အင်္ဂါ, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၀

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > မစ္စတာဂမ်ဘာရီ ခရီးစဉ် တိုးတက်ဖွယ်မရှိဟု အတိုက်အခံများ ဝေဖန်ပြောကြား

မစ္စတာဂမ်ဘာရီ ခရီးစဉ် တိုးတက်ဖွယ်မရှိဟု အတိုက်အခံများ ဝေဖန်ပြောကြား

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်။ ။ ကမ္ဘာ့ကုလသမဂ္ဂ အထူးသံတမန် မစ္စတာ အီဗရာဟင် ဂမ်ဘာရီသည် မကြာမီ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်နှင့် ပတ်သက်ပြီး ပြည်တွင်းပြည်ပ မြန်မာ့အရေး လှုပ်ရှားသူ အတိုက်ခံများက တိုးတက်မှုဖြစ်ဖွယ် မရှိကြောင်း ယနေ့ ဝေဖန်လိုက်ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူး သံတမန် မစ္စတာ အီဗရာဟင် ဂမ်ဘာရီကို မြန်မာနိုင်ငံသို့ နောက်လ သြဂုတ်လလယ်ပိုင်း၌ မြန်မာစစ်အစိုးရက လာရောက် လည်ပတ်ပါရန် ဖိတ်ကြားခဲ့သည့်အပေါ် ယခုလို ဝေဖန် ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။

“မစ္စတာ ဂမ်ဘာရီက သူ့ရဲ့ တာဝန်တွေကို ပေါ်လွင်အောင်၊ ပီပြင်အောင် ဆောင်ရွက်ခဲ့တာလည်း မရှိဘူး။ ဒီနေ့အထိပေါ့နော်။ ဂမ်ဘာရီ အပါအဝင် ကုလသမဂ္ဂက ကိုယ်စားလှယ်တွေလာလို့ မြန်မာနိုင်ငံအနေနဲ့ ပြောင်းလဲသွားတာ၊ အလှည့်အပြောင်းတခု ဖြစ်လာတာ မရှိဘူး။ ဒါကြောင့်မို့လို့ အန်ကယ်တို့က အခုလာမယ့် ဂမ်ဘာရီရဲ့ ခရီးစဉ်ကို မမျှော်လင့်တာပါ” ဟု ပြည်တွင်းရှိ လွှတ်တော်ကိုယ်စားပြု ကော်မတီ (စီအာပီပီ) အတွင်းရေးမှူး ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။

စီအာပီပီသည် ၉ဝ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား ပါတီအချို့မှ ရွေးချယ်ခံရသူ လွှတ်တော်ကိုယ်စားလှယ် အများစု၏ ထောက်ခံမှုဖြင့် လွှတ်တော် ခေါ်ယူရေးအတွက် ဖွဲ့စည်းထားသည့် အဖွဲ့ကြီးဖြစ်သည်။

ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးအောင်နိုင်ဦးကလည်း “ဂမ်ဘာရီရဲ့ ခရီးစဉ်အရ သူက နိုင်ငံရေး လုပ်ငန်းတွေကို အထူးသဖြင့် လုပ်တာဖြစ်တဲ့အတွက် နိုင်ငံရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ကတော့ ထွေထွေထူးထူး အကျိုးရလဒ်တွေကတော့ ဖြစ်မယ်လို့တော့ ကျနော် မထင်ဘူး” ဟု ပြောသည်။

တိုင်းရင်းသားပါတီ တခုဖြစ်သည့် ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်ကလည်း “သူက လာတယ်ဆိုတဲ့အခါမှာ နှစ်ဖက်စလုံး မျှတအောင်လုပ်တာ သိပ်မတွေ့ဘူး။ သူက နအဖ ဘက်ကို လိုက်တယ်။ ဆန္ဒခံယူပွဲ အောင်မြင်ဖို့၊ နောက်ပြီးတော့ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ ဝင်နိုင်ဖို့၊ ဒေါ်စုကိုလည်း အဲဒီထဲမှာ ပါနိုင်ဖို့ ဘာညာ ဒီလောက်ပဲ သူပြောနေတယ်ဆိုတော့ ကျနော်တို့နဲ့ ဘာမှ စေ့စပ်မှု မရှိဘူးလို့ ကျနော် ပြောချင်တယ်” ဟု ပြောသည်။

မစ္စတာ ဂမ်ဘာရီသည် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် မေလအတွင်းက သွားရောက်ရန် ရှိခဲ့သော်လည်း မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုံး မုန်တိုင်းကြောင့် စစ်အစိုးရက ရက်ရွှေ့ဆိုင်းခဲ့သည်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားပြီးနောက်ပိုင်း မစ္စတာ ဂမ်ဘာရီသည် အရှေ့တောင် အာရှနိုင်ငံများသို့ ၃ ကြိမ် သွားရောက်ခဲ့သလို၊ မြန်မာစစ်အစိုးရ၏ ဆက်ဆံရေး ဝန်ကြီးနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံပွဲများ ဖြစ်မြောက်ရန် ဆောင်ရွက်နိုင်ခဲ့သည်။

သို့သော်လည်း ယခုလို တွေ့ဆုံမှုများမှ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် ရည်ရွယ်သည့် မည်သည့် အကျိုးဖြစ်ထွန်းမှု ရလဒ်များ ထွက်ပေါ်ခဲ့ခြင်း မရှိကြောင်း နိုင်ငံရေး အကဲခတ်များနှင့် မြန်မာ့အရေး လှုပ်ရှားသူများက ပြောဆိုခဲ့ကြသည်။
 

Editor's choice

အလွမ်းစကား

News image

ကျမ ထောင်ဝင်စာတွေ့ဖို့ ကလေးမြို့ကို ရောက်နေတဲ့အချိန် ဖြစ်ပါတယ်။ ရတနာပုံအိမ်ကြီးရဲ့ တီဗီရှေ့မှာ အိမ်ရှင် ...

အင်တာနက်သုံးသူ မှတ်တမ်းပြုစုရန် အာဏာပိုင်များညွှန်ကြား

အင်တာနက်ဆိုင်များတွင် လာရောက် အသုံးပြုသူများ၏ ကိုယ်ရေး အချက်အလက်များကို မှတ်တမ်း တင်ထားရမည်...

ဆရာ …. နှစ်ယောက် ….

ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်တို့က တဖက်နှင့် ဒုတိယကမ္ဘာစစ်မီးကြီးက လျှံလျှံညီးညီး တောက်လောင်၍ ...

ဘိလပ်မြေဈေး ကျပ်တထောင်ကျော် မြင့်တက်

ဈေးကွက်အတွင်း ဝယ်လိုအားများနေသဖြင့် ဘိလပ်မြေဈေးနှုန်းများ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကျပ်တထောင်ကျော်...