အင်္ဂါ, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၀

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > NLD က မစ္စတာ ဂမ်ဘာရီနှင့် တွေ့ဆုံမှုအပေါ် အားရကျေနပ်မှု မရှိ

NLD က မစ္စတာ ဂမ်ဘာရီနှင့် တွေ့ဆုံမှုအပေါ် အားရကျေနပ်မှု မရှိ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


နယူးဒေလီ။ ။ မြန်မာပြည်ဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီနှင့် ယနေ့ညနေပိုင်းက တွေ့ဆုံပွဲအပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အားရကျေနပ်မှုမရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များဖြစ်သည့် ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ သခင်စိုးမြင့်၊ ဦးသန်းထွန်းနှင့် ဦးညွန့်ဝေတို့သည် မစ္စတာ ဂမ်ဘာရီကို ယနေ့ညနေ ၃ နာရီခန့်မှ စတင်ကာ ရန်ကုန်ရှိ အစိုးရဧည့်ဂေဟာတွင် မိနစ် ၂ဝ ကြာမျှ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပါတီပြောခွင့်ရပုဂ္ဂိုလ်က ယခုလို ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အားရကျေနပ်စရာအချက် ဘာမှမတွေ့ဘူး။ ကျနော်တို့ ဖြစ်စေချင်တာက ကုလသမဂ္ဂ ဆုံးဖြတ်ချက်အတိုင်းကို ဖြစ်စေချင်တာပဲ။ ကျနော်တို့ အမျိုးသား ရင်ကြားစေ့ရေးကို ဖြစ်စေချင်တာ” NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

ယခုတပတ် တနင်္လာနေ့မှ စတင်ကာ မြန်မာနိုင်ငံသို့ ၅ ရက်ကြာ အလည်အပတ် ရောက်ရှိလာသည့် မစ္စတာ ဂမ်ဘာရီသည် ရောက်သည့်နေ့မှာပင် နအဖ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းတို့နှင့် တွေ့ဆုံခဲ့ပြီးနောက် လေဘေးသင့် ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့သို့ သွားရောက်ခဲ့သေးသည်။

ယနေ့တွင် သူသည် ခွဲထွက် ဝံဿဿနု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များ အဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံခဲ့သေးသည်။

ယခုလို အင်အားစုများနှင့် တွေ့ဆုံခဲ့သည့်အပေါ် ဦးဉာဏ်ဝင်းက “ဘာမှ နိုင်ငံရေးပါတီမဟုတ်တဲ့ ဝံသာနုအဖွဲ့တွေ၊ ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) အဖွဲ့က လူတွေနဲ့ လျှောက်တွေ့နေတယ်။ အဲဒီပုဂ္ဂိုလ်တွေ အားလုံးသည်လည်း နအဖ ရဲ့ လက်အောက်ခံ အဖွဲ့တွေ ဖြစ်တယ်” ဟု ပြောသည်။

သူက ဆက်ပြီး “အမျိုးသား ရင်ကြားစေ့ရေးကိစ္စထက်ကို၊ ဒီကိစ္စမှအပဖြစ်တဲ့ ကျန်တဲ့ကိစ္စတွေမှာ သွားနေတာကို ကျနော်တို့က တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်။ အကျိုး ရှိ၊ မရှိဆိုတာ သူ သွားနေတဲ့၊ တွေ့နေတဲ့ ဟာတွေကြည့်ရင်တော့ ဘာမှ အားရစရာမရှိဘူး” ဟု ပြောသည်။

တွေ့ဆုံပွဲတွင် မစ္စတာဂမ်ဘာရီက သူ၏ ခရီးစဉ်အတွင်း ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ တိုက်ရိုက်တွေ့ဆုံရေး၊ တိုင်းပြည် စီးပွားရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံတွင် သူနှင့် အမြဲတမ်း ဆက်သွယ်နိုင်မည့် ဆက်သွယ်ရေး အရာရှိ ထားရှိရေးတို့အတွက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

၂ဝ၁ဝ ခုနှစ်တွင် နအဖ စစ်အစိုးရက ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲအား တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရန် လုပ်ဆောင်သွားမည်ဟူသည့် မစ္စတာ ဂမ်ဘာရီ၏ ပြောဆိုချက်အပေါ် NLD ခေါင်းဆောင်များက ၉ဝ ခုနှစ် ရွေးကောက်ပွဲအပေါ် မည်ကဲ့သို့ သဘောထားမည်ကို မေးခွန်းထုတ်ရာတွင် သူက ဖြေဆိုခဲ့ခြင်းမရှိကြောင်း ဦးဉာဏ်ဝင်းက ယခုလို ပြောသည်။

“၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲကို တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ပြောတဲ့အခါမှာ ကျနော်တို့က မေးခွန်းတခု မေးပါတယ်။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲကို ဘယ်လိုသဘောထားလဲလို့ သူ့ကိုမေးတဲ့အခါမှာ အဖြေမရပါဘူး။ နောက်တခုက သူ့ရဲ့ခရီးစဉ်လုပ်မှာက ဘာလဲလို့မေးတော့ ဒါကိုလည်း မဖြေပါဘူး။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီးပြီလားလို့ မေးတယ်။ သူက မတွေ့ရသေးဘူး၊ ကြိုးစားနေပါတယ်လို့ ဖြေပါတယ်” ဟု သူက ပြောသည်။

ယခုနှစ် မတ်လအတွင်းက မြန်မာနိုင်ငံသို့ နောက်ဆုံး အလည်အပတ်အဖြစ် ရောက်ရှိခဲ့သော မစ္စတာ ဂမ်ဘာရီသည် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သော်လည်း နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံနိုင်ခြင်း မရှိခဲ့ပေ။

ယခုခရီးစဉ်သည် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း စတုတ္ထအကြိမ်မြောက် လာရောက်သည့် မြန်မာပြည်ခရီးစဉ် ဖြစ်သည်။
 

Editor's choice

ဆရာ …. နှစ်ယောက် ….

ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်တို့က တဖက်နှင့် ဒုတိယကမ္ဘာစစ်မီးကြီးက လျှံလျှံညီးညီး တောက်လောင်၍ ...

အင်တာနက်သုံးသူ မှတ်တမ်းပြုစုရန် အာဏာပိုင်များညွှန်ကြား

အင်တာနက်ဆိုင်များတွင် လာရောက် အသုံးပြုသူများ၏ ကိုယ်ရေး အချက်အလက်များကို မှတ်တမ်း တင်ထားရမည်...

အလွမ်းစကား

News image

ကျမ ထောင်ဝင်စာတွေ့ဖို့ ကလေးမြို့ကို ရောက်နေတဲ့အချိန် ဖြစ်ပါတယ်။ ရတနာပုံအိမ်ကြီးရဲ့ တီဗီရှေ့မှာ အိမ်ရှင် ...

ဘိလပ်မြေဈေး ကျပ်တထောင်ကျော် မြင့်တက်

ဈေးကွက်အတွင်း ဝယ်လိုအားများနေသဖြင့် ဘိလပ်မြေဈေးနှုန်းများ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကျပ်တထောင်ကျော်...