အင်္ဂါ, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၀

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံ ၅ ရက်တာ ခရီးစဉ် စတင်တော့မည်

မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံ ၅ ရက်တာ ခရီးစဉ် စတင်တော့မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ။ ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီသည် အရှေ့တောင် အာရှနိုင်ငံသို့ ၅ ရက်ကြာ သွားရောက် လည်ပတ်ရန်အတွက် သောကြာနေ့က ထွက်ခွါသွားပြီ ဖြစ်သည်။

မစ္စတာ ဂမ်ဘာရီသည် ရန်ကုန်မြို့သို့ သြဂုတ်လ ၁၈ ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ပြီး၊ ဤခရီးစဉ်သည် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလအတွင်း သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွါးပြီးကတဲက စတုတ္ထမြောက် ခရီးစဉ် ဖြစ်သည်။

“မြန်မာနိုင်ငံ အတွင်းသို့ နောက်တကြိမ် သွားရောက်၍ ကုလသမဂ္ဂ အထွေထွေ ညီလာခံနှင့် ကုလအတွင်းရေးမှူးချုပ်တို့က ယုံကြည်စွာ ပေးအပ်ထားသော လုပ်ပိုင်ခွင့် တာဝန်ကို ထမ်းဆောင်သည့် အနေနှင့် အစိုးရနှင့် အခြားသက်ဆိုင်သော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို တွေ့ဆုံ ညှိနှိုင်းသည့် လုပ်ငန်းအား ဆက်လက် ဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်” ဟု မစ္စတာ ဂမ်ဘာရီက ကြေညာချက် ထုတ်ပြန်၍ ပြောကြားထားပါသည်။

စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံသို့ နိုင်ဂျီးရီးယား သံတမန်ကြီး၏ ခရီးစဉ်သည် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး အစခရီး နှစ်ပတ်လည် အချိန်နှင့်လည်း တိုက်ဆိုင်နေပါသည်။

၂ဝဝ၇ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် ထင်ရှားသော ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့ ခေါင်းဆောင်သည့် လမ်းလျှောက် ဆန္ဒပြပွဲတရပ် စတင် ပေါ်ထွက်လာခဲ့သည်။ အစိုးရက လောင်စာဆီ ဈေးနှုံးများကို ရုတ်တရက် အဆမတန် တိုးမြှင့်လိုက်သည့်အတွက် ထိခိုက် နစ်နာခဲ့ရသော သန်းပေါင်းများစွာသော ပြည်သူလူထုကြီးနှင့် တသားတည်းရှိကြောင်း ပြသရန် ဤလမ်းလျှောက် ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဤလမ်းလျှောက် ဆန္ဒပြပွဲသည် နိုင်ငံအဝှမ်း အတိုင်းအတာအားဖြင့် သေးငယ်သည့် ဆန္ဒပြပွဲ ကလေးများကို ပြောက်တိပြောက်ကျား ဖြစ်ပေါ်စေခဲ့သည်။ သို့သော် အစိုးရကို သပိတ်မှောက်ရန် တောင်းဆိုသည့် သံဃာတော်များ၏ လှုပ်ရှားမှုနှင့် ပူးပေါင်းမိသွားသောအခါ ဤလှုပ်ရှားမှုကြီးမှာ အရှိန်အဟုန် ရလာခဲ့သည်။ ဤလှုပ်ရှားမှုသည် ၁၉၉၈ ခုနှစ်ကဖြစ်ပွါးခဲ့သော လူထုအုံကြွမှုကြီးအပြီး အကြီးကျယ်ဆုံး ဆန္ဒပြပွဲကြီး တရပ်လည်း ဖြစ်သည်။

ဤလှုပ်ရှားမှုကို စစ်အစိုးရက စက်တင်ဘာလကုန်ပိုင်းတွင် ရက်ရက်စက်စက် အကြမ်းဘက် နှိမ်နင်းလိုက်ပြီးနောက် မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံသို့ အပြေးအလွှား သွားရောက်ကာ အစိုးရ အရာရှိကြီးများနှင့် ထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံခဲ့သည်။

ထိုခရီးစဉ်အပြီး အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အတိုက်အခံတို့အကြား ဆက်သွယ် ပေးနိုင်ရန် အတွက် ဆက်ဆံရေး ဝန်ကြီးအဖြစ် ဦးအောင်ကြည်ကို စစ်အစိုးရက ခန့်အပ် တာဝန်ပေးခဲ့သည်။

ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၅ ကြိမ်တိတိ ခဏတာ တွေ့ဆုံခဲ့ကြသော်လည်း ထိုတွေ့ဆုံမှုများမှ မည်သည့် လက်ဆုပ်လက်ကိုင် ပြနိုင်သော ရလဒ်မျှ ထွက်ပေါ်ခဲ့ခြင်း မရှိဟု ဝေဘန်သူများက ပြောကြားကြပါသည်။

မစ္စတာ ဂမ်ဘာရီ၏ ခရီးစဉ်ကို မူလက မေလအတွင်း သွားရောက်ရန် စီစဉ်ထားခဲ့သော်လည်း လူပေါင်း ၁၃၈ဝဝဝ မျှ သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ရပြီး လူပေါင်း ၂.၄ သန်းမျှ အိုးမဲ့အိမ်မဲ့ဖြစ် ဖျက်ဆီးခံခဲ့ရသည့် ပြင်းထန်ဆိုးရွား လှသောနာဂစ်ဆိုင်ကလုံး လေမုန်တိုင်းကြီး ဝင်ရောက် တိုက်ခတ်ခြင်း ခံခဲ့ရသည့်အတွက် ရွှေ့ဆိုင်းခဲ့ရသည်။

မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ ဤသို့ သွားရောက် လည်ပတ်မည် ဖြစ်သော်လည်း မစ္စတာဂမ်ဘာရီ မည်သည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခွင့်ရမည်ကို ယခုထိ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ရှိသည်။

လွန်ခဲ့သော ခရီးစဉ်အတွင်းကမူ အစိုးရအရာရှိများ၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့် ရခဲ့သည်။

၁၉၆၂ ခုနှစ် ကတည်းက နိုင်ငံကို အုပ်ချုပ်လာခဲ့သော မြန်မာစစ်အစိုးရသည် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွန်ခဲ့သော ၁၉ နှစ်အတွင်း ၁၂ ကျော်ကြာမျှ ထိန်းသိမ်းထားခဲ့သည်။
 

Editor's choice

အင်တာနက်သုံးသူ မှတ်တမ်းပြုစုရန် အာဏာပိုင်များညွှန်ကြား

အင်တာနက်ဆိုင်များတွင် လာရောက် အသုံးပြုသူများ၏ ကိုယ်ရေး အချက်အလက်များကို မှတ်တမ်း တင်ထားရမည်...

အလွမ်းစကား

News image

ကျမ ထောင်ဝင်စာတွေ့ဖို့ ကလေးမြို့ကို ရောက်နေတဲ့အချိန် ဖြစ်ပါတယ်။ ရတနာပုံအိမ်ကြီးရဲ့ တီဗီရှေ့မှာ အိမ်ရှင် ...

ဘိလပ်မြေဈေး ကျပ်တထောင်ကျော် မြင့်တက်

ဈေးကွက်အတွင်း ဝယ်လိုအားများနေသဖြင့် ဘိလပ်မြေဈေးနှုန်းများ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကျပ်တထောင်ကျော်...

ဆရာ …. နှစ်ယောက် ….

ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်တို့က တဖက်နှင့် ဒုတိယကမ္ဘာစစ်မီးကြီးက လျှံလျှံညီးညီး တောက်လောင်၍ ...