သတင်း ပြည်တွင်းသတင်း မစုစုနွေး ထောင်နံရံကို ခေါင်းနဲ့ဝင်တိုက်
မစုစုနွေး ထောင်နံရံကို ခေါင်းနဲ့ဝင်တိုက် Print E-mail
ဖနိဒါ   
တနင်္လာနေ့၊ ဇွန်လ 30 2008 20:00 - မြန်မာစံတော်ချိန်

ချင်းမိုင်။    ။ အင်းစိန်ထောင်အတွင်း ချုပ်နှောင်ခံထားရသည့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးသည် ထောင်ဝန်ထမ်းများနှင့် စကားများပြီး အုတ်နံရံကို ခေါင်းနှင့် ဆောင့်သဖြင့် လွန်ခဲ့သည့် နှစ်ရက်က သတိမေ့မျောခဲ့သည်ဟု သူမ၏ ဆွေမျိုးတဦး အပြောအရ သိရသည်။ 

“အခန်းကျဉ်းထဲမှာ နေရချိန် များလာတဲ့အတွက် နှလုံးရောဂါရှိတဲ့ မစုစုနွေးမှာ အသက်ရှူမဝ ဖြစ်လာလို့ တံခါးဖွင့်ပေးဖို့ ထောင်ဝန်ထမ်း အမျိုးသမီးကို တောင်းဆိုပါတယ်။ ထောင်ဝန်ထမ်းတွေက တံခါးဖွင့်ပေးပေမယ့် စိတ်အနှောင့်အယှက် ဖြစ်အောင် ပြုမူတဲ့အပေါ် မကျေနပ်တဲ့ အတွက် အုတ်နံရံကို ခေါင်းနဲ့ဆောင့်ရာက သတိမေ့ လဲကျသွားတယ်” ဟု မစုစုနွေး၏ အမဖြစ်သူ ဒေါ်ဌေးဌေးကြည်က မဇ္ဈိမကို ပြောသည်။

နှလုံးရောဂါ ဝေဒနာရှင် မစုစုနွေးကို ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်တွင် မြရိပ်ညို ဟိုတယ်ရှေ့တွင် အစိုးရ ဆန့်ကျင်ရေး စာတမ်းချိတ်ဆွဲစဉ် အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ သူတို့ကို ဥပဒေနှင့် ဆန့်ကျင်သည့် လူစုလူဝေးတွင် ပါဝင်မှု  ပုဒ်မ ၁၄၃၊ ၁၄၇၊ နိုင်ငံတော် ငြိမ်ဝမ်ပိပြားမှုကို ပျက်ပြားစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅(ခ)၊ အစိုးရကို အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲဆိုထားသည်။

“သက်သေတွေက တကယ်ပြန်ကြည့်ရင် စာတမ်းချိတ်တာက ဘာမှ အငြင်းမပွားဘူး။ ဒါကတော့ ပြည်ပအားကိုး ပုဆိန်ရိုး ဆိုပြီးတောင် လုပ်သေးတယ်ဆိုတော့၊ ဝတ်ပြု ဆုတောင်းတာက ဥပဒေနဲ့မှ မငြိစွန်းတာ။ ပထမတော့ စာတမ်း၊ ဆုတောင်းပွဲကိစ္စ ပြီးသွားပြီး၊ ပြန်လုပ် ပေးတယ်” ဟု မစုစုနွေး၏ အကျိုးဆောင်ပေးနေသည့် ရှေ့နေ ဦးမြင့်သောင်းက ပြောသည်။

သူက “မစုစုနွေးကတော့ သူ အမှန်တရားကို လုပ်တဲ့အတွက်ကြောင့် သူက ဘာမှ စိတ်ဓာတ်မကျဘူး။ ကျနော်တို့ အနေနဲ့လည်း မတရားမှု တွေကို ကျနော်တို့က အမှန်တရားအတွက် လုပ်ပေးရတဲ့အတွက်ကြောင့် ဘာမှ စိတ်ပျက်စရာ မရှိပါဘူး” ဟု သူက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်တွင် သူတို့နှစ်ဦးအား အင်းစိန်ထောင်အတွင်း အနောက်ပိုင်း ခရိုင်တရားမှ ရုံးချိန်းရက်အဖြစ် သတ်မှတ်ခဲ့သော်လည်း တရားသူကြီး ဦးဇော်ဝင်းရွှေ ပြောင်းရွှေ့သွားပြီး တရားသူကြီးအသစ် ဦးညီညီစိုး ရောက်ရှိလာသဖြင့် သူက အမှုနှင့် ပတ်သက်ပြီး စစ်ဆေးရန် အမိန့်မချသေးဘဲ လာမည့်လ ၉ ရက်နေ့သို့ ရမန်ပေးခဲ့သည်။
 
Mizzima Translation Service
Contact: mizzima.news@gmail.com

သူတို့စကား

"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။"

ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်

© Copyright 1998 - 2008 Mizzima News. All Rights Reserved