သတင်း ပြည်တွင်းသတင်း ဝေါလေခီးကို ကေအန်ယူက ပြန်လည်သိမ်းပိုက်
ဝေါလေခီးကို ကေအန်ယူက ပြန်လည်သိမ်းပိုက် Print E-mail
သန်းထိုက်ဦး   
ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ 02 2008 15:48 - မြန်မာစံတော်ချိန်

ချင်းမိုင်။    ။ မကြာသေးခင်က လက်လွှတ် ဆုံးရှုံးခဲ့သည့် ဝေါလေခီးစခန်းကို ကရင်သူပုန်များက နောက်တရက်တွင် ပြန်လည် သိမ်းပိုက်လိုက်သည်။

ဇွန်လ ၃ဝ ရက်နေ့ နံနက်တွင် DKBA ခေါ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် ၉ဝ၇ တပ်ဖွဲ့က နအဖ စစ်တပ်ဖွဲ့နှင့် ပူးတွဲကာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း ၂ဝ၁ တပ်စွဲထားရာ ဝေါလေခီး ဒေသအား ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ရာမှ နောက်တရက် နံနက်တွင် KNLA က ပြန်လည်ထိုးစစ်ဆင်ကာ ည ၉ နာရီခန့်တွင် သိမ်းပိုက်နိုင်ခြင်း ဖြစ်သည်။

“အားလုံး ပြန်သိမ်းလိုက်နိုင်ပြီ။ မနေ့ နေ့ခင်းတုန်းက တဝက် သိမ်းထားပြီးပြီ။ ညတုန်းက သူတို့ အကုန် ပြန်ဆုတ်သွားတော့ စခန်းက ရှင်းသွား ပြီ” ဟု နိုင်ငံရေး ဦးဆောင်အဖွဲ့ကြီး ဖြစ်သော ကရင်အမျိုးသား အစည်းအရုံး KNU ဗဟို သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ပဒိုစောလှငွေက ပြောသည်။

KNLA တပ်သား ၆ဝ နှင့် DKBA တပ်သား ၈ဝ ခန့်အကြား တနေကုန် အပြင်းအထန် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ 

ပဒိုစောလှငွေက “ဟိုဘက် (နအဖ) ၂၈၄ တပ်တွေကလည်း တောင်ကုန်းပေါ်ကနေ လက်နက်ကြီးတွေနဲ့ ကူပစ်ပေးတယ်။ ပစ်တော့ ထိုင်းဘက် လည်း ကျတယ်။ သူတို့ဘက်လည်း ကျ၊ ကိုယ့်ဘက်လည်း ကျ။ ကိုယ့်ဘက်က အထိအခိုက် မရှိဘူး။ ကျနော်တို့ ပစ်တာနဲ့ ရန်သူပစ်တဲ့ လက်နက်ကြီး သူတို့ပေါ်ကျတာ ဘယ်လောက်ရှိမလဲ မပြောတတ်ဘူး” ဟု ပြောသည်။

ယခုအခါ ဝေါလေခီးကို KNLA မှ ဒုဗိုလ်မှူးကြီး ကဲထူးက ကွပ်ကဲနေပြီ ဖြစ်သည်။

တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ရာ၌ KNLA တပ်သားတဦး ကျဆုံးသော်လည်း၊ DKBA ဘက်တွင် ထိခိုက်ကျဆုံး မည်မျှ ရှိသည်ကို မသိရပေ။ 

တိုက်ပွဲဖြစ်ရာ ဝေါလေခီး ဒေသသည် ထိုင်း-မြန်မာ နယ်စပ်မြို့ မဲဆောက်၏ တောင်ဘက် ၄၅ ကီလိုမီတာခန့်တွင် တည်ရှိသည်။

ယခုအခါ ထိုင်းအာဏာပိုင်များက နယ်စပ်တလျှောက်တွင် လုံခြုံရေးတပ်များ တိုးမြှင့် ချထားလာသည်။
 

သူတို့စကား

"တဘက်သတ် ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခြင်းသည် အတိုင်းအတာ တခုအထိသာ အကျိုး သက်ရောက်မှု ရှိနိုင်ပါသည်။ ထို့ကြောင့် အခြားနိုင်ငံများ အနေဖြင့်လည်း ဤကိစ္စတွင် ပါဝင် ပူးပေါင်းရပါမည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် အိမ်နီးချင်း နိုင်ငံအချို့သည် ဤသို့ ပူးပေါင်းပါဝင်ရန် စိတ်ပါဝင်စားမှု မရှိကြပါ"

ဂျော့ ဘုရှ်

အမေရိကန် သမတ

© Copyright 1998 - 2008 Mizzima News. All Rights Reserved