အင်္ဂါ, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၀

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဂမ်ဘာရီကို သြဂုတ်လတွင် လာရောက်ရန် မြန်မာစစ်အစိုးရ ဖိတ်ကြား

ဂမ်ဘာရီကို သြဂုတ်လတွင် လာရောက်ရန် မြန်မာစစ်အစိုးရ ဖိတ်ကြား

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ။ ။ စစ်အစိုးရနှင့် အတိုက်အခံများအကြား ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန် သြဂုတ် လလယ်ပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ပါရန် မြန်မာစစ်အစိုးရက မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် မစ္စတာ အီဗရာဟင် ဂမ်ဘာရီကို ဖိတ်ကြားခဲ့သည်ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့တွင် ထုတ်ဖေါ် ပြောဆိုလိုက်သည်။

နောက်လတွင် တိုင်းပြည်သို့ လာရောက်ပါရန် ဖိတ်ကြားချက်ကို မြန်မာစစ်အစိုးရက ပေးပို့ခဲ့သည်ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Marie Okabe က အင်္ဂါနေ့တွင် ထုတ်ဖေါ် ပြောဆိုသွားခြင်း ဖြစ်သည်။

မူလက မေလအတွင်း လာရောက်ရန် ဖြစ်သော်လည်း လူပေါင်း ၁၃၈ဝဝဝ ဦး သေဆုံးေ ပျာက်ဆုံးခဲ့ရသည့် မေလ ၂ ရက်နှင့် ၃ ရက်နေ့က တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုံးမုန်တိုင်းကြောင့် စစ်အစိုးရက ရက်ရွှေ့ဆိုင်းခဲ့သည်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာလတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအား ရက်စက်စွာ နှိမ်နင်းခဲ့ပြီးနောက် ဤ နိုင်ဂျီးရီးယားလူမျိုး သံတမန်ကြီးသည် အရှေ့တောင်အာရှ နိုင်ငံသို့ ၃ ကြိမ် လာရောက်ခဲ့ပြီး ဖြစ်သည်။

ဂမ်ဘာရီ၏ ခရီးစဉ်သည် စစ်အစိုးရနှင့် အထိန်းသိမ်းခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားပြုသည့် အတိုက်အခံများအကြား ဆွေးနွေးပွဲတရပ် ဖြစ်ပေါ်လာရေးအတွက် ကုလသမဂ္ဂက ကြိုးပန်းနေမှု၏ အစိတ်အပိုင်း တရပ်ဖြစ်သည်။

ယခင် ကုလအထူးသံတမန်ဟောင်း မစ္စတာ ရာဇာလီ အစ္စမေးလ်ထံမှ တာဝန်များကို လွှဲပြောင်းရယူခဲ့သည့် မစ္စတာ ဂမ်ဘာရီသည် စစ်အစိုးရ၏ ဆက်ဆံရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ဆွေးနွေးပွဲများ ပေါ်ပေါက်လာစေရန် ဆောင်ရွက်နိုင်ခဲ့သည်။ သို့သော် ဤဆွေးနွေးပွဲများမှ မည်သည့် အလုပ် ဖြစ်နိုင်လောက်သည့် ရလဒ်မှ ထွက်ပေါ်ခဲ့ခြင်းမရှိဟု ဝေဖန်သူများက ပြောဆိုကြသည်။

ဤသို့ ကုလသမဂ္ဂ၏ ကြိုးပန်းမှုများ ရှိနေလင့်ကစား စစ်အစိုးရသည် ယင်း၏ အစီအစဉ်များကို ပြောင်းလဲခြင်း မရှိဘဲ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် အတိုက်အခံအုပ်စုများ ပါဝင်ပတ်သက်ခြင်း မရှိသည့် ယင်းတို့၏ အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံအတိုင်း ဆက်လက် လျှောက်လှမ်းနေသည်။

ကုလသမဂ္ဂကမူ အတိုက်အခံများနှင့် တိုင်းရင်းသား လူမျိုးစုများ ပါဝင်ခွင့်ပြုသည့် လမ်းပြမြေပုံ တရပ်ကို တိုးချဲ့ကျင့်သုံးပါရန် မြန်မာစစ်အစိုးရ အုပ်ချုပ်သူများကို တိုက်တွန်း ပြောကြားခဲ့သည်။

သို့သော် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဖိအားများကို ဂရုမစိုက် မသိသလိုပြုကာ စစ်အစိုးရနှင့် သူတို့ စိတ်ကြိုက် ခေါင်းခေါက် ရွေးချယ်ထားသည့် ကိုယ်စားလှယ်များသာ ပါဝင်ရေးဆွဲထားသည့် ဖွဲ့စည်းပုံဥပဒေ မူကြမ်းကို မေလအတွင်းတွင် ဆန္ဒခံယူပွဲတရပ် ကျင်းပ၍ အတည်ပြုခဲ့သည်။

ထို့ပြင် ၂ဝ၁ဝ ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲတရပ် ကျင်းပ၍ ပါတီစုံဒီမိုကရေစီ အစိုးရတရပ်ကို ဖွဲ့စည်း တည်ထောင်သွားမည်ဟု ကြေညာခဲ့သည်။

အတိုက်အခံ အုပ်စုများနှင့် တိုင်းရင်းသား ခေါင်းဆောင်များက စစ်အစိုးရ၏ အစီအစဉ်ကို သဘောမတူဘဲ စစ်အစိုးရ၏ လမ်းပြမြေပုံနှင့် ဆန္ဒခံယူပွဲ၏ တရားဝင်မှုကို အသိအမှတ် မပြုဘဲ ပယ်ချပါရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုထားသည်။
 

Editor's choice

အင်တာနက်သုံးသူ မှတ်တမ်းပြုစုရန် အာဏာပိုင်များညွှန်ကြား

အင်တာနက်ဆိုင်များတွင် လာရောက် အသုံးပြုသူများ၏ ကိုယ်ရေး အချက်အလက်များကို မှတ်တမ်း တင်ထားရမည်...

ဆရာ …. နှစ်ယောက် ….

ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်တို့က တဖက်နှင့် ဒုတိယကမ္ဘာစစ်မီးကြီးက လျှံလျှံညီးညီး တောက်လောင်၍ ...

ဘိလပ်မြေဈေး ကျပ်တထောင်ကျော် မြင့်တက်

ဈေးကွက်အတွင်း ဝယ်လိုအားများနေသဖြင့် ဘိလပ်မြေဈေးနှုန်းများ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကျပ်တထောင်ကျော်...

အလွမ်းစကား

News image

ကျမ ထောင်ဝင်စာတွေ့ဖို့ ကလေးမြို့ကို ရောက်နေတဲ့အချိန် ဖြစ်ပါတယ်။ ရတနာပုံအိမ်ကြီးရဲ့ တီဗီရှေ့မှာ အိမ်ရှင် ...