သတင်း ပြည်တွင်းသတင်း ကိုထင်ကျော်ကို တရားရုံး မထုတ်ဘဲ ရမန်ပေး
ကိုထင်ကျော်ကို တရားရုံး မထုတ်ဘဲ ရမန်ပေး Print E-mail
ဖနိဒါ   
သောကြာနေ့၊ ဂျူလိုင်လ 04 2008 16:01 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ လောင်စာဆီဈေးနှုန်း ကျဆင်းရေး ဦးဆောင် ဆန္ဒပြခဲ့သူ အဖမ်းဆီးခံ ကိုထင်ကျော်အား ယမန်နေ့က အင်းစိန်ထောင်အတွင်း ၅ ကြိမ်မြောက် ရုံးချိန်းရက် ဖြစ်သော်လည်း ရုံးမထုတ်ဘဲ ယမန်ပေးခဲ့သည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လိုလားသူများ အဖွဲ့ဝင် ကိုထင်ကျော်အား အကျဉ်းထောင်အတွင်း အနောက်ပိုင်းခရိုင် တရားရုံးမှ တရားသူကြီး ဦးဌေးဝင်း ပြောင်းရွှေ့သွားရာ တရားသူကြီးအသစ် ရောက်မလာသေးသဖြင့် လာမည့် ဇူလိုင်လ ၁၀ ရက်နေ့သို့ ထပ်မံ၍ ရုံးချိန်းရက် ပေးလိုက်ခြင်း ဖြစ်သည်။

“သူ့ကို စစ်နေတဲ့ အနောက်ပိုင်းခရိုင် တရားရုံးရှေ့နေက ပြောင်းသွားတယ်။ သူ့နေရာကို နောက်လာမယ့် တရားသူကြီးက မလာသေးဘူးဆိုပြီး မစစ်ဖြစ်တာပါ” ဟု ကိုထင်ကျော်၏ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။

ကိုထင်ကျော်အား ၂ဝဝ၇ ခုနှစ် မတ်လ ၂၂ ရက်နေ့က ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ၌ ဘုန်းကြီးဝတ်ခွင့် အတွက် ဆန္ဒပြတောင်းဆိုမှု၊ ၂ဝဝ၇ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က သင်္ကန်းကျွန်း စံပြဈေးတွင် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြမှု၊ သြဂုတ်လ ၂၅ ရက်နေ့က ရန်ကုန်သိမ်ကြီးဈေးတွင် ဆန္ဒပြမှု စသည့် အမှုတမှုစီအတွက် အစိုးရကို အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) တို့ဖြင့် တရားစွဲဆိုထားသည်။

အမှုများကို အနောက်ပိုင်းခရိုင် တရားရုံးမှ တာဝန်ယူ စစ်ဆေးနေကာ လက်ရှိတွင် ပန်းပဲတန်း မြို့နယ်၌ ဆန္ဒပြမှုနှင့် ပတ်သက်ပြီး သက်သေများကို စစ်ဆေးနေသည်မှာ မပြီးစီးသေးကြောင်း သိရသည်။

၂ဝဝ၇ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် မြန်မာစစ်အစိုးရက လောင်စာဆီ ဈေးနှုန်းများ အဆမတန် တိုးမြှင့်ခဲ့သည့်အပေါ် ဈေးနှုန်း ပြန်ချပေးရန် သြဂုတ်လ ၂၂ ရက်နေ့တွင် တောင်းဆို ဆန္ဒပြရေးအတွက် ကိုထင်ကျော်က ပြည်သူများအား တိုက်တွန်းနှိုးဆော်ခဲ့ပြီး သြဂုတ်လ ၂၅ ရက်နေ့ သိမ်ကြီးဈေး ဆန္ဒပြပွဲတွင် သူ့ကို အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ရှေ့နေ ဦးခင်မောင်ရှိန်က “ပြည်သူတယောက်က မကျေနပ်မှုကို တောင်းဆိုတာဟာ တကယ်တော့ ၁၂၄ (က) နဲ့ မငြိစွန်းဘူး။ နိုင်ငံတော် အကြည်ညို ပျက်စေတဲ့ကိစ္စ မဟုတ်ဘူးပေါ့နော်။ ကိုထင်ကျော်တို့က ဆန္ဒဖော်ထုတ်တာ ဖြစ်တဲ့အတွက်၊ ဒါတွေကလည်း အဖြစ်မှန် ဖြစ်တဲ့အပေါ်မှာ တောင်းဆိုတာ ဖြစ်တဲ့အတွက် နိုင်ငံတော်ကို အကြည်ညိုပျက်စေတာ မဟုတ်ဘူးဆိုတာကို အန်ကယ်တို့ ရုံးတော်မှာ လျှောက်ထားပါတယ်” ဟု ပြောသည်။

နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) သည် တသက်တကျွန်းနှင့် ထောင်ဒဏ် နှစ် ၂ဝ အထိ ကျခံရနိုင်ပြီး၊ နိုင်ငံတော် ငြိမ်ဝမ်ပိပြားမှုကို ပျက်ပြားစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) သည် ထောင်ဒဏ် ၂ နှစ် ကျနိုင်ရာ ပြစ်မှုမြောက်ခဲ့လျှင် အမြင့်ဆုံး နှစ် ၆ဝ နှင့် အနိမ့်ဆုံး ၆ နှစ် ကျခံရနိုင်သည်ဟု ဦးခင်မောင်ရှိန်က ပြောသည်။

ကိုထင်ကျော်သည် အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသည့် သံဃာတော်များ၊ ကျောင်းသားနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ထောင်တွင်း၌ ဆန္ဒပြခဲ့သလို၊ အကျဉ်းထောင်အတွင်း နိုင်ငံရေး အကျဉ်းသားများ လမ်းလျှောက်ခွင့် ရရေးလည်း တောင်းဆိုဆန္ဒပြဖူးကာ တတိယအကြိမ်တွင် “စစ်အာဏာရှင်စနစ် ကျဆုံးပါစေ” ဟု ကြွေးကြော် အော်ဟစ်သဖြင့် ၃ ကြိမ်မြောက် စစ်ခွေးတိုက်တွင် တိုက်ပိတ်ခံရသူ ဖြစ်သည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved