သတင်း ပြည်တွင်းသတင်း အက်ဖ်အီးစီဈေး ခုန်တက်သွား
အက်ဖ်အီးစီဈေး ခုန်တက်သွား Print E-mail
ဇာနည်   
သောကြာနေ့၊ သြဂုတ်လ 22 2008 16:58 - မြန်မာစံတော်ချိန်

ချင်းမိုင်။     ။  မြန်မာ့မှောင်ခိုဈေးကွက်တွင် အက်ဖ်အီးစီ ဈေးနှုန်းသည် ရုတ်တရက် ခုန်တက်သွားရာ သုံးလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိသွားသည်။

မြန်မာဒေါ်လာဖြစ်သော အက်ဖ်အီးစီ တဒေါ်လာလျှင် ရက်အနည်းငယ် အတွင်းမှာပင် ၁၆ ရာခိုင်နှုန်း တက်သွားရာ ၈၅၀ ကျပ်မှ ၁၀၅၀ ကျပ် ဖြစ်သွားသည်။

ငွေပမာဏများများ ရောင်းဝယ်သော လက်ကြီးသမားများက အက်ဖ်အီးစီ တဒေါ်လာလျှင် ၁၁၀၀ ကျပ်အထိပင် အရောင်းအ၀ယ် ပြုနေကြသည်။ ယနေ့ ဒေါ်လာငွေ လဲလှယ်နှုန်းမှာ တဒေါ်လာလျှင် ၁၂၂၀ အထိ ရှိနေသည်။

အစိုးရ သတ်မှတ်ထားချက်အရ အက်ဖ်အီးစီ တဒေါ်လာနှင့် အမေရိကန် တဒေါ်လာ ညီမျှသည် ဆိုသော်လည်း အမှန်တကယ် အရောင်းအ၀ယ် ဖြစ်နေသည့် ပြင်ပဈေးကွက်တွင် ဈေးကွာဟမှုများ ရှိနေခဲ့ရာ ထုံးစံပင် ဖြစ်သော်လည်း နာဂစ်မုန်တိုင်း တိုက်ပြီးနောက် ဈေးကွာဟမှု သိသိသာသာ များပြားလာခဲ့သည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေများကို ခွင့်ပြုချက်မရဘဲ ကိုင်ဆောင်ခွင့် မရှိပေ။

ငွေကြေးနှစ်ခု ဈေးနှုန်းကွာဟမှုကြောင့် ကုလသမဂ္ဂ အဖွဲ့ကြီးပင် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ နာဂစ် မုန်တိုင်းဒဏ်သင့် ဘေးဒုက္ခသည်များအတွက် လှူဒါန်းရာတွင် အသုံးပြုမည့် အမေရိကန်ဒေါ်လာ ငွေကြေးကို မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ်သို့ ပေးသွင်းရပြီး ဘဏ်မှ အက်ဖ်အီးစီသာလျှင် ပြန်လည် ထုတ်ပေးသည့်အတွက် သုံးလအတွင်း အမေရိကန်ဒေါ်လာ ၁.၅၆ သန်းအထိ ဆုံးရှုံးခဲ့သည်ဟု ကုလသမဂ္ဂ အဖွဲ့ကြီးက ၀န်ခံ ပြောကြားခဲ့သည်။

ဝေဖန်ကန့်ကွက်မှုများစွာ ပေါ်လာပြီးနောက် ထိုသို့ ဆုံးရှုံးမှု မဖြစ်စေရန် နည်းလမ်း ရှာဖွေသွားမည်ဟု ကုလသမဂ္ဂ အဖွဲ့ကြီးက ပြောခဲ့သည်။

ယခုလ အစောပိုင်းအထိပင် အမေရိကန် တဒေါ်လာလျှင် မှောင်ခိုဈေးကွက်တွင် ပေါက်ဈေး ၁၂၁၅ ကျပ်ဖြစ်ပြီး အက်ဖ်အီးစီ တဒေါ်လာလျှင် ၈၅၀ ကျပ်ဖြစ်သည်။

လောလောဆယ် အက်ဖ်အီးစီ အ၀ယ်လိုက်လာနိုင်မှာ ဖြစ်သည့် အကြောင်းတခုမှာ လောင်စာဆီများ အက်ဖ်အီးစီဖြင့် ရောင်းချလာခြင်း ဖြစ်သည်။

ဒီဇယ်ဆီနှင့် သဘာဝဓာတ်ငွေ့တို့ကို ယနေ့မှ စတင်ပြီး တဂါလံလျှင် အက်ဖ်အီးစီ ၄၏၁၇ နှုန်းဖြင့် အစိုးရက ရောင်းချပေးလျှက် ရှိသည်။
 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved