|
ဂမ်ဘာရီနှင့် တွေ့ဆုံမှုအပေါ် ကျေနပ်ဟု အဖွဲ့ချုပ် ပြောကြား |
|
|
|
ဖနိဒါ
|
|
သောကြာနေ့၊ သြဂုတ်လ 22 2008 19:09 - မြန်မာစံတော်ချိန် |
ချင်းမိုင်။ ။ မြန်မာပြည်ဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီနှင့် ယနေ့ညနေပိုင်းက ထပ်မံ ဆွေးနွေးမှုအပေါ် ကျေနပ်မှုရှိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) က ပြောဆိုလိုက်သည်။
အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ ဖြစ်သည့် ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ သခင်စိုးမြင့်၊ ဦးသန်းထွန်းနှင့် ဦးညွန့်ဝေတို့သည် မစ္စတာ ဂမ်ဘာရီနှင့် ယနေ့ညနေ ၂ နာရီခန့်က ရန်ကုန်ရှိ အစိုးရ ဧည့်ဂေဟာတွင် ၁ နာရီခန့် တွေ့ဆုံ ဆွေးနွေးပြီးနောက် ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဒီနေ့ ဆွေးနွေးတာကိုတော့ အန်ကယ်တို့ ကျေနပ်မှုရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမတခေါက်က တကယ့် မစ်ရှင် က အလုပ်ကို ဘာမှ မဆွေးနွေးလိုက်ရဘူး။ ဒီနေ့တော့ အရေးကြီးတဲ့ အလုပ်ကို ဆွေးနွေးခွင့် ရတဲ့အတွက် အန်ကယ်တို့ဘက်က ကျေနပ်ပါတယ်” ဟု အန်အယ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
“သူတို့က ခရီးစဉ်မှာပါတဲ့ အချက် ၅ ချက် ကိစ္စတွေ ဆွေးနွေးဖြစ်ခဲ့တယ်။ အရင်တခေါက်က ဘာမှ ပြောခွင့်ဆိုခွင့် မရတာ။ ဒီနေ့တော့ အချိန်လည်း ရတယ်။ သီးသန့်လည်း တွေ့လို့ရတယ်။ ဆွေးနွေးပွဲက မပြီးပြတ်သေးဘူး။ ထပ်တွေ့ဖို့လည်း သဘောတူထားတယ်။ ဒါပေမဲ့ ဘာတွေ ဆွေးနွေးတယ်ဆိုတာ အသေးစိတ်ကို အန်ကယ်တို့ ထုတ်လည်း မထုတ်ပြန်နိုင်သေးဘူး”
အဓိက ဆွေးနွေးချက်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးတို့ ဖြစ်သည်ဟု သူက ပြောသည်။
သြဂုတ်လ ၂၀ ရက်နေ့ကမူ ကုလကိုယ်စားလှယ်နှင့် တွေ့ဆုံ ဆွေးနွေးမှုပြုပြီး အတိုက်အခံ ပါတီ ပြောခွင့်ရပုဂ္ဂိုလ်က ဆွေးနွေးပွဲသည် အားရကျေနပ်ဖွယ် မရှိကြောင်း ပြောဆိုခဲ့သည်။
ထိုနေ့က မစ္စတာဂမ်ဘာရီသည် စစ်အစိုးရ လိုလားသော အဖွဲ့များဖြစ်သည့် ခွဲထွက် ဝံဿနု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များ အဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံခဲ့သည်။
ယခုတပတ် တနင်္လာနေ့မှ စတင်ကာ မြန်မာနိုင်ငံသို့ ၅ ရက်ကြာ အလည်အပတ် ရောက်ရှိလာသည့် မစ္စတာ ဂမ်ဘာရီသည် ရောက်သည့်နေ့မှာ စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းတို့နှင့် တွေ့ဆုံခဲ့ပြီးနောက် လေဘေးသင့် ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်သို့ သွားရောက်ခဲ့သည်။ ဧရာဝတီတိုင်းသို့ သွားရောက်မည့်ခရီးစဉ်ကို ရာသီဥတုကြောင့်ဟု ဆိုကာ ဖျက်သိမ်းခဲ့သည်။
အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ဂမ်ဘာရီတို့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက အစိုးရ ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးရန် ရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံလိုမှုအား ငြင်းပယ်ခဲ့သည်။
ယခုခရီးစဉ်မှာ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေးနောက်ပိုင်း စတုတ္ထအကြိမ်မြောက် လာရောက်သည့် ခရီးစဉ် ဖြစ်သည်။
မစ္စတာ ဂမ်ဘာရီ၏ ခရီးစဉ်အတွင်း ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ တိုက်ရိုက်တွေ့ဆုံရေး၊ တိုင်းပြည် စီးပွားရေး ပြန်လည်ဖွံ့ဖြိုး တိုးတက်စေရန် ဆောက်ရွက်ရေးနှင့် မြန်မာနိုင်ငံတွင် သူနှင့် အမြဲ ဆက်သွယ်နိုင်မည့် ဆက်သွယ်ရေး အရာရှိ ထားရှိရေးတို့အတွက် ဆောက်ရွက်သွားမည်ဟု ပြောဆိုခဲ့သည်။
ရန်ကုန်မြို့တွင်မူ လုံခြုံရေးများ တဖန် တိုးမြှင့်ချထားပြီး ဒေါ်အောင်ဆန်းစုကြည်က ကုလကိုယ်စားလှယ်ကို အတွေ့မခံသည့် သတင်းမှာ လူအများ စိတ်ဝင်စားစရာ ဖြစ်နေသည်။
|