သတင်း ပြည်တွင်းသတင်း Ecovision သတင်းထောက်အမှု ရက်ချိန်း ထပ်ပေး
Ecovision သတင်းထောက်အမှု ရက်ချိန်း ထပ်ပေး Print E-mail
ဖနိဒါ   
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 02 2008 17:59 - မြန်မာစံတော်ချိန်

ချင်းမိုင်။    ။ နာဂစ်မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များ၏ သတင်း လိုက်လံစုံစမ်းသဖြင့် ဖမ်းဆီးခံရသူ Ecovision ဂျာနယ်မှ သတင်းထောက် မအိမ့်ခိုင်ဦးကို ယနေ့တွင် ရုံးထုတ်သော်လည်း မစစ်ဆေးဘဲ ရမန်ယူခဲ့သည်။

ယနေ့ တာမွေမြို့နယ် တရားရုံးတွင် ရုံးချိန်းရက် ဖြစ်သော်လည်း မအိမ့်ခိုင်ဦးနှင့် အမှုတွဲဖြစ်သူ ကိုကျော်ကျော်သန့်တို့၏ ရှေ့နေများမှ အမှုတွဲကို ထပ်မံ လေ့လာလိုသေးသဖြင့် ဇူလိုင် ၁ဝ ရက်နေ့တွင် စစ်ဆေးပါရန် ထပ်မံ၍ ရမန်သာ ယူခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ ရုံးထုတ်တယ် မစစ်ဖြစ်ဘူး။ ရုံးချိန်းက နှစ်ချိန်းရှိပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဦးတို့ကနေပြီးတော့ ဒီနေ့ power တင်တယ်။ အမှုတွဲကို မလေ့လာရသေးဘူး။ ဒါကြောင့် ရုံးချိန်းပေးပါ၊ တိုင်းရုံးမှာလည်း အမှုတွေ ရှိနေသေးလို့ဆိုပြီး မစစ်တာပါ” ဟု အကျိုးဆောင်ရှေ့ ဦးခင်မောင်ရှိန်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁ဝ ရက်နေ့က မြောက်ဒဂုံမြို့နယ်ရှိ လေဘေးဒုက္ခသည်များက ရန်ကုန်မြို့ရှိ နိုင်ငံတကာမှ အစိုးရမဟုတ်သောအဖွဲ့ (NGO) များထံ သွားရောက်၍ အကူအညီ တောင်းခံရာ၌  မအိမ့်ခိုင်ဦးက သတင်းလိုက်ယူရာ တာမွေမြို့နယ် နတ်မောက်လမ်းရှိ ကုလ ဖွံ့ဖြိုးရေး အစီအစဉ် ရုံးရှေ့ (UNDP) တွင် အဖမ်းခံရခြင်း ဖြစ်သည်။ သူနှင့်အတူ ထိုနေ့က ကိုကျော်ကျော်သန့် ဆိုသူလည်း အဖမ်းခံခဲ့ရပြီး အမှုတွဲ တခုတည်းအဖြစ် ဖွင့်ခံထားရသည်။

သူတို့အား ပြစ်ဒဏ်ကို ၂ နှစ်အထိ ချမှတ်နိုင်သည့် လူထုကို ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တရားစွဲဆိုထားသည်။

ရှေ့နေ ဦးခင်မောင်ရှိန်က “ဒီဥပဒေနဲ့ ပတ်သက်လို့ မငြိစွန်းဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မအိမ့်ခိုင်က သတင်းထောက် ဖြစ်တယ်။ သတင်း ရယူဖို့ အတွက်က ဒီသတင်းကို မမှန်မကန်ဖြစ်လို့ မမှန်မကန် သတင်းကို တခြား သတင်းဌာနကို ပို့ထားတာလည်း မဟုတ်ဘူးနော်။ ဒါပေမဲ့ အဲဒါကို ရုံးတော်မှာ ဘယ်လိုလာမလဲ မသိဘူး။ တခြား အကြောင်းအရာတွေ ရှိအုံးမလားတော့ မသိသေးဘူး” ဟု ပြောသည်။

Ecovision ဂျာနယ်ကို ၂ဝဝ၆ ခုနှစ် စက်တင်ဘာလတွင် စတင် ထုတ်ဝေခဲ့ကာ စာမျက်နှာ ၄၈ မျက်နှာ ပါရှိပြီး ယခင်က စီးပွားရေး ကဏ္ဍကိုသာ ဦးစားပေး ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်တွင်းနှင့် နိုင်ငံတကာအပြင် ကျန်းမာရေး ကဏ္ဍနှင့် ဆောင်းပါးများကိုပါ ထည့်သွင်းရေးသား ထုတ်ဝေသည့် အပတ်စဉ်ထုတ် ရန်ကုန်အခြေစိုက် ဂျာနယ်ဖြစ်သည်။

သတင်းထောက်များနှင့် စစ်အစိုးရတွင် ဖြစ်ပွားသော အခြားသော အမှုတခုတွင်မူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရသော မြန်မာနေးရှင်းမှ အယ်ဒီတာချုပ် ဦးသက်ဇင်နှင့် ရုံးအုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းမောင်တို့ကိုလည်း ယမန်နေ့က ရုံးထုတ် စစ်ဆေးခဲ့ကြောင်းနှင့် သူတို့ကို ပုံနှိပ်အက် ဥပဒေအရ ပုဒ်မ ၁၇/၂ဝ ဖြင့် တရားစွဲဆိုထားကာ သက်သေများကို စစ်ဆေးခြင်း မရှိဘဲ ရုံးထုတ်ခဲ့ကြောင်း အကျိုးဆောင်ရှေ့နေ ကိုဖိုးဖြူက ပြောသည်။

အာဏာပိုင်များက မြန်မာနေးရှင်း ဂျာနယ်တိုက်အား ဝင်ရောက် ရှာဖွေရာ ကုလ လူ့အခွင့်အရေးဆိုင်ရာ မြန်မာနိုင်ငံ ကိုယ်စားလှယ် မစ္စတာ ပီညဲရိုး၏ လူ့အခွင့်အရေး အစီရင်ခံစာ၊ ရှမ်းအမျိုးသားခေါင်းဆောင် ဦးရွှေအုန်း၏ မပြိုကွဲနိုင်သော ပြည်ထောင်စုကြီးကို တည်ဆောက်ကြပါစို့ စာအုပ် အပါအဝင် ရွှေဝါရောင် တော်လှန်ရေးအတွင်း သံဃာတော်များ ဆန္ဒပြနေသည့် မှတ်တမ်းတင် စီဒီချပ်ကို စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က စစ်ဆေး တွေ့ရှိပြီးနောက် တာဝန်ရှိသူ သူတို့နှစ်ဦးကို ဖမ်းဆီးကာ ဂျာနယ် ထုတ်ခွင့်ကိုပါ ပိတ်ပင်ထားခဲ့သည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved