သတင်း ပြည်တွင်းသတင်း ‘ဒီပရင်္ဂ’ ကဗျာကြောင့် စာပေစိစစ်ရေး ဝန်ထမ်းတဦး ရာထူး လျှော့ချခံရ
‘ဒီပရင်္ဂ’ ကဗျာကြောင့် စာပေစိစစ်ရေး ဝန်ထမ်းတဦး ရာထူး လျှော့ချခံရ Print E-mail
နန်းဒေဝီ   
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 02 2008 18:30 - မြန်မာစံတော်ချိန်

နယူးဒေလီ။    ။ ‘ဒီပရင်္ဂ’ ခေါ် ဒီပဲယင်း သမိုင်းဝင်ကဗျာကို ဇွန်လထုတ် ချယ်ရီမဂ္ဂဇင်းတွင် ထည့်သွင်း ဖော်ပြခဲ့သဖြင့် စာပေစိစစ်ရေးမှ ထုတ်ဝေခွင့်ကဒ်ဌာန အကြီးတန်း စာရေးတဦးအား ပြီးခဲ့သည့်လ ၂၄ ရက်နေ့က ရာထူး လျှော့ချခဲ့သည်။

‘ဒီပရင်္ဂ’ ကဗျာ ထည့်သွင်းဖော်ပြမှုကြောင့် မဂ္ဂဇင်းတိုက်က တာဝန်ခံ အယ်ဒီတာအား အလုပ်ထုတ်ခဲ့သလို၊ ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ စာပေစိစစ်ရေးဌာန ထုတ်ဝေခွင့်ကဒ်ဌာနမှ အကြီးတန်းစာရေး ဒေါ်ယဉ်ယဉ်နွယ်လည်း စာကြည့်တိုက် တာဝန်ခံအဖြစ် ရာထူးလျှော့ချခံရခြင်း ဖြစ်သည်။

“ယဉ်ယဉ်နွယ်ကို ဌာန ပြောင်းခန့်လိုက်တယ်။ စာပေစိစစ်ရေး လက်အောက်ဌာနမှာပဲ။ ရာထူး လျှော့ချလိုက်တာပေါ့ဗျာ။ အကြီးတန်း စာရေး အဆင့်ကနေ ရိုးရိုးစာရေးအဆင့်။ မမေစုလှိုင် (စာစစ်မှူး) ကိုတော့ သတိပေးတယ်။ အရင် ရာထူးမှာပဲ ဆက်ထားတယ်။ သူက လူသစ်ဖြစ်တော့ အဲဒီလောက် အပြစ်ပေး မခံရဘူးပေါ့” ဟု စာပေစိစစ်ရေးနှင့် နီးစပ်သူ တဦးက ပြောသည်။

ယခုလို ရာထူးမှ လျှော့ချခဲ့ခြင်းသည် ယခင် ချယ်ရီမဂ္ဂဇင်းတိုက် ထုတ်ဝေခွင့် လက်မှတ်ကိုင်ဆောင်သူ ဆုံးပါးသွားသဖြင့် စာပေစိစစ်ရေးမူအရ ထုတ်ဝေခွင့်ကဒ်အား ပြန်အပ်ရမည် ဖြစ်သော်လည်း ထုတ်ဝေသူအသစ်မှ လက်ဆင့်ကမ်း ကိုင်ဆောင်ခဲ့သောကြောင့် ယခုလို အပြစ်ပေးခြင်း ဖြစ်သည်ဟု အပတ်စဉ်ထုတ် ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

“အရင်ကတည်းက ထုတ်ဝေခွင့်ကဒ် အဟောင်းကို ထုတ်ဝေသူအသစ်က ကိုင်တာကို မမြင်ဘဲနဲ့ အခုကျမှ ဒီကဗျာကြောင့် ပြဿနာ ရှာတာပေါ့။ နောက် စာစစ်မှူးက ကဗျာပါသွားတယ်လေ။ သူက ကဗျာကို စိစစ်ဖတ်ရတာ။ ပါသွားတော့ သူ သတိပေးခြင်း ခံရတာပါ” ဟု သူက ပြောသည်။

ယခုလို ရေးသား ထုတ်ဝေခဲ့သည့် ကဗျာကြောင့် ချယ်ရီမဂ္ဂဇင်းတိုက်အား  အာဏာပိုင်များက ဖိအားပေးခဲ့ရာ တာဝန်ခံ အယ်ဒီတာ ကိုဌေးအောင် အလုပ်မှ ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ရန်ကုန် စာနယ်ဇင်း အသိုင်းအဝိုင်းက ပြောသည်။

ချယ်ရီ မဂ္ဂဇင်း၏ စာမျက်နှာ ၇ တွင် သမိုင်းဝင်အမည် ‘ဒီပရင်္ဂ’ မြို့ ခေါ် ဒီပဲယင်းတွင် သမိုင်းရာဇဝင်တွင် နာမည်ကျော်ကြား လူသိများသည့် ရှေးပညာရှင်များနှင့် စစ်သူကြီး မဟာဗန္ဓုလ ကဲ့သို့သော သူရဲကောင်းများ မွေးဖွားရာဒေသ ဖြစ်ခဲ့သော်လည်း ယခုအခါ သစ္စာဖောက်များ မွေးဖွားရာ၊ သူရဲကောင်းများ ပျောက်ဆုံးခဲ့ရကာ လူငယ်လေးတဦး ဆိုင်ကယ် ကျပျောက်ရာမှ အမျိုးသမီးတဦး သေကံမရောက် အသက်မပျောက်ခဲ့သည့် မြို့၊ အံကြိတ် တက်ခေါက်ရသည့် အဖြစ်အပျက်များ ရှိခဲ့သည်ဟု ကဗျာရေးသူက ၎င်းမြို့ရှိရာ မုံရွာ-ရေဦး ကားလမ်းပေါ်မှ ဖြတ်သွားရာတွင် ဖြစ်ပေါ်လာသည့် ခံစားချက် အထိတ်တလန့် ဖြစ်ရပုံကို ရေးသားထားသည်။

၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့က အထက်မြန်မာပြည် စည်းရုံးရေးခရီး ဆင်းနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ပါတီဝင်များကို စစ်အစိုးရ အာဏာပိုင်များ၏ အနီးကပ် ကွပ်ကွဲမှုဖြင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်များ က စစ်ကိုင်းတိုင်း ဒီပဲယင်း ဒေသအနီးတွင် အကြမ်းဖက် ရိုက်နှက် သတ်ဖြတ်ခဲ့ကြသည်။
 

သူတို့စကား

"မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ရှိသေးတယ်လို့ ကျမတို့ ယုံကြည်တယ်"

နာဗီ ပီးလေး
ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး