သတင်း ပြည်တွင်းသတင်း ချက်ဗလေ ဘတ်စ်ကားကြီးများ ရန်ကုန်မှ တဖြည်းဖြည်း ဆုတ်ခွါရတော့မည်
ချက်ဗလေ ဘတ်စ်ကားကြီးများ ရန်ကုန်မှ တဖြည်းဖြည်း ဆုတ်ခွါရတော့မည် Print E-mail
နန်းဒေဝီ   
ကြာသပတေးနေ့၊ ဂျူလိုင်လ 03 2008 19:11 - မြန်မာစံတော်ချိန်

နယူးဒေလီ။     ။ ရန်ကုန်မြို့တွင် အမှတ်အသား တခုဖြစ်နေခဲ့သော ဒုတိယကမ္ဘာစစ် လက်ကျန် ချက်ဗလေ ဘတ်စ်ကားကြီး အစီးရေ ၄ဝဝ ကျော်ကို တဖြည်းဖြည်းချင်း လျှော့ချသွားကာ ယာဉ်လိုင်းပြေးဆွဲခွင့် ရုပ်သိမ်းတော့မည် ဖြစ်သည်။

မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိမ်းသိမ်းရေး (မထသ) မှ ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသည့် သစ်သားဖြင့် ရောစပ်ထားသော ကိုယ်ထည် ရှိသည့် ချက်ဗလေ ကားများအား ခေတ်ပေါ်ကားများဖြင့် အစားထိုးရေး စီမံကိန်း စတင်လျက် ရှိသည်။

ရန်ကုန်မြို့တွင်း ယဉ်ကြောပိတ်ဆို့မှု လျော့ကျနိုင်ရန်အတွက် ဂျပန်မှ ထုတ်လုပ်သည့် City Bus များဖြင့် အစားထိုး ပြောင်းလဲ ပြေးဆွဲမည် ဖြစ်ကြောင်း မထသ မှ အမည်မဖော်လိုသူ တာဝန်ရှိသူတဦးက မဇ္ဈိမကို ယခုလို ပြောသည်။

“City Bus တွေကို သုံးတာပါ။ အခုတော့ ဂျပန်များတယ်။ အဟောင်းတွေက လူနည်းနည်းပဲ တင်လို့ရတယ်လေ။ City Bus ကျတော့ လူများများ တင်နိုင်တယ်။ လူများများဆန့်တဲ့ ကားတွေကို သုံးမှ မြို့ထဲမှာ ယဉ်ပိတ်ဆို့မှု နည်းသွားမှာပေါ့။ အရင်တုန်းက မြို့ထဲကို ၂ စီးဝင်ရပေမယ့် နောက်ပိုင်းတော့ တစီးပဲ ဝင်ရတဲ့ သဘော ဖြစ်သွားတာပေါ့” ဟု သူက ပြောသည်။

ချက်ဗလေများသည် အင်ဂျင်စက်များ ကောင်းနေဆဲ ဖြစ်သော်လည်း City Bus များသည် ခရီးသည် ပိုမိုဆန့်ခြင်းကလည်း အကြောင်းတရပ်ဟု မထသ အရာရှိက ပြောသည်။

ဓဇွန်လ ၁ ရက်ကတည်းက ကျနော်တို့ ရသလောက်နဲ့ ထိုးနေတာပဲ။ ကျနော်တို့က ဟိုကရောက်လာရင် ထိုးလိုက်တာပဲ။ ၁ဝ စီး ရောက်လိုက်၊ ၁၅ စီး ရောက်လိုက်ဆိုတော့၊ ဘယ်နှစ်စီး အစားထိုးမလဲ ဆိုတာတော့ မရှိပါဘူး။ ငွေရေးကြေးရေးပေါ်မှာပဲ မူတည်ပါတယ်။ စုစုပေါင်း အစီး ၆ဝ ကျော်ပဲ ရောက်ပါသေးတယ်” ဟု သူက ပြောသည်။

City Bus များသည် ပါရမီ လိုင်းကားများကဲ့သို့ပင် ယာဉ်စီးခ ခရီးသည်တဦး ကျပ်ငွေ ၂ဝဝ ဖြစ်ပြီး ခရီးသည် အထိုင်ကိုသာ ဦးစားပေးကာ မတ်တပ်စီး ခရီးသည်များ တင်ဆောင်ပါက ယဉ်မောင်းအား ဖမ်းဆီး အရေးယူလေ့ ရှိကြောင်းလည်း မထသ အရာရှိက ပြောသည်။

သို့သော်လည်း  ရန်ကုန် ဆင်ခြေဖုံးမြို့များဖြစ်သည့် သာကေတ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ စသည့် မြို့နယ်များတွင် ချက်ဗလေ ဘတ်စ်ကားများ ဆက်လက် အသုံးပြုဆဲ ဖြစ်သည်။

လတ်တလော ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် လိုင်းကားစီးရေ စုစုပေါင်း ၅ဝဝဝ ကျော်ရှိသည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved