလကို ပြင်းထန်စွာ ဝေဖန်

လူ့အခွင့်အရေး အုပ်စုများက ကုလကို ပြင်းထန်စွာ ဝေဖန်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ။ ။ ကုလ၏ မြန်မာ့အရေး ကြိုးပန်းမှုကို ထင်ရှားသော လူ့အခွင့်အရေး အုပ်စုများက အပြင်းအထန် ဝေဖန် တိုက်ခိုက်လိုက်ကြသည်။

ယခု ပြီးဆုံးသွားပြီ ဖြစ်သော ကုလအထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီ၏ စတုတ္ထမြောက် ခရီးစဉ်၏ အကြောင်းအရာ အသေးစိတ်ကို ရည်ရွယ်ချက်ရှိရှိ လိမ်လည် ဖေါ်ပြခဲ့သည်ဟုပင် သူတို့က ပြင်းထန်စွာ စွပ်စွဲ ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

US Campaign for Burma မှ ဦးအောင်ဒင်က “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ကျောင်းသား ကိုယ်စားလှယ်များ၊ ၁၉၉ဝ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလအဖြစ် ရွေးချယ်ခံရသော ကိုယ်စားလှယ်များ အပါအဝင် နိုင်ငံရေးပါတီများ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် သီးခြားစီ တွေ့ဆုံမှု ၁ဝ ကြိမ် ပြုလုပ်ခဲ့သည်’ ဆိုသော ထုတ်ဖေါ် ပြောဆိုချက်သည် စိတ်ကူးယဉ် ပြောဆိုချက် သက်သက်မျှသာ ဖြစ်သည်ဟု ယမန်နေ့က စိန်ခေါ်ပြောဆိုခဲ့သည်။

“ဤထုတ်ပြန် ကြေညာချက်သည် လွဲမှားဖေါ်ပြထားရုံသာမဟုတ်၊ လုံးဝပင် မှားယွင်းနေသည်။ မစ္စတာ ဂမ်ဘာရီသည် နိုင်ငံရေး ပါတီများနှင့်၎င်း၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့်၎င်း တွေ့ဆုံခဲ့ခြင်းမရှိ” ဟု ကုလသမဂ္ဂ အဖွဲ့ကြီး၏ သြဂုတ် လ ၂ဝ ရက်နေ့ကထုတ်ပြန်ခဲ့သော ကြေညာချက်ကို ဦးအောင်ဒင် က မှတ်ချက်ချ ပြောဆိုသွားခဲ့သည်။

မစ္စတာဂမ်ဘာရီ တွေ့ဆုံခဲ့သည့် အုပ်စုများ အားလုံးသည် အမှန်စင်စစ် စစ်အစိုးရ လိုလားသော အဖွဲ့အစည်းများသာ ဖြစ်နေပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းတော်များအဖွဲ့ (ABMA) ၊ ၈၈ ကျောင်းသားများအဖွဲ့၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မီတီ (CRPP) တို့အပါအဝင် ထင်ရှားသည့် အတိုက်အခံ အဖွဲ့အစည်းကြီးများနှင့် တွေ့ဆုံရန် ပျက်ကွက်ခဲ့ခြင်း အပေါ်လည်း မေးခွန်းထုတ်လိုက်သည်။

မစ္စတာ ဂမ်ဘာရီ၏ နောက်ဆုံးခရီးစဉ်အပေါ် ဤသို့ အဓိပ္ပာယ်ဖွင့်ဆို ဖေါ်ပြလိုက်ခြင်းကို Burma Campaign (U.K) အဖွဲ့ကြီးကလည်း ထောက်ခံလိုက်သည်။

“သူ့ခရီးစဉ်၏ ပထမ ၃ ရက်တွင် ၂ ရက်မှာ စစ်အစိုးရ၊ သူတို့နှင့် စားဖော်သောက်ဖက် စီးပွားရေးသမားများ၊ လူထုအခြေပြု အဖွဲ့အစည်း အသွင်ယူထားသော အဖွဲ့များနှင့် တွေ့ဆုံခြင်းဖြင့်သာ ကုန်ဆုံးသွားခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တွေ့ဆုံချိန်မှာ မိနစ် ၂ဝ သာ ရှိခဲ့သည်” ဟု လန်ဒန်အခြေစိုက် အခွင့်အရေး အဖွဲ့ကြီးက ပြောဆိုသွားသည်။

“ဤသို့ စစ်အစိုးရက သတ်မှတ်ပေးသော အစီအစဉ်အတိုင်းသာ သွားလာ လှုပ်ရှားနေပြီး ဒီမိုကရေစီရေး တိုက်ပွဲဝင် အဖွဲ့အစည်းများနှင့် မိနစ် ၂ဝ သာ တွေ့ဆုံခဲ့ခြင်းဖြင့် မစ္စတာ ဂမ်ဘာရီ အနေဖြင့် မည်သို့ အောင်မြင်မှု ရနိုင်ပါမည်လဲ” ဟု US Campaign for Burma မှ ဂျယ်ရမီဝုဒရမ် (Jeremy Woodrum) ကလည်း ပြောဆိုသွားခဲ့သည်။

ဤသို့ အဖွဲ့အစည်းများနှင့် တွေ့ဆုံချိန် ကြီးမားစွာ ကွာခြားနေခြင်းအပေါ် နယူးရောက်မြို့၌ ကြာသပတေးနေ့က ကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် မေးခွန်းထုတ်ခဲ့ရာ ကုလ အတွင်းရေးမှူးချုပ်၏ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Marie Okabe က “အခုတော့ အစည်းအဝေး မှတ်တမ်းတွေ အသေးစိတ်ကို မကြည့်နိုင်သေးပါဘူး။ မြန်မာနိုင်ငံရဲ့ တကယ်တမ်း အရေးပါသူ အားလုံးနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံခဲ့တာသာ ဖြစ်ပါတယ်။ အဓိက ထားခဲ့တာက နိုင်ငံရေး လုပ်ငန်းစဉ်နဲ့ တွေ့ဆုံ ဆွေးနွေးရေးမှာ အားလုံး ပါဝင်နိုင်ရေးနဲ့ ယုံကြည် စိတ်ချရမှု ရှိရေးတို့ကိုသာ စောင်းပေး တွေ့ဆုံခဲ့ခြင်းသာ ဖြစ်ပါသည်” ဟု တုံ့ပြန် ပြောဆိုသွားခဲ့သည်။

ထို့ပြင် “အရင်က ကျမ ပြောခဲ့သလိုပါဘဲ၊ သူသွားခဲ့တာဟာ အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးတာကို ဆက်လက် ပြုလုပ်ဘို့ ဖြစ်ပါတယ်” ဟု ကုလ အထူးကိုယ်စားလှယ်၏ ခရီးစဉ်နှင့် စပ်လျဉ်း၍ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် Okabe က ကာကွယ် ပြောဆိုသွားခဲ့ပါသည်။

ဤသို့ မစ္စတာဂမ်ဘာရီ သူ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် ပျက်ကွက်ခဲ့ခြင်းအတွက် ကုလအနေဖြင့် ‘မြန်မာပြည် ဗိုလ်ချုပ်ကြီးများကို ပျော့ပြောင်းစွာ ချဉ်းကပ် ဆောင်ရွက်နေခြင်း’ အား စွန့်လွှတ်ပြီး သတ်မှတ်ထားသော ရည်မှန်းချက် ပန်းတိုင်များကို မည်သည့် နေ့ရက်အချိန်တွင် ဆောင်ရွက်ရမည်ဆိုသည့် တိတိကျကျ သတ်မှတ်ထားသော အချိန်ဇယားဖြင့်သာ သတ်မှတ် ဆောင်ရွက်သွားရန် ဘားမားကင်ပိန်းယူကေ အဖွဲ့ကြီးကလည်း တိုက်တွန်း ပြောဆိုလိုက်သည်။

“မည်သည့် ပေတံဖြင့်တိုင်းတိုင်း၊ ဂမ်ဘာရီနှင့် ကုလသမဂ္ဂအဖွဲ့ကြီး၏ ဆောင်ရွက်မှု မှတ်တမ်းများသည် မအောင်မမြင် ဖြစ်ခဲ့ရသည်သာ ဖြစ်သည်” ဟု Burma Campaign (U.K) ၏ ဒါရိုက်တာ Mark Farmaner က ပြောဆိုသွားသည်။

မစ္စတာ ဂမ်ဘာရီ၏ တာဝန်သက်တမ်းအတွင်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေမှာ ပိုမို ဆိုးရွားလာခဲ့ပြီး နိုင်ငံရေး အကျဉ်းသား ဦးရေမှာလည်း ၂ ဆ တိုးလာခဲ့သည်။ မေလအတွင်းက ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်အပြီးတွင်လည်း အရေးကြီးသော ကယ်ဆယ်ရေး ပစ္စည်းများ သယ်ပို့ပေးနိုင်ရေးကို အောင်မြင်အောင် စွမ်းဆောင် လုပ်ကိုင်နိုင်ခြင်း မရှိခဲ့ဟုလည်း အဆိုပါ အဖွဲ့ကြီးက ဝေဖန်ပြောဆိုသည်။

ဤသို့ လူ့အခွင့်အရေး အဖွဲ့များ၏ အားမလိုအားမရ ဖြစ်မှုသည် မစ္စတာ ဂမ်ဘာရီ အနေဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်၎င်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်၎င်း၊ တွေ့ဆုံခွင့်မရဘဲ တိုင်းပြည်မှ ပြန်လည် ထွက်ခွါရပြီးနောက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

“ဘာလို့လဲဆိုတော့ သူ့ခရီးစဉ် အစီအစဉ်နဲ့ပတ်သက်ပြီး စစ်အစိုးရက လုပ်ခိုင်းတဲ့အတိုင်း ခေါင်းငုံ့လုပ်ခဲ့ရတာနဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုတွေ့တဲ့အချိန် သူ့ပါတီ ခေါင်းဆောင်များနဲ့ပါ တချိန်တည်း အတူတူ တွေ့ပါရစေဆိုတဲ့ ရိုးရိုးလေး တောင်းဆိုတာကိုတောင် မလိုက်လျောနိုင်ဘဲ ဒေါ်စုနဲ့ပါ မတွေ့နိုင်ခဲ့တာကို ကြည့်ရင် ထင်ရှားပါတယ်” ဟု Woodrum က ပြောဆိုသွားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် နောက်ဆုံး ကြိုးပန်းသည့် အနေဖြင့် သူမ၏ အိမ်ရှေ့တွင် ထိုနေ့ နံနက်က မိနစ် ၉ဝ ခန့် ရပ်တန့် စောင့်ဆိုင်းနေခဲ့သည်ဟု ဆိုသည်။ သို့သော် နိုဘယ်ဆုရှင်က အထူးကိုယ်စားလှယ်ကို ဝင်ရောက်ခွင့်ပေးရန် စွဲစွဲမြဲမြဲပင် ငြင်းဆန်ခဲ့သည်ဟု ဆိုသည်။
 

Editor's choice

အင်တာနက်သုံးသူ မှတ်တမ်းပြုစုရန် အာဏာပိုင်များညွှန်ကြား

အင်တာနက်ဆိုင်များတွင် လာရောက် အသုံးပြုသူများ၏ ကိုယ်ရေး အချက်အလက်များကို မှတ်တမ်း တင်ထားရမည်...

ဆရာ …. နှစ်ယောက် ….

ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်တို့က တဖက်နှင့် ဒုတိယကမ္ဘာစစ်မီးကြီးက လျှံလျှံညီးညီး တောက်လောင်၍ ...

အလွမ်းစကား

News image

ကျမ ထောင်ဝင်စာတွေ့ဖို့ ကလေးမြို့ကို ရောက်နေတဲ့အချိန် ဖြစ်ပါတယ်။ ရတနာပုံအိမ်ကြီးရဲ့ တီဗီရှေ့မှာ အိမ်ရှင် ...

ဘိလပ်မြေဈေး ကျပ်တထောင်ကျော် မြင့်တက်

ဈေးကွက်အတွင်း ဝယ်လိုအားများနေသဖြင့် ဘိလပ်မြေဈေးနှုန်းများ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကျပ်တထောင်ကျော်...