|
မူးယစ်ဆေးဝါး ဆန့်ကျင်ရေး ကချင်ကျောင်းသားများ လှုံ့ဆော် |
|
|
|
မျိုးကြီး
|
|
ကြာသပတေးနေ့၊ ဇွန်လ 26 2008 17:15 - မြန်မာစံတော်ချိန် |
ရွှေလီ။ ။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုံ့ဆော်စာများ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ လူစည်ကားရာ နေရာများတွင် ယနေ့ နံနက်ပိုင်းက လိုက်လံကပ်ခဲ့ကြောင်း စစ်အစိုးရ အတိုက်အခံ ကျောင်းသား အဖွဲ့အစည်း တခုက ပြောသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ကျရောက်သည့် ယနေ့တွင် “မူးယစ်ဆေးဝါး ... အလိုမရှိ၊ တိုက်ဖျက်ကြ”၊ 'No Drug' ဟူသည့် စာသားများကို A4 ဆိုဒ် စာရွက်တွင် ရေးသားကာ လူစည်ကားရာ လမ်းဆုံလမ်းထောင့်၊ ရပ်ကွက်များနှင့် အမှတ် (၁) (၂) ဈေးများတွင် ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ (AKSU) က လိုက်လံကပ်ခဲ့ခြင်းဖြစ်သည်။
“မူးယစ်ဆေးဝါးကို နေရာတိုင်းမှာ ရနိုင်တယ်။ လူငယ်ထုရဲ့ ၅ဝ ရာနှုန်းက ဘိန်းမစားတတ်သူ မရှိဘူး။ ဒီ ဆိုးရွားလွန်းတဲ့ အခြေအနေကို ကမ္ဘာသိအောင် လုပ်တာဖြစ်တယ်” ဟု သမဂ္ဂအဖွဲ့ဝင် ကိုမာဘရမ်က ပြောကာ စုစုပေါင်း စာရွက် ၂ဝဝ ခန့် လိုက်ကပ်ခဲ့သည်ဟု ဆိုသည်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဖြစ်သော်လည်း အတိုက်အခံ အဖွဲ့အစည်း ဖြစ်သဖြင့် အာဏာပိုင်များက လိုက်လံ ခွာယူခဲ့သည်ဟု သူက ပြောသည်။
AKSU အဖွဲ့ဝင်များက ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲနေသည်မှာ စိုးရိမ် ထိတ်လန့်ဖွယ် အခြေအနေ ဖြစ်သဖြင့် ယခုလို မူးယစ်ဆေးဝါး ဆန့်ကျင်ရေး ပိုစတာများ လိုက်လံ ဖြန့်ရခြင်း ဖြစ်ကြောင်း ပြောသည်။
မြစ်ကြီးနားမြို့ပေါ်တွင် ဖေါ်မြူလာ၊ ဒိုင်ရာဆီပင်၊ ဆေးခြောက်၊ ဘိန်းဖြူ၊ ဘိန်းမဲ၊ ရာဘ အစရှိသည့် မူးယစ်ဆေးဝါးမျိုးစုံ ရောင်းဝယ် ဖောက်ကား မှု ရှိနေကာ ဖေါ်မြူလာ တပုလင်းလျှင် ကျပ် ၈ဝဝဝ ခန့်၊ ဘိန်းဖြူသည် ပင်နယ်ဆလင် အဖုံးတဖုံးလျှင် ကျပ် ၁၅ဝဝ မှ ၂ဝဝဝ အထိ၊ စိတ်ကြွ ရူးသွပ်ဆေးပြား တလုံးလျှင် ကျပ် ၈ဝဝဝ မှ ကျပ်တသောင်း၊ ပိတ်စတွင် ကပ်ထားသည့် ပိတ်ဘိန်း တကျပ်သားလျှင် ကျပ်တသောင်းနီးပါး ပေါက်ဈေးရှိသည်။
တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအတွင်းလည်း မူးယစ်ဆေး သုံးစွဲမှုများ ရှိနေသလို ကျောက်တွင်း၊ ရွှေမှော်များတွင် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြသည်။
မူးယစ်ဆေးဝါး ရောင်းဝယ်မှုအတွင်း ရဲ၊ ရှေ့နေ၊ တရားရေးဝန်ထမ်း၊ ထောင်မှူးနှင့် ဝန်ထမ်းများလည်း ပါဝင် ပတ်သက်နေသည်ဟု ဆိုသည်။
ကိုမာဘရမ်က ဓရဲ၊ ရှေ့နေ၊ ထောင်မှူး၊ တရားသူကြီးကအစပေါ့။ ဘိန်းဖြူ ၂ ကီလို ဖမ်းမိတယ်ဆိုရင် အပြစ်နည်းအောင် တကီလိုပဲ စာရင်းတင်ပေးမယ်။ ဆေးစစ်တဲ့အခါ ဆေးအောင်အောင် လုပ်ပေးမယ်။ အမှုက လွတ်အောင် လုပ်ပေးမယ်။ ငွေပေးပါ။ အဲလိုမျိုးတွေ အများကြီး ဖြစ်နေတယ်။ ဆေးရောင်းတဲ့သူက မရောင်းချင်တော့ပါဘူးလို့ ပြောတာတောင် ဆေးရောင်းဖို့ ရဲက ဆေးထုတ်ပေးတာ လုပ်တာမျိုးလည်း ရှိတယ်” ပြောသည်။
လူငယ်များအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု ကျယ်ပြန့်နေခြင်းကို AKSU က သုတေသန လုပ်နေပြီး အထူးသဖြင့် ဖားကန့် ကျောက်စိမ်းမှော် ဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲမှုမှာ အဆိုးရွားဆုံး ဖြစ်နေကြောင်းနှင့် HIV/AIDS ကူးစက်ခံရမှုများမှာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိကြောင်း လေ့လာတင်ပြထားသည့် စာအုပ်တအုပ် မကြာခင် ထုတ်ဝေရန် ရှိသည်။
ကိုမာဘရမ်က “အများဆုံးက ဖားကန့်မှာ ဖြစ်တယ်။ အသက်အရွယ် အစုံပဲ။ ကျောက်တူး ရေမဆေးကျောက် လုပ်ကိုင်သူတွေထဲမှာ အများဆုံး တွေ့ရတယ်။ ဘိန်းဖြူကို အကြောထဲ ထိုးသွင်းရာကနေတဆင့် အဲဒီကနေ လိင်လုပ်ငန်း လုပ်ကိုင်သူတွေ၊ တဆင့်တဆင့် ရောဂါ ကူးစက်ကြတယ်။ လက်ရှိ အဖွဲ့က စာရင်း ကောက်ထားသူတွေ ပြောတာကတော့ AIDS ရောဂါ ကူးစက်ခံရသူ သောင်းနဲ့ချီ ရှိနေပြီလို့ သိရတယ်” ဟု ပြောသည်။
AKSU အဆိုအရ ကချင်ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှုမှာ ပိုမို များပြားလာပြီး၊ ဟူးကောင်းချိုင့်ဝှမ်း၊ စတုန်းဒေသ၊ ပူတာအို၊ တနိုင်း၊ ဆွမ်ပရာဘွမ် ဧရိယာအထိ ကျယ်ပြန့်စွာ ရှိနေကာ ထွက်ရှိလာသည့် ဘိန်းများကို ဖားကန့်ကျောက်စိမ်းထွက် နယ်မြေများသို့ တင်ပို့ကာ ရရှိသည့်ငွေကို ကျောက်စိမ်း အရောင်းအဝယ် လုပ်ရင်း ငွေဖြူဖြစ်စေရန် ဖန်တီးနေကြသည်ဟု ဆိုသည်။
|